ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကု သို လ် မှ တ် စု

ကျော်သူ (နာရေးကူညီမှုအသင်း)
အောက်တိုဘာ ၃၀၊ ၂၀၁၂

• တဆင့်အလှူအတွက် တဆင့်အမျှဝေခြင်း
ရွှေစင်စင်္ကြာဟူသော အမည်နာမသည် မြန်မာပြည်တွင်း ခရီးသွားလာနေကြသော ခရီးသွားမိဘ ပြည်သူများအနေဖြင့် အကျွမ်းတဝင် ရင်းနှီးနေသော အမည်နာမတစ်ခု ဖြစ်ပေလိမ့်မည်။ ရွှေစင်စင်္ကြာ ခရီးသွား ပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းမှ မော်တော်ယာဉ်များအားလုံး၏ ကားလက်မှတ်များအား (၁.၁ဝ.၂ဝ၁၂) နေ့မှစ၍ (၁၉%) လျှော့ချကာ ခရီးသွား မိဘပြည်သူများ၏ ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စအဝဝများအား အဆင်ပြေ လွယ်ကူချောမွေ့စွာ လှုပ်ရှားသွားလာ ဆောင်ရွက်နိုင်ရန် အဓိကထား ရည်ရွယ်ကာ တိုင်းပြည်၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုအား တစ်ထောင့် တစ်နေရာမှ ပါဝင်ကူညီ ဆောင်ရွက်လျှက်ရှိသည်။

 

(၂၃.၁ဝ.၂ဝ၁၂) နေ့တွင် ကျရောက်မည်ဖြစ်သော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးလုပ်ငန်း၏ မွေးနေ့ အခါသမယတွင် ထူးခြားသော လှူဒါန်းမှုတစ်ခုကို ပြုနိုင်ရန်အတွက် နိုင်ငံရပ်ခြားတွင် ရောက်ရှိ နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူအား ဆက်သွယ်လာပါတော့သည်။ လှူဒါန်းမည့်ပစ္စည်းများအဖြစ် (၄၅) ယောက်စီး ခရီးသည်တင် အဝေးပြေး Express ကားကြီးတစ်စီးနှင့် ကော့မှူးမြို့နယ်မှ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ ရေရှည်အကျိုးအတွက် ကူညီရန် မွေးမြူရေး “ဝက်” အကောင် (၂၅ဝ) ခန့် ဝယ်ယူရန်အတွက် ညီမျှသော သိန်းတစ်ရာကျပ် နှင့်အတူ၊ အဆိုပါ လှူဒါန်းမှုအား လက်ခံရယူပေးမည့်ပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ချေ။ နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက်နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပေသည်။ နာရေးကူညီမှု အသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၏ အဝေးမှစီမံခန့်ခွဲမှုဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တွေ့ဆုံ လှူဒါန်းခွင့် တောင်းခံကာ (၂၃.၁ဝ.၂ဝ၁၂) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် လှူဒါန်းမှုပြုရန် စီစဉ်ခဲ့ကြသည်။ ဦးကျော်သူမှာ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသောကြောင့် ဦးကျော်သူကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့်အတူ ရွှေစင်စင်္ကြာအဖွဲ့သားများသည် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်ထံသို့ အထမြောက်စွာ လှူဒါန်းမှုပြုနိုင်ခဲ့သည်။ ရွှေစင်စင်္ကြာအဖွဲ့၏ မွေးနေ့အလှူ Express ကားကြီးလှူဒါန်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီလုပ်ငန်း တာဝန်များနှင့် အများပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်ရာတွင် လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ကော့မှူးမဲဆန္ဒနယ်ရှိ ကျေးလက်နေ ပြည်သူလူထုများအတွက် တနိုင် တပိုင် “ဝက်” မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လှူဒါန်းမှုပြုခဲ့ခြင်း ဖြစ်ပေသည်။ နေပြည်တော်တွင် လှူဒါန်းမှုပြုခဲ့သည့်အပြင် မြို့တော်ရန်ကုန်တွင်လည်း ရွှေစင်စင်္ကြာအဖွဲ့သားများသည် အမျိုးသား သွေးလှူဘဏ်တွင် သွေးပုလင်းပေါင်း (၈၃) လုံးကိုလည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်စွာဖြင့် လှူဒါန်းမှုပြု ခဲ့ကြပြန်သည်။

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းမှုများပြုလုပ်နေသော ပင်တိုင်အလှူရှင်များဖြစ်သလို ဗိုလ်ချုပ်အောင် ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက်ရည်ရွယ်၍ သိန်းတစ်ထောင်ကျပ်တိတိအား နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူမှ တဆင့် ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်သို့ လှူဒါန်းမှုပြုခဲ့ပြီးနောက် ဒုတိယအကြိမ်တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှတဆင့် ကော့မှူးမြို့နယ်ရှိ မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း (၂) ကျောင်းသို့ ဆန်အိတ် (၄) ပြည်ဝင် အိတ် (၂ဝဝဝ) အိတ်အား လှူဒါန်းခဲ့ကာ ယခု တတိယအကြိမ်တွင်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှတဆင့် (၄၅) ယောက်စီး ခရီးသည်တင် အဝေးပြေး Express ကားကြီးတစ်စီးနှင့် ကော့မှူးမြို့နယ်မဲဆန္ဒနယ်ရှိ ကျေးလက်နေ ပြည်သူလူထု အတွက်ရည်ရွယ်၍ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများအတွက် ဝက်အကောင်ရေ (၂၅ဝ) ခန့် ဝယ်ယူမွေးမြူနိုင်ရန် သိန်း (၁ဝဝ) ကျပ်တိ တိအား ဒေါ်အောင်ဆန်းစုကြည်လက်ဝယ်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှတဆင့် လှူဒါန်းမှုပြုခဲ့သည့်အတွက် တဆင့်အလှူဟူ၍ အမည်နာမ ခေါ်ဆိုလိုက်ကာ အများ ပြည်သူအပေါင်းတို့အားလည်း ယင်းတဆင့် အလှူပွဲအတွက် သာဓုခေါ်ဆိုနိုင်ရန်  တဆင့်အမျှ ဝေ လိုက် ရပါတော့သည်။

• ဖိုးခွား တာဝန်ကျေပါတယ် အမေရယ်
ကျွန်တော်သည် ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်း နောက်ပိုင်း ပြည်ပနိုင်ငံများသို့ထွက်ခွာခွင့် နိုင်ငံကူးလက်မှတ် ပြန်လည်မရရှိခဲ့သောကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း မပြုခဲ့ရပါ။ ၂ဝ၁၂ခုနှစ်၊ ဧပြီလတွင် အမေရိကန်နိုင်ငံရှိ မြန်မာပြည်သူလူထုတို့ ဖွဲ့စည်း ထူထောင်ထားသော ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ဖိတ်ကြားမှုကြောင့်၎င်း၊ နိုင်ငံကူးလက်မှတ်သည်လည်း ၂ဝ၁၂ ခုနှစ်၌ ပြန်လည်ရရှိခဲ့သည်ကတစ်ကြောင်း၊ အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွင့်ရရှိခဲ့သည်။ ယင်း ခရီးစဉ်တွင် အမေရိကန်နိုင်ငံရှိ မြို့ပေါင်း (၁၂) မြို့ခန့်ကို ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ အစီအစဉ်ဖြင့် သွားရောက်ကာ မြန်မာပြည်သူလူထုတို့နှင့် တွေ့ဆုံပွဲများ ပြုလုပ်ခွင့်ရခဲ့သည်။ ယင်းခရီးစဉ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ငယ်စဉ်တက္ကသိုလ် ကျောင်းတော်ကြီးတွင် မိတ်ဆွေသူငယ်ချင်း ဖြစ်သူ “ပန်းချီ မင်းကျော်ခိုင်”နှင့် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုအချိန်တွင် “ပန်းချီ မင်းကျော်ခိုင်”နှင့် အတူ နေထိုင်နေသော “ဖိုးခွား” ဟု အမည်ခေါ် တွင်သော စိတ်ရင်းမွန်မြတ်သော၊ လူတကာအား အကူအညီပေးတတ်သော၊ အမျိုးသားရေးစိတ်ဓါတ် နိုင်ငံရေး စိတ်ဓါတ်ထက်သန်သော ခင်မင်ဖွယ် မိတ်ဆွေ တစ်ဦးနှင့်လည်း တွေ့ကြုံခဲ့ရသည်။

ဒုတိယ အကြိမ်မြောက် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင်လည်း NED ဆုပေးပွဲ အခမ်းအနား တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွင့် ကြုံခဲ့ပြန်ရာတွင် “ပန်းချီမင်းကျော်ခိုင်”နှင့် အတူ “ဖိုးခွား” တို့နှင့် ပြန်လည်၍ ရေစက်ဆုံခဲ့ရပြန်သည်။ “ဖိုးခွား” တို့ သူငယ်ချင်းတို့၏ ကူညီမှုများနှင့် အတူ “ဖိုးခွား” တို့ နေအိမ်တွင် နေထိုင်စားသောက်ကာ “ဖိုးခွား” ၏ မော်တော်ကားဖြင့် ကျွန်တော်သွားလို သည့် ပြည်ပနိုင်ငံရှိ သုဿန်များသို့ သွားရောက်လေ့လာ မှတ်တမ်းတင်ခွင့် ရရှိခဲ့သည်။ “ဖိုးခွား” သည် ယခင့် ယခင်ကာလများ၌ ရန်ကုန်မြို့ရှိ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသားရေးစိတ်ဓါတ် ပြင်းပြသော နိုင်ငံ့သားကောင်း တစ်ဦးလည်းဖြစ်သည်။ ၁၉၈၈ အရေးခင်းကာလအပြီး နိုင်ငံရေးလောက ဖရိုဖရဲဖြစ်ကာ စစ်အုပ်ချုပ်မှုဒဏ်ကို မခံစားလိုသောကြောင့် အကြောင်းအမျိုးမျိုး လမ်းကြောင်းအသွယ် သွယ်တို့ဖြင့် ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီး ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှား နေထိုင်ခဲ့ကာ စိတ်ရင်းစေတနာရင်း မှန်ကန်စွာဖြင့် အများသူငှါတို့အား ကူညီပံ့ပိုးဖို့ ဝန်မလေးခဲ့သူ တစ်ဦး ဖြစ်သည်နှင့်အညီ ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံမှ ချီးမြှင့်ခဲ့သော (DEDICATED TO PROMOTING FREEDOM AND DEMOCRACY IN BURMA) ရွှေတံဆိပ်ဆုပေးပွဲ အခမ်းအနားအား တက်ရောက်ရန် ရောက်ရှိနေသည့် မိခင်သဖွယ်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဝမ်းသာ အားရစွာ ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့သည်။ ၂၄ နှစ်ကြာ ကွဲကွာခဲ့ရသော မိခင်သဖွယ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဝမ်းသာအားရ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သော်လည်း ၂၄ နှစ်ကြာ ကွဲကွာခဲ့ရသူ “ဖိုးခွား” ၏ မွေးမိခင်ရင်းဖြစ်သူ ဒေါ်စိန်တင့် အား ပြန်လည်ဆုံတွေ့ခွင့် မရရှိခဲ့တော့ချေ။ အကြောင်းမှာ ၂၄ နှစ်ကြာ ကွဲကွာ ခဲ့ရသော ရန်ကုန်မြို့၊ အမှတ် ၅၉၄၊ ပြင်ဦးလွင်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်နေ မိခင်ကြီး ဒေါ်စိန်တင့် အသက် ( ) နှစ်သည် ၂၆.၁ဝ.၂ဝ၁၂ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယနေ့ ၂၈.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျန်ရစ်သူမိသားစုတို့နှင့်အတူ ရပ်ဆွေရပ်မျိုးများ၊ မိတ်သင်္ဂဟများ၊ မြောက်ဒဂုံမြို့နယ်ရှိ သံသရာခရီးသည် နာရေးကူညီမှုအဖွဲ့နှင့်ပူးပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီးကျင်းပပြုလုပ် ပေးခဲ့သော်လည်း သားဖြစ်သူ “ဖိုးခွား” တစ်ယောက် မိခင်ကြီး၏ နောက်ဆုံးခရီးအား ပို့ဆောင်ပေးနိုင်ခွင့် မရှိခဲ့ရချေ။

သို့ပေမယ့် “ဖိုးခွား” တာဝန်ကျေခဲ့ပါသည်။ “ဖိုးခွား” သည် ကျွန်တော့်အား ယခင်က ကွယ်လွန် သွားရှာ ကြပြီဖြစ်သော ဖခင်ကြီး ဦးတင့်လွင်နှင့် ညီအစ်ကိုဖြစ်သူ ကိုမောင်မောင်လွင် တို့အား ရည်စူး၍ မိခင်ကြီး ဒေါ်စိန်တင့် အမည်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ US$ 100 အားလှူဒါန်းလိုကြောင်း နယူးယောက်မြို့တွင် ကျွန်တော်ရှိနေစဉ်ကာလ၌ ပြောကြားခဲ့ကာ အလှူငွေ US$ 100 အား ကျွန်တော်၏ လက်ထဲသို့ လှူဒါန်းခဲ့ပြီးဖြစ်သည်။ ကျွန်တော်သည် အမေရိကန်နိုင်ငံသို့ အလှူငွေလက်ခံ ဖြတ်ပိုင်း စာအုပ်များ မပါရှိခဲ့၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီးမှ မိခင်ကြီး ဒေါ်စိန်တင့်ထံသို့ အလှူငွေဖြတ်ပိုင်း အား ဝမ်းသာပီတိ သာဓုခေါ်ဆိုနိုင်ရန်အတွက် နေအိမ်သို့ သွားရောက် အပ်နှံပေးမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ကျွန်တော်၏ခရီးစဉ်သည် နယူးယောက်မြို့မှတဆင့် ဆန်ဖရန်စစ်စကိုမြို့၊ ဆန်ဖရန် စစ်စကိုမြို့မှ လော့စ်အိန်ဂျယ်လစ်မြို့၊ လော့စ်အိန်ဂျယ်လစ်မြို့မှတဆင့် ဂျပန်နိုင်ငံ တိုကျိုလေဆိပ်၊ တိုကျိုလေဆိပ်မှ ဘန်ကောက်လေဆိပ်၊ ဘန်ကောက်လေဆိပ်မှ ၂၇.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက် ရှိခဲ့သည်။ ၂၆.၁ဝ.၂ဝ၁၂ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုလေဆိပ်သို့ ရောက်ရှိသောအချိန်တွင် နယူးယောက်မြို့နေ “ပန်းချီ မင်းကျော်ခိုင်”၏ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုကြောင့်  “ဖိုးခွား” ၏ မိခင်ကြီး ဒေါ်စိန်တင့် ကွယ်လွန်သွားပြီဆိုသည့်သတင်းအား  ကြေကွဲထိခိုက် စွာဖြင့် ကြားသိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်သည်လည်း တိုကျိုမြို့လေဆိပ်မှ ရန်ကုန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ချက်ခြင်း အကြောင်းကြားကာ ကူညီဖေးမမှုလုပ်ငန်းအား ဆောင်ရွက်စေခဲ့သည်။ မိခင်ကြီး ဒေါ်စိန်တင့်၏ ကျန်ရစ်သောရုပ်အလောင်းအား နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပို့ဆောင်ပေးခဲ့ပြီး ယနေ့ ၂၈.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် နောက်ဆုံးနှုတ်ဆက် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကို ကျင်းပပြုပေးခဲ့တော့သည်။

ကျွန်တော့်အနေဖြင့် တမလွန်ဘဝသို့ ရောက်သွားရှာပြီဖြစ်သော မိခင်ကြီး ဒေါ်စိန်တင့် ကြားသိနိုင်ပါက “အမေ ဒေါ်စိန်တင့် ခင်ဗျား၊ အမေ့ရဲ့သား “ဖိုးခွား” တစ်ယောက် တာဝန်ကျေခဲ့ပါတယ် အမေ။ တိုင်းပြည်နှင့် လူမျိုးအပေါ်လည်း တာဝန်ကျေခဲ့ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းများအပေါ်လည်း တာဝန်ကျေခဲ့ပါတယ်၊ အမေ့အတွက်လည်း ကုသိုလ်တာဝန်ကျေခဲ့ပါတယ် အမေရယ်” လို့ပြောကြား လိုပါသည်။ အမေ ဒေါ်စိန်တင့်၏ ကျန်ရစ်သော ရုပ်ခန္ဓာရှိ မျက်နှာပြင်ပေါ်တွင် စို့နေသော ချွေးပေါက် ကလေးများအား သုတ်ပေးရင်း ကျွန် တော့်၏စိတ်တွင်းမှ ပြောကြားလိုက်သည်ကို အမေဒေါ်စိန်တင့်တစ်ယောက် တမလွန်ဘဝမှ ကြားသိလိုက်မည်ဟု ကျွန်တော် ယုံကြည် မိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts