မျက်မှောက်ရေးရာ သူတို့အာဘော်
မိုးမခရဲ့ အောက်တိုဘာ စာကိုး စကားကိုး – Quotes in Oct 2012
အောက်တိုဘာ ၂၇၊ ၂၀၁၂
 အခုခေတ် ကောင်မလေးတွေက သူတို့ကိုယ်သူတို့ အရုပ်မလေးတွေလို ဘာဘီရုပ်တွေနဲ့ မတူတူအောင်ကို ပြင်ဆင်လာကြတာ။ အ၀တ်အစားပိုင်းတင် မဟုတ်ဘူး။ အသားအရေပိုင်းအတွက်လည်း တော်တော် ဂရုစိုက်လာကြတယ်။ ကိုရီးယား brand  အသားဖြူဆေး ဆိုရင်လည်း တော်တော်ကို ရောင်းရတာ။
မဇာခြည်စိမ့်၊ Pinky Bear အွန်လိုင်းရှော့ပင်
The Trade Times ဂျာနယ်၊ အောက်တိုဘာ ၆
————————————————————
တစ်ချိန်တုန်းက နိုင်ငံရေးသမားတွေကို စောင့်ကြည် လိုက်လံဖမ်းဆီး ထောင်ထဲပို့ရတဲ့ လုံခြုံရေးဝန်ထမ်းတွေက ဒီနေ့ တရားရုံးတွေကိုသွားပြီး စောင့်ကြည့်လေလာ၊ ဖြစ်ရပ်မှန်ဖော်ထုတ်ပြီးတော့ တရားသူကြီး တော်တော်များများကို ထောင်ထဲပို့မှပဲ တရားစီရင်ရေးစနစ်က ပြုပြင်လို့ ရမယ်။ တရားဟောနေရုံနဲ့တော့ မရဘူး။
ဦးသိန်းညွန့်၊ ရှေ့နေ၊ နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင်
 The Nation ဂျာနယ်၊ အောက်တိုဘာ ၉
————————————————————
အခုဆို မြန်မာစာ မြန်မာစကားက ပျက်နေပြီ။ ၀ါကျအထားအသိုကအစ အသုံးအနှုံးပိုင်းမှာပါ အားနည်းလာကြပြီ။ မြန်မာလိုဘာသာပြန်လို့ မရတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းဆိုတာ မရှိပါဘူး။  ဘယ်အရာမဆို ဆီလျော်အောင် ဘာသာပြန်ဆိုလို့ ရတယ်။ အများပြည်သူနားလည်အောင် မလုပ်ဘဲနဲ့ ကြားညှပ်ပြီးသုံးတဲ့အသုံးအနှုန်းမျိုးတွေကို မသုံးရင်တော့ ကောင်းတာပေါ့။
မြန်မာစာဆရာ ဂုဏ်ထူးဦးသိန်းနိုင်
The Nation ဂျာနယ်၊ အောက်တိုဘာ ၉
————————————————————
အရင်က အထည်ချုပ်မှာ ဂျပန် နဲ့ ကိုရီးယားကိုပဲ အားထားခဲ့ရတယ်။  .. အခု အခြေအနေမှာ ဈေးကွက်က အော်ဒါတွေ လာပြီ။ ဒါပေမဲ့ အစ်မတို့မှာ ချုပ်နိုင်ဖို့ အင်အား မရှိဘူး။ စက်ရုံမှာ လူ ၃၀၀၀ လောက် ရှိတယ်။ ရတဲ့ အော်ဒါတွေကို … မချုပ်နိုင်ဘူး။ ဒီကအော်ဒါ လွတ်သွားရင် အသင့်စောင့်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယား ရှိတယ်။
အထည်ချုပ်လုပ်ငန်းရှင်တဦး
The Street View ဂျာနယ်၊  အောက်တိုဘာ ၈
————————————————————
ဒီဇိုင်နာ မေဦးမောင် (တော်ဝင်သူ)
မော်ဒန်သတင်းဂျာနယ်၊ အောက်တိုဘာ ၁၉
————————————————————
ဒီဈေး (အကြိမ်ကြိမ် နေရာရွှေ့ပေးရသော သာကေတမြို့နယ် အမှတ် ၇ ဈေး) ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တစ်ရပ်ကွက်လုံး မကျေနပ်ကြပါဘူး၊ ဈေးပေါက်က ကျွန်တော့်အိမ်နဲ့ မျက်နှာချင်းဆိုင်ဆိုတော့ မန်းဝင်းအပေါက် လို့တောင် လူတွေ အလွယ်ခေါ်ကြသေးတယ်၊ ဒီဈေးကဈေးသည်တွေက ရိုးသားကြတယ်၊ ကျွန်တော်တို့ အဲဒါကြောင့်ပိုပြီး သနားကြတယ်၊ ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။
သရုပ်ဆောင် မန်းဝင်း
Venus News Weekly ဂျာနယ်၊ အောက်တိုဘာ ၁၈
————————————————————
ရန်ကုန်မြို့ နိုက်ကလပ်များသည် တရားဝင် ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်လာပြီးနောက်ပိုင်း ၎င်းနိုက်ကလပ်များကို အမှီပြုလျက်ရှိသော ညဥ့်ငှက်ကလေးများ၏ လုပ်ငန်းသည်လည်း ပို၍ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်၍ရလာကြောင်း နိုက်ကလပ်ဝန်းကျင်ရှိ တက္ကစီသမားများထံမှ သိရသည်။
ထက်မြက်ငြိမ်းချမ်း
Venus News Weekly ဂျာနယ်၊ အောက်တိုဘာ ၁၈
————————————————————
ဦးဇော်မင်းကျော် (ဓာတ်ပုံ – ရွက်စိမ်း/ဧရာဝတီ)
   ပါတီတွင်းပြဿနာက ကိုယ်ကျိုးစွန့်သမားတွေနဲ့ အခွင့်အရေးမျှော်လင့်ပြီး ၀င်လာသူတွေကြား ပြဿနာလို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ အဲဒါက အပြည့်အစုံမှန်တယ်လို့ မမြင်ပါဘူး။ ဗဟိုရဲ့အားနည်းချက်ကြောင့် ဖြစ်တဲ့ပြဿနာပါ။ ပြည်တွင်းမှာရော ပြည်ပမှာပါရှိတဲ့ အန်တီရဲ့သြဇာနဲ့ အရှိန်အ၀ါကြောင့်သာ ပါတီကဆက်သွားနေတာပါ။ တကယ်တော့ ပါတီတွင်းပြဿနာက တကယ့်ကို စိုးရိမ်စရာအခြေအနေပါ။  — ပါတီအတွင်း အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေအပေါ် အန်တီ့အနေနဲ့ သတိထားမိလာပြီးတော့ ခုလိုဖြေရှင်းဆောင်ရွက်လာတာ တကယ့်ကိုဝမ်းသာစရာပါ။ ကျွန်တော့်အနေနဲ့ အန်တီ့ကို ပါတီတည်ဆောက်ရေးကို ဒီ့ထက်အချိန်ပိုပေးပြီး ဆောင်ရွက်စေလိုပါတယ်။
 ပါတီဗဟိုလူငယ် တာဝန် ယူခဲ့ဖူးသူ ဦးဇော်မင်းကျော်
7Day
ဂျာနယ်၊ အောက်တိုဘာ ၁၅
————————————————————
(နောက်ကြည့်မှန် ၀တ္ထု ရေးသားသူ) မင်းကိုနိုင်ဟာ ကျောင်းသားခေါင်းဆောင်အပြင် ဒီတစ်ပုဒ်နှင့်ပဲ စာရေးဆရာ ဖြစ်သွားပါပြီ။ ဒီဝတ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ၀ယ်လိုက်ပြီဟု သိရသည်။ ဒါရိုက်တာချိုတူးဇော်ကလည်း ရိုက်မည် ဆိုသည်။ ချိုတူးဇော်က အခု အမေရိကန်မှာ။ ပြန်မှ လာပါတော့မလားမသိ။ ချိုတူးဇော် ပြန်လာပြီး ဒီကားလေးရိုက်ရင် ကျွန်တော်က ကိုယ်တတ်သည့် ကျရာနေရာက မှန်လေးဖြစ်ဖြစ် ၀င်ထိုးပေးချင်မိလေသည်။
ပြေ (ဆေး ၂)၊ စာရေးဆရာ၊ ဆရာဝန်
True ဂျာနယ်၊ အောက်တိုဘာ ၂
————————————————————
တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်၊ ကလေးတစ်ယောက်မွေးရမယ်၊ ပြီးရင် သိန်း ၃၀ လောက် ရမယ်၊ အိမ်ပြန်လာရမယ်လို့ စည်းရုံးတယ်။ အဲဒါကို လက်ခံသဘောတူပြီး လိုက်သွားတဲ့သူ အများကြီးရှိတယ်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှူး ဒုတိယရဲမှူးကြီးညွန့်လှိုင်
True ဂျာနယ်၊ အောက်တိုဘာ ၂
————————————————————
 (ဂျပန်နိုင်ငံ Miss International ပြိုင်ပွဲဝင်နေချိန်) တစ်ခါတလေမှာတော့ အားငယ်မိပါတယ်။ ဒါပေမဲ့အဲဒီအချိန်တွေမှာ ကိုယ့်နိုင်ငံအတွက် လာတာ၊ ညီမအကောင်းဆုံး ဖြစ်အောင်နေရ မယ်ဆိုတဲ့ စိတ်ကို မွေးလိုက်ရင်တော့ ဘယ်လောက်  အားငယ်နေနေ စိတ်ဓာတ်ပြန်တက် လာပါတယ်။ အထူးသဖြင့် ညီမကို တောက်လျှောက် အားပေးကြတဲ့ စာတွေ၊ မက်ဆေ့ခ်ျ တွေ၊ ဆုတောင်းပေးနေ ကြတာတွေ မြင်တဲ့ အခါ(အထူးသဖြင့် ဖေ့စ်ဘုတ်မှာပေါ့) မြန်မာ ပရိသတ်တွေနဲ့ အွန်လိုင်းမှာ စကားပြောဖြစ် တဲ့အခါမှာတော့ အခက်အခဲ အားလုံးကို မေ့ပြီး ဆက်ကြိုးစားဖို့  ခွန်အားသစ်တွေ ဖြစ်လာပါတယ်။
နန်းခင်ဇေယျာ
Popular Journal
————————————————————
 ဦးတိတ်နိုင် (ဓာတ်ပုံ – enigmaimages.photoshelter.com) 
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၄၄၅ ဆိုတာ ရှိပါတယ်။ အရင် အစိုးရ အဆက်ဆက်က ကျူးလွန်ထားတဲ့အမှုတွေကို နောက်ကြောင်း ပြန်မသက်ရောက်စေရဆိုတဲ့ ကိစ္စမျိုး ပါပါတယ်။ ငါတို့ ကျူးလွန်ထားတဲ့ကိစ္စတွေကိုကျတော့ ဒီလူတွေက သင်ပုန်းချေကို ချေရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပေါ့။ သို့ပေမယ့် သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေကို ဖြည်းဖြည်းချင်း လွှတ်ပေးတယ်ဆိုတာက သူတို့ဘက်ကကျတော့ မင်းတို့ကို သင်ပုန်းချေလို့မရဘူး၊ နည်းနည်းချင်း စောင့်ကြည့်လေ့လာပြီး လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။
ဦးတိတ်နိုင်၊ နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အသင်း
DVB သတင်းဌာန၊  အောက်တိုဘာ ၁
မိုးမခအတွက် ကျွဲဖြူ စုစည်းသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
One thought on “မိုးမခရဲ့ အောက်တိုဘာ စာကိုး စကားကိုး – Quotes in Oct 2012
  1. Right about nang khin zayar said and I like about GON.HTOO U thein naing meaning to Myanmar.Sar reason……
Comments are closed.