သတင်းပဒေသာ

အမာရီလိုမြို့တွင် သီတင်းကျွတ်ပွဲတော်နှင့် အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ


မိုးမခအထောက်တော် (အမာရီလို)
အောက်တိုဘာ ၂၉၊ ၂၀၁၂

အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့၊ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း ၀န်းအတွင်းတွင် သီတင်းကျွတ် ဆီမီးပူဇော်ပွဲ၊ အသံမစဲ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့်သက်ကြီး ဆရာမိဘပူဇော်ပွဲတော်ကို အောက် တိုဘာ ၂၇၊ ၂၈ (၂) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

 

ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပွဲတော်ကျင်းပရခြင်းကြောင့် ရရှိသည့်ကုသိုလ်အကျိုးကျေးဇူးများကို ဇေယျသုခဓမ္မရိပ်သာ ကျောင်း ထိုင်ဆရာတော် ဥူးနန္ဒ၀ံသက “မျိုးဆက်သစ် လူငယ်မောင်မယ်များအားလုံး မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များနှင့် ယဉ်ပါးလာပြီး အထူး အားဖြင့် မိဘတို့၏ကျေးဇူးတရားကို ပုံဖော်ပူဇော်နိုင်ရန်၊ တဆက်တည်းမှာပင် မိဘတို့အပေါ် အားနဲ့လျှော်စွာ ပူဇော်ကန်တော့ကြခြင်းဖြင့် ကောင်းကျိုးချမ်းသာအဖြာဖြာကိုရရှိစေနိုင်ရန်နှင့် ဆီမီး၊ ပန်းတို့ကို လှူဒါန်းပူဇော်လို့ရရှိလာမည့် ခုရော နောင်ခါ သံသရာအကျိုးတွေ ပွား တိုးပါစေတော့ဆိုတဲ့အတွေးနဲ့ စုပေါင်းညီညာစွာကျင်းပခဲ့ကြတာပါ။ ဒါနအမျိုးမျိုး အဖိုးအနဂ္ဃဖြစ်တာကြောင့် ရရှိနိုင်တဲ့အကျိုးကတော့ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါဘူး။ ပဋ္ဌာန်းဒေသနာဆိုတာကလဲ အကျိုးအဖုံဖုံကိုပေးစွမ်းနိုင်ပြီး တန်ခိုးဂုဏ်အနန္တနဲ့ ပြည်စုံလှသည့် မိဘကျေးဇူး ဆပ် အဘိဓမ္မာကျမ်းတော်မြတ်ဖြစ်ပါတယ်။ သာသနာမှာ ပဋ္ဌာန်းကျမ်းတော်ကြီး၏ အရေးပါအရာရောက်ပုံဟာ ပြောပြလို့မကုန်နိုင်ပါဘူး။ ဒီ ပဋ္ဌာန်းကျမ်းတော်မြတ်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်းသည်လည်း  သာသနာအဓွန့်ရှည်တည်တံ့အောင် ဖြည့်စွမ်းခြင်းပဲဖြစ်တယ်လေ။ ဒါ ကြောင့် အားလုံးပူးတွဲပြီး ဒီပွဲကြီးကို ၀ှဲချီးဆင်ယင်ကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်” ဟု မိုးမခသို့ ရှင်းလင်းမိန့်တော်မူသည်။

သီတင်းကျွတ်ဆီမီးပူဇော်ပွဲတော်ကို အောက်တိုဘာလ ၂၇ ရက် စနေနေ့ ညနေ ၅ ငါးနာရီတွင် အမာရီလိုမြို့မှ မြန်မာတိုင်းရင်းသားပေါင်းစုံ ကျောင်းသူလေးများက ဗုဒ္ဒပူဇနိယ ဆီမီးခွက်အကဖြင့်  စတင်ပူဇော်ဖွင့်လှစ်ခဲ့ကြပြီး ပအို့ဝ်တိုင်းရင်းသားများကလည်း ပအို့ဝ်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်သည့် အိုးစည်အကဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဗုဒ္ဒပူဇနိယ ဆီမီးခွက်အကနဲ့ပတ်သက်၍ ၁၉၉၃ ခုနှစ်က ဂျာပဏီနိုင်ငံသို့  ထိုင်းနိုင်ငံ မယ်နယ်ပလောအခြေစိုက် တိုင်းရင်းသားအဖွဲ့အစည်း များကိုယ်စား သွားရောက်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုအကလှဖြင့် တင်ဆက်ကပြခဲ့ဖူးသူတစ်ဦးလည်းဖြစ် ဇာတ်မင်းသားကြီး စိန်ဝင်းမြိုင်၏သမီးတစ်ဦးလည်းဖြစ်သူ မမမာအေးက အမေရိကန်နိုင်ငံမှာ ခုလို ဗုဒ္ဓပူဇနိယဆီးမီးခွက်အကဖြင့် သီတင်းကျွတ်ပွဲတော်တွင် ပူဇော်က ပြခွင့်ရသည့်အတွက် အလွန်ဝမ်းသာပီတိဖြစ်မိကြောင်းကို မိုးမခသို့ ယခုလို ပြောသည်။

“ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကကို ကျမ ဟိုးငယ်စဉ်ခလေးဘ၀ကတည်း အဖေတို့ဇာတ်မှာလိုက်ပြီးကလာခဲ့တဲ့ အကတခုဖြစ်သလို ကျမ ငယ် ငယ်လေးတည်းက ဒီအကနဲ့ကြီးပြင်းလာခဲ့ရတာဆိုတော့ အရမ်းလည်း ကြိုက်နှစ်သက်တာပေါ့။ ဒီသီတင်းကျွတ်ပွဲတော်မှာ ဒီဆီမီးခွက်အက နဲ့ ပူဇော်တင်ဆက် ကပြခွင့်ရတဲ့အတွက် ကျမအနေနဲ့ရော ကျမရဲ့မျိုးဆက်သစ်ကျောင်းသူလေးတွေအတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒီဆီမီးခွက်အကကို ဇေယျသုခကျောင်းထိုင်ဆရာတော်ရဲ့မိန့်ညွှန်ချက်အရ မအားလပ်တဲ့ကြားထဲက ကျောင်းသူလေးတွေကို တပတ် လောက်အချိန်နဲ့ ခုလိုမြိုင်မြိုင်ဆိုင်ဆိုင် ညီညီညာညာ ကတတ်အောင် အတော်လေး စိတ်ရောကိုယ်ပါအားစိုက်ပြီး သင်ပြပေးခဲ့ရတာပါ” ဟု သူမကဆိုသည်။

ပအို့ ဝ်တိုင်းရင်းသားများကလည်း သူတို့၏ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်သည့် အိုးစည်အကနဲ့ ခုလို ဘာသာရေးပွဲတော်မှာ ထုတ်ဖော် ကပြဖျော်ဖြေခွင့်ရသည့်အတွက် ၀မ်းသာဂုဏ်ယူကြောင်းကို ပအို့ဝ်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးလှဌေးက မိုးမခသို့ ယခုလိုပြောသည်။

“ဘာသာရေး သာသနာရေးပွဲတော်တစ်ခုဖြစ်တဲ့ ခုလိုသီတင်းကျွတ်ပွဲတော်မှာ ကျနော်တို့ပအို့ဝ် တိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှု အိုးစည်အကနဲ့ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရော ပအို့ ဝ်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ပါ အားရ၀မ်းသာဂုဏ်ယူမိပါတယ်။ ကမ္ဘာအရပ်ရပ်မှာရောက်ရှိနေကြတဲ့ ကျနော်တို့ပအို့ဝ်တိုင်းရင်းသားတွေကိုလည်း ဘာသာရေး သာသ နာရေးပွဲတော်တွေမှာ ပူးပေါင်းပါဝင်ကြပြီး မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု သူကပြော သည်။

အသံမစဲ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ကျောင်းထိုင်ဆရာတော် ဥူးနန္ဒ၀ံသမှဦးဆောင်ကာ အမာရီလိုမြို့ မြန်မာထေရ၀ါဒဗုဒ္ဓ ဘာသာအသင်း၏ အသင်းသူ အသင်းသားများနဲ့အတူ အောက်တိုဘာလ ၂၇ ရက်နေ့ညနေ ၈ နာရီအချိန်မှ စတင်ရွတ်ဖတ်ပူဇော်ပြီး နံ နက်မိုးလင်း ၆ နာရီခွဲအချိန်ထိ အသံမစဲ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သီတင်းကျွတ် ဆီမီးပူဇော်ပွဲ၊ အသံမစဲ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဆရာမိဘပူဇော်ပွဲတော်ကို အမာရီလိုမြို့ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာအသင်းက ကျောင်းထိုင်ဆရာတော်၏  ဦးဆောင်လမ်းညွှန်မှုဖြင့်ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး မြို့ခံမြန်မာ တိုင်း ရင်းသားများ မိသားစုမှလည်း ပွဲတော်ဖြစ်မြောက်အောင်မြင်ရေးအတွက် အဖက်ဖက်မှ ၀ိုင်းဝန်းပံ့ပိုးခဲ့ကြကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts