ကဗျာ

မျှော်လင့်ချက်နဲ့ မနက်ဖြန်

ဇော်ထက် (ပျဉ်းမနား)
အောက်တိုဘာ ၂၇၊ ၂၀၁၂
ညကလေးရယ်
အိပ်စို့ကွယ်လေ
ပျောက်ဆုံးနေတဲ့
မျှော်လင့်မှုရဲ့ နေ့ရက်များ
အတူအတူသွားရှာစို့လား။မြစ်နဒီရယ်
မနားနဲ့ကွယ်လေ
ပိတ်ဆို့လေမယ့်
ငွေရဲ့ သားကောင်များ
အတူတူသနားစို့လား။ဟိုတောင်ရိုးရယ်
အားတင်းပါကွယ်လေ
လှိုက်စားနေတဲ့
ဝိသမဆိုတဲ့ပိုးများ
တစ်နေ့တော့ ပျောက်သွားရမှာပေါ့။

မြိုင်တောညိုရယ်
မငိုနဲ့ကွယ်လေ
ပျောက်သွားလေတဲ့
မင်းရဲ့ ဝတ်ရုံများ
ဘယ်သူယူသွားရက်ခဲ့ကြတာလဲ။

လယ်ကွင်းလေးရယ်
အားမငယ်နဲ့ကွယ်လေ
ငိုချင်နေရှာမယ့်
စိမ်းစိုနေတဲ့ပန်းချီကား
ငါတို့အားပေးကြစို့လား။

မုန်တိုင်းပြီးရင်တော့
လေပြေနှော့နှော့
လာတော့မှာမို့
အားမလျော့လို့ကွယ်
ညကလေးရယ်
မြစ်နဒီရယ်
ဟိုတောင်ရိုးရယ်
မြိုင်တောညိုရယ်နဲ့
လယ်ကွင်းလေးရယ်
နံနက်ခင်းမယ်
နိုးထကြစို့ကွယ်လေ
မိုးသောက်နေထွက်
မျှော်လင့်ချက်ရဲ့ရောင်ခြည်များ
အတူတူကစားကြမယ်လေ။  ။

သရုပ်ဖော်ပုံအား ဤနေရာမှ ယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts