အတွေးအမြင်

လူနဲ့ အပြောင်းအလဲ (Nay Phone Latt)

လူနဲ့ အပြောင်းအလဲ
နေဘုန်းလတ်၊ အောက်တိုဘာ ၃၀၊ ၂၀၁၂
“အားလုံးဆီက တစ်ခုခု တောင်းဆိုခွင့်ရမယ်ဆိုရင်တော့ … အားလုံးရဲ့စိတ်ထဲမှာ ငါတို့ကိုယ်တိုင်လည်း အပြောင်းအလဲတစ်ခုခုကို ဖန်တီးဆောင်ယူကြသူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အောင်စိတ်မျိုးမွေးပြီး … တိုင်းပြည်အတွက် အပြောင်းအလဲသစ်တွေ၊ အပြောင်းအလဲကောင်းတွေကို ဖန်တီးဆောင်ယူပေးကြပါလို့ …”


လူနှင့် အပြောင်းအလဲအကြောင်းကို ယှဉ်တွဲပြီးစဉ်းစားကြည့်တဲ့အခါ … ဆက်စပ်မှုအချို့ကို ကျနော် တွေ့လိုက်ပါတယ် …။ အချို့အပြောင်းအလဲတွေကို လူတွေက ဖန်တီးတယ် … အချို့လူတွေရဲ့ဘဝကို အပြောင်းအလဲက ဖန်တီးတယ် … စသည်ဖြင့် … လူနဲ့အပြောင်းအလဲဟာ … ပြုလုပ်သူ (Subject) နေရာနဲ့ ခံရသူ (Object)နေရာတွေကို သူတစ်ခါ ကိုယ်တစ်လှည့် ခွဲဝေယူနေကြတာကို သတိထားမိလိုက်တယ် …။ အဲဒီ့လိုမျိုးမဟုတ်ဘဲ … အပြောင်းအလဲနဲ့ လုံးဝ အဆက်ပြတ်နေတဲ့ လူတစ်မျိုးရှိနေတာကိုလည်း ထူးထူးဆန်းဆန်းပဲ တွေ့မိပြန်ပါတယ်။ အဲဒီ့တော့ လူ သုံးမျိုး သုံးစား ထွက်လာပါတယ် …။

ပထမတစ်မျိုးက အပြောင်းအလဲတွေကို ဖန်တီးတဲ့သူပါ …။ ဒုတိယတစ်မျိုးက အပြောင်းအလဲရဲ့ ပြုပြင်ဖန်တီးမှုကို အလိုက်သင့်ခံယူလိုက်တဲ့သူမျိုးပါ …။ တတိယတစ်မျိုးကတော့ … ပြောင်းလဲလို့ ပြောင်းလဲနေမှန်းတောင်မသိဘဲ … အပြောင်းအလဲက သက်သက် ကိုယ်က သက်သက်ဖြစ်ပြီး ဟောင်းနွမ်းကျန်ရစ်နေကြသူမျိုးပါ …။ ကျနော့်စာကိုရှေ့ဆက်မဖတ်မီမှာ ကိုယ်ဟာ ဘယ်လိုလူမျိုးစာရင်းထဲမှာ ပါနေလဲဆိုတာကို ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးပြီး အားမနာတမ်း အဖြေတွေပေးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် …။


ပထမလူမျိုးကို … အင်္ဂလိပ်လို Change Agent အပြောင်းအလဲကို ဖန်တီးသယ်ဆောင်သူလို့ ခေါ်လေ့ရှိပါတယ် …။ ပရိုသီးမီးယပ်လို လူသားတွေဆီ မီးကိုသယ်ဆောင်ပျိုးထောင်ပေးသူမျိုးပေါ့ …။ ကျနော့်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခု စတင်နေပြီဖြစ်တဲ့ အခုလိုကာလမှာ … အပြောင်းအလဲကို ဖန်တီးဆောင်ယူသူတွေ များများရှိဖို့ လိုအပ်ပါတယ် …။ ဒါမှ … အပြောင်းအလဲဟာ အရှိန်အဟုန်ကောင်းပြီး ကျနော်တို့အားလုံးလိုချင်တဲ့ပန်းတိုင်ကို ခပ်မြန်မြန်ရောက်နိုင်မှာပါ …။

အပြောင်းအလဲကို ဖန်တီးနိုင်သူတွေဖြစ်ဖို့ … ဘာတွေလိုအပ်သလဲဆိုတဲ့ကိစ္စကို ကျနော် ဆက်ပြီးစဉ်းစားကြည့်တဲ့အခါ … အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံးအဖြေကတော့ … ပြောင်းလဲမှုစနေပြီဆိုတာ၊ ပြောင်းလဲနေပြီဆိုတာကို လက်ခံလိုက်ဖို့က ပထမအဆင့်အနေနဲ့ အရေးအကြီးဆုံးပဲလို့ မြင်လာပါတယ်…။ ပြောင်းလဲနေပြီဆိုတာကို လက်မခံနိုင်ဘူးဆိုရင် … အရာရာဟာ အရင်ကအတိုင်းပဲလို့ထင်နေပြီး ဘယ်လိုမှ ရှေ့ဆက်လှမ်းလို့ရတော့မှာ မဟုတ်ပါဘူး …။

အခုလက်ရှိအခြေအနေမှာဆိုရင် … အဲဒီ့အခြေခံအဆင့်ကိုတောင် မကျော်နိုင်ကြဘဲ အဲဒီ့မှာတင် တစ်နေကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ တွေ့လာရပါတယ် …။ အပြောင်းအလဲတစ်ခုတကယ်ဖြစ်နေတာကို … ဘာပြောင်းသေးလို့လဲ အရာရာအရင်ကအတိုင်းပါပဲလို့ စစဉ်းစားလိုက်ပြီ ဆိုကတည်းက … ဘာမှ ဆက်လုပ်စရာမရှိတော့ဘူး ဖြစ်သွားပါတော့တယ်။ အရာရာ အရင်ကအတိုင်းပဲလို့ စဉ်းစားလိုက်တော့ … အရင်လိုပဲ တစ်ခုခုဖြစ်ရင် အစိုးရကိုအပြစ်တင်လိုက်၊ အတိုက်အခံကိုအပြစ်တင်လိုက်၊ တစ်ယောက်တည်း ရေရွတ်ညည်းတွားလိုက်နဲ့ အရင်ကပုံစံအတိုင်းပဲ ဆက်နေနေကြတဲ့အခါ … အပြောင်းအလဲအတွက် အားတစ်ခု ဘယ်လိုမှဖြစ်မလာနိုင်တော့ပါဘူး။

ဘာပြောင်းသေးလို့လဲလို့ ပြောချင်သူတွေအတွက် ပြောင်းနေပါပြီဆိုတာကို သက်သေပြစရာ တစ်ခုထက်မက ရှိပါတယ် … အရင်က ဖွဲ့စည်းပုံမရှိဘဲ အုပ်ချုပ်နေတာပါ၊ အခု ဖွဲ့စည်းပုံရှိလာပါပြီ၊ အရင်က အုပ်ချုပ်ရေးကို လက်တစ်ဆုပ်စာလူတစ်စုက စီမံတာပါ … အခု အုပ်ချုပ်ရေးအဖွဲ့တွေ များစွာပေါ်ပေါက်နေပါပြီ၊ အရင်က တစ်ဦးတစ်ယောက်ရဲ့ နှုတ်ထွက်စကားက တရားဥပဒေဖြစ်လာတာပါ … အခု ဥပဒေပြုဖို့ လွှတ်တော်တွေ ရှိနေပါပြီ …။ အရင်က ငွေများ တရားနိုင်၊ စာအိတ်ဖောက်ဖတ် အဆင့်မှာရှိတဲ့ တရားရေးကဏ္ဍဟာ အခုဆို ပြုပြင်ပြောင်းလဲမှုတွေ အများကြီးကို မဖြစ်မနေ လုပ်ဆောင်နေကြရပါပြီ။

မီဒီယာကဏ္ဍကိုကြည့်မယ့်ဆိုရင်လည်း အပြောင်းအလဲတွေ အများကြီးရှိနေတယ်ဆိုတာကို သေချာပြူးပြဲကြည့်စရာမလိုဘဲနဲ့ကိုတောင် မြင်သာနေပါပြီ …။ ပြည်သူတွေဆိုရင်လည်း … အရင်ကလို ငြိမ်ဝပ်ပိပြားနေစရာမလိုတော့ပဲ … ပြောသင့်ပြောထိုက်တာတွေကို အထိုက်အလျှောက် ပြောဆိုခွင့်ရနေပါပြီ …။ ပြောင်းလဲမှုရဲ့ နည်းခြင်းများခြင်း၊ နှေးခြင်းမြန်ခြင်းဆိုတာကို ခဏဖယ်ထားပြီး … ပြောင်းလဲမှုတွေ ရှိမလာဘူးလားဆိုတဲ့ကိစ္စကိုပဲ ရိုးရိုးစဉ်းစားပြီး ရှင်းရှင်းဖြေကြည့်လိုက်ပါ … ။

မရှိဘူးဆိုတဲ့အဖြေပဲ ပေးချင်သေးတယ်ဆိုရင်တော့ … အဲဒီ့သူဟာ ပြောင်းလဲလို့ ပြောင်းလဲနေမှန်းတောင်မသိတဲ့ တတိယလူမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ရှေ့အဆင့်တွေကို ဆက်တက်ဖို့ ခက်သွားပါပြီ …။ အဲဒီ့လိုမဟုတ်ဘဲ … လက်ရှိအခြေအနေကို ပြောင်းလဲနေပြီလို့ လက်ခံတယ်ဆိုရင်တော့ ကျနော်တို့တွေ နောက်တစ်ဆင့်တက်ဖို့ ဆက်စဉ်းစားကြပါမယ် …။

ပြောင်းလဲနေပြီဆိုတာကို လက်ခံတယ်ဆိုတဲ့အဆင့်ကို ဖြတ်ပြီးပြီဆိုရင် … ကျနော်တို့ ကိုယ့်ကိုယ်ကိုထပ်ပြီးမေးရမယ့် မေးခွန်းက … အပြောင်းအလဲကို ကိုယ်လိုချင်တဲ့အတိုင်းဖြစ်အောင် လုပ်မှာလား … ဖြစ်လာတဲ့အပြောင်းအလဲက ကိုယ့်ဘဝကို လွှမ်းမိုးပြဌာန်းသွားတာကို ခံမှာလားဆိုတဲ့ မေးခွန်းပါ …။ ပြောင်းလဲနေပြီဆိုတာကို နားလည်လက်ခံပြီး အပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲတယ်ဆိုတဲ့နေရာမှာ … အခက်အခဲတွေ၊ ဟာကွက်တွေ အများကြီးရှိပါတယ်။

ကိုယ်ကိုယ်တိုင် လိုလိုချင်ချင်နဲ့ ဖန်တီးပြောင်းလဲပေးခဲ့တာမဟုတ်တဲ့အတွက် … အပြောင်းအလဲနဲ့ ကိုယ်နဲ့ သူစိမ်းတရံ ဆန်နေတတ်ပါတယ် …။ နောက်ပြီး အပြောင်းအလဲကို ကိုယ်ကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ခံရယူထားတာ မဟုတ်တဲ့အတွက် … လိုက်ပါပြောင်းလဲရတဲ့အခါမှာ တွန့်ဆုပ်တွေဝေနေတာ၊ လေးကန်တုံ့ဆိုင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သြော် … ခေတ်ကြီးက တကယ်ကိုပြောင်းလဲနေပြီပဲလို့ လက်ခံပေးလိုက်တဲ့သူတွေအတွက် … ပြောင်းလဲမှုနဲ့အတူ လိုက်ပါပြောင်းလဲဖို့ဆိုတဲ့ နောက်တစ်ဆင့်ကိုတက်တဲ့နေရာမှာ … အဲဒီ့လိုအခက်အခဲမျိုးတွေ ကြုံရနိုင်သလို အချိန်လည်း ယူရတတ်ပါတယ် …။

လူတစ်ယောက်အနေနဲ့ အဲဒီ့ ပြောင်းလဲဖို့ကြိုးစားနေတုန်း ကြားကာလမှာလည်း အရင်အလေ့အကျင့်ဟောင်းတွေနဲ့ ပြောင်းလဲလာတဲ့အခြေအနေက တောင်းဆိုတဲ့ အသစ်တွေကြားထဲက လွန်ဆွဲမှုတွေကို မဖြစ်မနေခံရပါတယ်။ အဟောင်းကို မစွန့်လွှတ်နိုင်သေးသရွေ့တော့ … အသစ်နဲ့ ဘယ်လိုမှတွေ့နိုင်မှာ မဟုတ်ပါဘူး …။

ဒီနေရာမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ အမြဲမပြတ်သော သတိတရားရှိနေဖို့ လိုအပ်ပါတယ်။ အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ အပြောင်းအလဲကာလမှာ ကိုယ့်ရဲ့ တွန့်ဆုတ်တွဝေမှု၊ လေးကန် တုံ့ဆိုင်းမှုတွေကို သတိရှိရှိနဲ့ ခပ်မြန်မြန်မဖြေရှင်းနိုင်ဘူးဆိုရင် အပြောင်းအလဲရဲ့ တိုက်စားမှုကို ခံသွားရနိုင်ပါတယ်။ ဘာပဲပြောပြော အပြောင်းအလဲတစ်ခုဖြစ်နေပြီဆိုတာကိုလက်ခံပြီး အပြောင်းအလဲကတောင်းဆိုတဲ့ အတွေးအခေါ်အသစ်၊ စိတ်ဓာတ်အသစ်၊ ပြောဆိုပြုမူပုံအသစ်တွေကို လေ့လာပြီး ဖြည့်ဆည်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ … လူမျိုးဟာ တတိယလူလောက်တော့ ဟောင်းနွမ်းပြီးကျန်ခဲ့မှာ မဟုတ်ပါဘူး …။

အပြောင်းအလဲကို ဖန်တီးဆောင်ယူကြတဲ့သူတွေအကြောင်းကို ပြောပါမယ်။ အပြောင်းအလဲကို ဖန်တီးဆောင်ယူတဲ့သူမျိုးတွေဟာ … အစကတည်းကရှိနေတဲ့ အခြေအနေတစ်ခုကို သေသေချာချာ နားလည်ပါတယ် … ပြီးတော့ အဲဒီ့အခြေအနေကိုမကြိုက်လို့ ဘယ်လိုပြောင်းလဲပစ်ရမလဲဆိုတာကို စဉ်းစားပါတယ် … အဲဒီ့အခါမှာ ဘယ်လိုအပြောင်းအလဲမျိုးတော့ ဖြစ်ဖို့လိုအပ်နေပြီဆိုတာကို ရှာဖွေတွေ့ရှိပါတယ်။ အဲဒီ့နောက်မှာတော့ အဲဒီ့အပြောင်းအလဲကို ဘယ်လိုနည်းနဲ့ ဖန်တီးဆောင်ယူလို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းကို ထပ်စဉ်းစားပြီး … ရအောင် ကြိုးစားပါတော့တယ်။

ဆိုတော့ကာ … အဲဒီ့လိုလူမျိုးဟာ အခြေအနေအဟောင်းရဲ့ ဆိုးကွက်တွေကို သိနားလည်သလို … အပြောင်းအလဲကြောင့်ဖြစ်လာမယ့် အခြေအနေအသစ်ရဲ့ ကောင်းကွက်တွေ၊ အဲဒီ့အခြေအနေအသစ်အတွက် လိုအပ်မယ့် စိတ်ပိုင်းဆိုင်ရာ အနေအထားတွေ အားလုံးနဲ့လည်း အသားကျပြီးသားဖြစ်နေတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က မကြိုက်နှစ်သက်တဲ့ အဟောင်းတစ်ခုကို ကိုယ်ကိုယ်တိုင်က နှစ်သက်လိုလားတဲ့ အသစ်တစ်ခုဆီပြောင်းလဲယူဖို့ ကြိုးစားတာဖြစ်တဲ့အတွက် … အပြောင်းအလဲဟာ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေပါတော့တယ် …။ အပြောင်းအလဲကို မသိတဲ့သူ၊ ပြောင်းလဲဖို့ မနည်းကြိုးစားနေရသူနဲ့ အပြောင်းအလဲကို ဖန်တီးသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကွာခြားမှုက တော်တော်ကြီးပါတယ် …။

ဒါပေမယ့် တစ်ခုရှိတာက … အပြောင်းအလဲတစ်ခုကို ဖန်တီးဖို့ကြိုးစားကြတဲ့သူတွေ အချင်းချင်းမှာပဲ … အမျိုးအစားတွေ ထပ်ပြီးကွဲနိုင်ပါသေးတယ်။ လက်ရှိအခြေအနေတစ်ခုကို ပြောင်းလဲပစ်ရတော့မယ်ဆိုတာကို သိတာချင်းအတူတူ … ဘယ်လိုအပြောင်းအလဲမျိုးကို ဆောင်ယူမလဲဆိုတဲ့အချက်မှာ ကွဲသွားတတ်ပါတယ် …။ အာဏာရှင်စနစ်ကနေ … ဒီမိုကရေစီကိုပြောင်းမှာလား၊ ဆိုရှယ်လစ်ကိုပြောင်းမှာလား၊ ကွန်မြူနစ်စနစ်လား … စသည်ဖြင့်ပေါ့ …။

ဘယ်လိုအပြောင်းအလဲမျိုးကို ဆောင်ယူမလဲဆိုတဲ့အချက်မှာပါ ထပ်ပြီး သဘောတူသွားကြပြီဆိုရင်တောင် … ဘယ်လိုနည်းနဲ့ အပြောင်းအလဲကိုဆောင်ယူမလဲဆိုတဲ့ နည်းလမ်းရွေးချယ်မှုမှာ ထပ်ပြီး ကွဲကြပါတယ် …။ ဘယ်လိုပဲကွဲကွဲ … ဘယ်လောက်ပဲကြိုးစားကြ ကြိုးစားကြ … နောက်ဆုံးမှာ … လူ့အဖွဲ့အစည်းနဲ့ တကယ်သင့်တော်တဲ့၊ လူ့အဖွဲ့အစည်းက တကယ်လိုလားတဲ့ အပြောင်းအလဲတစ်ခုကို လူ့အဖွဲ့အစည်းကို အထိအခိုက် အနည်းဆုံးနည်းနဲ့ ဆောင်ယူပျိုးထောင်ပေးတဲ့သူတွေက … လူ့အဖွဲ့အစည်းရဲ့နှလုံးသားထဲမှာ အခိုင်အမာ နေရာရပါတယ် …။

အခုလောက်ဆို လူနဲ့အပြောင်းအလဲကြားက အဆက်အစပ်တွေအကြောင်းကို … နည်းနည်းပါးပါး ဒါမှမဟုတ် အရိပ်အယောင်လောက်တော့ … မှန်းဆမိလောက်ပြီ ထင်ပါတယ် …။ ထပ်ပြီးတော့လည်း စဉ်းစားကြစေချင်ပါတယ် … နောက်ပြီး ကိုယ်က ဘယ်လိုလူမျိုးထဲမှာ ပါနေလဲဆိုတာကိုလည်း ရဲရဲကြီးဆုံးဖြတ်ကြစေချင်ပါတယ်။ အားလုံးဆီက တစ်ခုခု တောင်းဆိုခွင့်ရမယ်ဆိုရင်တော့ … အားလုံးရဲ့စိတ်ထဲမှာ ငါတို့ကိုယ်တိုင်လည်း အပြောင်းအလဲတစ်ခုခုကို ဖန်တီးဆောင်ယူကြသူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အောင်စိတ်မျိုးမွေးပြီး … တိုင်းပြည်အတွက် အပြောင်းအလဲသစ်တွေ၊ အပြောင်းအလဲကောင်းတွေကို ဖန်တီးဆောင်ယူပေးကြပါလို့ … တောင်းဆိုချင်ပါတယ် …။

ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ၊ ဉာဏ်ပညာကို တန်ဖိုးထားပါ။

အနုပညာကို ခံစားတတ်ပါစေ။

နေဘုန်းလတ် 
၂၂- ၀၉- ၂၀၁၂

(ဒီလှိုင်း ဂျာနယ် မှ …) 
မိုးမခ မှတ်ချက် http://oothandar.blogspot.com ကနေ ပြန်ကူးတယ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts