သတင်းဆောင်းပါး

၂၀၁၂ အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးတဲ့သူတွေ နိုင်မှာပဲ (TheGeek)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

၂၀၁၂ အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးတဲ့သူတွေ နိုင်မှာပဲ

နိုင်ငံတကာသာဂိ၊ အောက်တိုဘာ ၂၅၊ ၂၀၁၂

အိုဘားမားနဲ့ မစ်ရော်နီ ဘယ်သူလဲ

            ၂၀၁၂ နိုဝင်ဘာ ၆ မှာ အမေရိကန်သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်။ လက်ရှိသမ္မတအိုဘားမားနဲ့ အတိုက်အခံပါတီ ရီပတ်ဘလစ်ကန်သမ္မတလောင်း မစ်ရော်နီတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတယ်။ ရုပ်မြင်သံကြားမှာ ၃ ကြိမ်တိုင်တိုင် သမ္မတအရွေးခံလိုသူ ၂ ဦး စကားစစ်ထိုးခဲ့ကြပြီးပြီ။ လက်ရှိမှာ အိုဘားမားက စကားရည်လုတဲ့ဆီမှာ အသာရနေတယ်လို့ ဆိုတယ်။ ပါတီစွဲသူတွေကတော့ သူတို့သမ္မတကို သူတို့ မဲပေးမှာပဲ။ ပါတီစွဲမထားသူတွေကတော့ နောက်ဆုံးအချိန်အထိ စဉ်းစားတုန်းလို့ ဆိုတယ်။ အဲသည် ဝေခွဲမရသေးတဲ့ မဲဆန္ဒရှင်အရေအတွက်က မဲပေးသူ လူဦးရေရဲ့ ၃ % ကနေ ၅ % အထိပဲ ရှိပါတယ်။ အမေရိကန်လူဦးရေ ၅ သန်းလောက် ရှိတာပေါ့။

            လက်ရှိလာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ။ ဖြေစရာကတော့ မဲမပေးတဲ့သူတွေ ရှုံးမှာပဲ။ မဲပေးတဲ့သူတွေဖက်က နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံရေးစနစ်က မဲဆန္ဒနဲ့ပဲ ဆုံးဖြတ်တာဖြစ်တယ်။ မဲမပေးဘဲ အဲသည်တိုင်းပြည်မှာနေတဲ့သူ (နိုင်ငံသားတွေ) အတွက် ဘာအဓိပ္ဗါယ်ရှိမှာလဲ။ သူများဖန်တီးတဲ့ ကြမ္မာကို ဖန်တီးခံပြီး နေတဲ့ သူများအိမ်ကပ်နေတဲ့ ဧည့်သည်တွေလို ဖြစ်နေမှာပေါ့။

မဲထက်ကောင်းတာ ဘာရှိသေးလဲ၊ အာဏာရှင်စနစ်လား

ဒါကြောင့် မဲအဆုံးအဖြတ်နဲ့ တိုင်းပြည်နဲ့ လူမျိုးကြမ္မာကို ဖန်တီးတဲ့ တိုင်းပြည်မှာ မဲဆန္ဒတွေ ဘာတွေ မလုပ်ပါနဲ့ဗျာ။ ပြေလည်အောင် ညှိကြပါလို့ ပြောတဲ့သူတွေဟာ အာဏာရှင်လက်အောက်က လာတဲ့သူတွေ၊ စာပွဲဝိုင်းမှာ အများမဲဆန္ဒကို တင်ပြီး မဆွေးနွေးလိုသူတွေ၊ အသိအမှတ်မပြုလိုသူတွေ ဖြစ်တယ်လို့ ပြောရမှာပဲ။ မဲဆန္ဒနဲ့ ဆုံးဖြတ်ပြီးပြီဆိုလည်း ရွေးကောက်ပွဲသက်တမ်းတခုစာပဲ အဲသည်မဲဆန္ဒက အတည်ဖြစ်တာမို့ တသက်လုံး ဒီသဘောထားတခုတည်း အုပ်ချုပ်မှာ မဟုတ်တဲ့အတွက် နောက်သက်တမ်းမှာ ကိုယ့်မဲဆန္ဒအနိုင်ရအောင် လူတိုင်း တန်းတူကြိုးစားခွင့် ရှိကြတာမို့ အဲသည်တိုင်းပြည်မှာ လူတွေက သဘောထားချင်း မတူတဲ့သူတွေ အတူတူ နေထိုင်နိုင်တာ ဖြစ်ပါတယ်။

မဲပေးသူ လူဦးရေ

            အမေရိကန်မှာ လူဦးရေ သန်း ၃၀၀ ခန့် ရှိတယ်။ သန်း ၂၀၀ ကျော် က မဲပေးဖို့ မှတ်ပုံတင်ထားတယ်။ မဲပေးသူ တကယ်တန်း မဲပေးတာက သန်း ၉၀ ကနေ ၁၃၀ လောက်ကပဲ မဲပေးတယ်။ ဆိုတော့ မဲပေးရန် မှတ်ပုံတင်ထားသူထဲက ၄၀ – ၅၀ % နီးပါးလောက်ကပဲ တကယ် မဲပေးတယ်လို့ ဆိုနိုင်တယ်။ သူတို့တွေ (လူ သန်း ၁၀၀က) တိုင်းပြည်လူဦးရေ (သန်း ၃၀၀) အတွက် အဆုံးအဖြတ်ပေးတယ်ပေါ့။

            မဲပေးသူတွေထဲမှာ လူကြီးတွေနဲ့ လူချမ်းသာတွေက အများဆုံး မဲပေးတယ်လို့ ဆိုတယ်။ မျိုးဆက်သစ်လူဦးရေ အသက် ၁၈က ၂၉  နှစ်အထိ လူငယ်တွေက ၄၆ သန်း ရှိတယ်။ အဲသည်မှာ တကယ်တန်း မဲပေးသူက တ၀က်တောင် မရှိဘူးလို့ ဆိုတယ်။ ဆိုတော့ လူငယ် တ၀က်၊ လူကြီး တ၀က်က အမေရိကန်မှာ မဲပေးကြတယ်လို့ ဆိုရမှာပေါ့။

            အမေရိကန်မှာ မဲပေးသူ % က ၅၀% ခန့် ရှိတယ် ဆိုတဲ့အချိန်မှာ ၂၀၁၀ တုန်းက မြန်မာပြည်မှာ မဲပေးသူ % က ၇၇ % ရှိတယ်ဗျာ။ မြန်မာပြည်က လူဦးရေ ၅၃ သန်း စာရင်းမှာ ၂၉  သန်းက မဲပေးရန်မှတ်ပုံတင်ထားသူ၊ တကယ်မဲပေးသူက ၂၂ သန်း ရှိတယ်။ ဆိုတော့ မြန်မာပြည်ဟာ အမေရိကန်ထက် မဲဆန္̔ဒစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်တာကို လိုလားတယ်၊ စိတ်ထက်သန်တယ်ဆိုတာ ထင်ရှားတာပေါ့။

မဲပေးဖို့ မှတ်ပုံတင်ခြင်း

            အသက် ၁၈ နှစ် ကျော်တာနဲ့၊ (သို့မဟုတ်) အမေရိကန်နိုင်ငံသားဖြစ်တာနဲ့ အမေရိကန်သန်းကောင်စာရင်းဌာနက မဲပေးဖို့ မှတ်ပုံတင်ခိုင်းတယ်။ ဒ့ါက သူတို့နိုင်ငံသားအခွင့်အရေးကိုး။ မဲပေးခွင့်ရှိတယ်၊ တိုင်းပြည်မှာ အရွေးခံခွင့် ရှိတယ်။ အခွန်ပေးဆောင်ရမယ်။ အရေးကြုံရင် စစ်မှုထမ်းရမယ် ဆိုတာက သူတို့နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်။

            အမေရိကန်မျိုးဆက်သစ်တွေက သူတို့အစိုးရနဲ့ လွှတ်တော်ကို စိတ်ကုန်နေတာနဲ့ မဲမပေးကြတော့ဘူး။ အိုဘားမား ၂၀၀၈ မှာ သမ္မတအရွေးခံတော့ ဒါကို ပြောင်းလဲလိုက်တယ်။ မျိုးဆက်သစ်တွေကို မဲပေးဖို့ မှတ်ပုံတင်ခိုင်းတယ်။ မဲပေးခိုင်းတယ်။ ဘယ်ပါတီပေးပေး။ သို့သော် လူငယ်တွေက ဒီမိုကရက်ပါတီကို ပေးတာများတယ်။ လူကြီးတွေကတော့ အသက်ကြီးလေ၊ ရှေးရိုးစွဲလေ ဆိုတော့ ရီပတ်ဘလစ်ကန်တွေ ဖြစ်ကုန်တာ များတယ်။ ဒါနဲ့ပဲ လူငယ်တွေ၊ လူရွယ်တွေ၊ လူလတ်တန်းစားတွေ မဲပေးတဲ့ ဦးရေတိုးလာတာနဲ့အမျှ အမေရိကန်နိုင်ငံရေးကလည်း ချိန်ခွင်ညှာ အပြောင်းအလဲ မြင်လာရတယ်။

မဲဆန္ဒရှင်မှတ်ပုံတင်ပြ

            မဲပေးသူတွေ များလာတော့ တဖက်ပါတီကလည်း အတိုက်အခံတွေ၊ ကန့်သတ်မှုတွေနဲ့ တန်ပြန်လာတာတွေ ရှိတယ်။ ရစ်ပတ်ဘလစ်ကန်ပါတီက ဒီမိုကရက်တွေအတွက် မဲပေးတဲ့သူတွေက နိုင်ငံသားတွေ မဟုတ်ဘူး၊ မဲခိုးတယ်၊ မဲညစ်တယ်။ မဲလိမ်တယ်လို့ စွတ်စွဲပြီး မဲပေးတဲ့သူတွေက မှတ်ပုံတင်ပြပြီး မဲပေးရမယ်ဆိုပြီး ဥပဒေတွေ စည်းကမ်းတွေကို ပြည်နယ်တွေမှာ ပြဌာန်းဖို့ ကြိုးစားကြတယ်။

            Voter ID Law လို့ ခေါ်တယ်ဗျာ။ တကယ်တန်းကတော့ မဲသွားပေးတဲ့သူက သူ့နံမယ်စာရင်းက သတ်မှတ်ထားတဲ့ မဲရုံမှာ စာရင်းပေါက်ပြီးသား။ စာတိုက်ကနေ ကြိုပြီး ပို့ပေးထားတဲ့ မဲပေးခွင့်ကဒ်ပြားလေး ကိုင်ဆောင်ပြီး သွားမဲပေးရုံပဲဗျ။ မှတ်ပုံတင်မလိုဘူး။ အခုတော့ မှတ်ပုံတင်လိုတယ် ဘာလိုတယ် ဆိုတာက မဲပေးဖို့ လူတွေကို တွန့်ဆုတ်အောင်၊ စိတ်ပျက်အောင် တဖက်လှည့်နဲ့ လုပ်တာပဲလို့ ဒီမိုကရက်တွေက တန်ပြန် စွတ်စွဲကြတယ်။

ကြိုတင်မဲ

            အလုပ်များတဲ့သူတွေ၊ အလုပ်ရှုပ်သူတွေ၊ ခရီးသွားနေသူတွေအတွက် လွယ်ကူတဲ့ မဲပေးနည်းကတော့ ကြိုတင်မဲပေးတဲ့စနစ် ဖြစ်ပါတယ်။ Absentee Vote လို့ ခေါ်တယ်။ စစ်သားတွေ ပြည်ပကနေ ကြိုတင်မဲပေးကြတယ်။ လူကြီးတွေ၊ ဆုံးဖြတ်ပြီးသား လူတွေက ကြိုတင်မဲ ပေးကြတယ်။ မဲရုံကို နိုဝင်ဘာ ၆ နေ့မှ သွားစရာ မလိုတော့ဘူး။ စာတိုက်ကနေ ကိုယ့်မဲလက်မှတ်ကို ပို့ပေးလိုက်ရုံပဲ။

            ကြိတင်မဲကိုလည်း လူတွေက အမျိုးမျိုး ပြောကြတယ်။ နောက်ဆုံးမှ စိတ်ပြောင်းသွားရင် ပြင်ဖို့ ခက်တယ် ဘာညာပေါ့။ ဒါပေမယ့် ကြိုတင်မဲဆိုတာက အခြေခံဥပဒေမှကတည်းက ရှိပြီးသားဆိုတော့ ဒါကလည်း ဖျက်ပစ်လို့ မရတဲ့ စနစ်ဖြစ်ပါတယ်။ စနစ်ကျဖို့ စည်းကမ်းရှိဖို့သာ ကြပ်မတ်ရတာပါ။

အရေးအခင်းတွေ၊ ကင်ပိန်းတွေ၊ အရေးအကြောင်းတွေက တောင်းဆိုတဲ့ ဆန္ဒမဲ

            မဲပေးဖို့ စေ့ဆော်တဲ့ အကြောင်းတွေက ဘာတွေလဲ။ တိုင်းပြည်ကို ချစ်လို့၊ ကိုယ့်ပါတီကို နိုင်စေချင်လို့။ ကိုယ့်ကြိုက်တဲ့ သမ္မတကို အရွေးခံရအောင်လို့၊ တဖက်ကလူတွေကို အမြင်ကပ်လို့။ နောက်ပြီးတော့ ကိုယ်ရေးကိုယ်တာအတွက် အရေးကြီးတဲ့ ဘာသာရေး၊ မိသားစုအရေး၊ အလုပ်အကိုင်၊ စီးပွားရေး၊ ပညာရေး၊ ပြီးတော့ သက်ဝင်ယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး မိမိအလိုကျ ဆောင်ရွက်ပေးမယ့် လူတွေ၊ စနစ်တွေကို အာဏာရစေချင်လို့ လူတွေက မဲပေးကြတာပဲ။

            ပြီးတော့ တိုင်းပြည်ကို ကြိုးကိုင်လှုပ်ရှားနေကြတဲ့ ပါတီတွေ၊ သမဂ္ဂတွေ၊ ကုမ္ဗဏီတွေ၊ ကင်ပိန်းအဖွဲ့တွေကနေပြီး ဥပဒေတွေ၊ အမတ်တွေ၊ သမ္မတတွေကို ရွေးကောက်ပွဲတိုင်းမှာ သူတို့အလိုကျဖြစ်အောင် တင်သွင်းကြတယ်။ အစွံထုတ်ကြတယ်။ လူတွေကို ၀ါဒဖြန့်ပြီး လှုံဆော်ကြတယ်။ အဲသည် သူတို့ နောက်ကနေ မီးထိုးတဲ့ ၀ါဒဖြန့်တာတွေသွေးထိုးတာတွေနောက်ကို ပြည်သူတွေက နားယောင်ပြီးတော့ နားထောင်ပြီးတော့ မဲပေးကြတဲ့ အဖြစ်တွေလည်း ရှိတာပဲ။

            လက်ရှိမှာ အမေရိကန်မှာ လူတိုင်းအတွက် ကျန်းမာရေးဥပဒေကို အိုဘားမားက ပြဌာန်းလိုက်တယ်။ ဒါကို အတိုက်အခံက သူတို့ အာဏာရရင် ပြောင်းပြန်လှန်မယ်။ လက်ရှိမှာ စွမ်းအင်ချွေတာရေးနဲ့ ခေတ်ဆန်းအသွင်ပြောင်းရေး မူဝါဒရှိတယ်။ ဒါကို အတိုက်အခံက ပယ်ချချင်တယ်။ လက်ရှိမှာ စီးပွားကြပ်နေလို့ လူချမ်းသာတွေကို အခွန်နဲနဲလောက် တိုးပြီး ကောက်ချင်တယ်။ ဒါတွေကို အတိုက်အခံရီပတ်ဘလစ်ကန်တွေက လက်မခံဘူး။ ဒို့ချမ်းသာတာတွေ မထိနဲ့။ မွဲတဲ့ကောင်တွေ ထမင်းမရှိရင် ပေါင်မုန့်ဝယ်စားပါလား ဆိုတာမျိုး ပြန်ပြောချင်တယ်။ အမျိုးသမီးတွေ တန်းတူညီမျှမှု ကိုယ့်ကြမ္မာကို်ယ်ဖန်တီးခွင့်ကို အိုဘားမားက မြှင့်တင်နေတယ်။ ရီပတ်ဘလစ်ကန်တွေက အမျိုးသမီးတွေအရေးဆိုတာ ဘုရားသခင်အလိုတော်ပဲဆိုတာမျိုး လုပ်ချင်တယ်။

            ကဲ သည်တော့ တိုင်းပြည်တပြည်မှာ ခေတ်ရဲ့ တောင်းဆိုချက်အရ အရေးအခင်းတွေ၊ အရေးအကြောင်းတွေ၊ အငြင်းပွားဖွယ် သဘောထား၊ မူဝါဒတွေ ပေါ်ပေါက်လာတဲ့အခါမှာ ရွေးကောက်ပွဲနဲ့ မဲဆန္ဒခံတဲ့ စနစ်နဲ့ သက်တမ်းသတ်မှတ်ထားတဲ့အချိန်ဇယားအတိုင်း ရင်ဆိုင် ဖြေရှင်းကြတယ်။ အဲသည်အတိုင်း အနိုင် အရှုံး ဆုံးဖြတ်ပြီး လိုက်နာ ဆောင်ရွက်ကြတယ်။

            သည်တော့ အခု အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မှာလဲ။

            မဲပေးတဲ့သူတွေ နိုင်မှာပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts