သန်းဝင်းလှိုင်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ

သန်းဝင်းလှိုင်
အောက်တိုဘာ ၂၀၊ ၂၀၁၂ 
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ၏ အမည်အရင်းမှာ ကိုခင်မောင်ဦးဖြစ်သည်။ တို့ဗမာအစည်းအရုံးတွင် ၀င်သောအခါ သခင်ခင်မောင်ဦးဖြစ် လာသည်။ ဂျပန်တွင်စစ်ပညာသင်ယူစဉ်က ဂျပန်အမည်မှာ မွန်ရမာဆာရု (Monya Masaru) ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်များခံယူရာတွင် ဗိုလ်တာရာဖြစ်လာသည်။

ဗိုလ်တာရာကို ၁၉၁၉ ခုနှစ် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့တွင် ပျဉ်းမနား မြို့၌ သစ်စက်ပိုင်ရှင် ဦးအကောက်၊ ဒေါ်လွန်းတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၆)ယောက်အနက် အငယ်ဆုံးဖြစ်သည်။

၁၉၃၈ ခုနှစ် ပျဉ်းမနားမြို့ရှိ King Edward Memorial(K.E.M) အထက်တန်းကျောင်းမှ အင်္ဂလိပ် – မြန်မာ ၁၀ တန်းအောင်ခဲ့သည်။

အထက်တန်းကျောင်းသားဘ၀ကပင် ပျဉ်းမနားခရိုင် တို့ဗမာအစည်းအရုံးသို့ဝင်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။

ပျဉ်းမနားခရိုင် တို့ဗမာအစည်းအရုံး၊ ဗမာ့လက်ရုံးတပ်ဖွဲ့နှင့် တောင်ငူလယ်သမားအစည်းအရုံးတို့ကို တည်ထောင်ရာတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော ကျောင်းသားသပိတ်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့တို့အား လက်နက်ကိုင်တော်လှန်ရန် သခင်အောင်ဆန်း၊ နဂါးနီဦးထွန်းရွှေတို့၏ တာဝန်ပေးချက်အရ ၁၉၄၁ ခုနှစ် မေလတွင် ရဲဘော်သုံကျိပ် တတိယအသုတ်အဖြစ် သခင်စံမြ (ဗိုလ်တောက်ထိန်) ကိုလှမောင် (ဗိုလ်ဇေယျ) တို့နှင့်အတူ ကို ဆိုင်မာရူး (Kosei Maru) သင်္ဘောဖြင့် ရန်ကုန်မှ ထွက်ခွာခဲ့သည်။ ဂျပန်သို့ မေလအကုန်တွင်ရောက်ရှိပြီး ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်းကျွန်း တို့တွင် စစ်ပညာသင်ခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံအတွင်းသို့ မချီတက်မီ ဗိုလ်မှူးကြီးနေ၀င်းခေါင်းဆောင် သော ပြည်တွင်သူပုန်အဖွဲ့ တွင် အဖွဲ့အ၀င်အဖြစ်ပါဝင်လျက် ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရဟိုင်းမှတဆင့် ထိုင်း – မြန်မာနယ်စပ်ရှိ သာဆောင်ရမ်းကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ဗိုလ်တာရာသည် ပြည်တွင်း သူပုန်လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ဖြူး၊ ပျဉ်းမနား၊ ပဲခူးမြို့တို့တွင် မျိုးချစ်လူငယ်များကို စစ်ပညာသင် တန်းပေးခြင်း၊ စစ်လက်နက်ငယ်သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခု နှစ် ဇုလိုက်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီစီအေ) ကိုဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်း (၆) (မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည်) တွင်တာဝန်ကျကာ ဖက်ဆစ်ဂျ ပန်တို့ကိုတော်လှန်တိုက်ခိုက်ခဲ့သည်။

ဗိုလ်တာရာသည် ဗမာ့ကွန်မြူနစ်ပါတီဝင်ဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်တီက လိုအပ်ပါက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်ဗိုလ်တာရာဦးစီးသောတပ်များအားပျဉ်းမနားဒေသအတွင်းကိုတင်အခြေချခိုင်းထားခဲ့သည်။ ၁၉၄၈ မတ်လ ၂၈ ရက်နေ့တွင် ဗကပတောခိုသောအခါ ဗိုလ်တာရာ၏ လက်နက်ကိုင်များသည်တောခိုကာ ဖဆလပအစိုးရအား တော်လှန်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလတွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။

၁၉၆၀  ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်ကျင်းပခဲ့သော ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အမတ်လောင်းအဖြစ် ပျဉ်းမနားတောင်ပိုင်း မဲဆန္ဒနယ်မြေမှဝင်ရောက်ယှဉ်ပြိုင်ရာ ရွေးကောက်တင်မြှောက်ခံရသည်။ ယင်းနောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီအစိုးရတက်လာပြီးနောက် နိုင်ငံရေးမှအနားယူခဲ့သည်။

ဗိုလ်တာရာသည် စစ်ကြိုခေတ်ကပင် ၀တ္တုတို့များကို ဒီးဒုတ်ဂျာနယ်၊ သူရိယမဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလထုတ် မြ၀တီ မဂ္ဂဇင်းတွင် “သူရဲကောင်း ဗိုလ်ရန်အောင် “ ဆောင်းပါးတို့ကို စတင်ရေးသားခဲ့သည်။ ရှုမ၀၊ ငွေတာရီ၊ မြ၀တီ၊ သွေးသောက်မဂ္ဂဇင်းတွင် ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ကလောင်အမည်ဖြင့် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးတို့ကိုရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် “ရဲဘော်သုံးကျိပ် ပြည်တော်ပြန်” အမည်ရှိစာအုပ်ကိုရေးသားခဲ့ရာ  စာပေဗိမာန် (သုတပဒေသာ) ဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကိုယ်တွေ့ဖော်မိုဆာ စာအုပ်ကိုရေးသားခဲ့ပါသည်။ ထိုအပြင် ကတိသစ္စာ၊တောင်တန်းဧကရီ စသည့်ဂမ္ဘီရစာပေများ၊ သိုင်းနယ်မှ ကျားသောင်းကျန်းအပါအ၀င် မုဆိုးစာပေ၀တ္ထုများအပါအ၀င် လုံးချင်းစာအုပ် ၆၀ ကျော်ရေးသားခဲ့သည်။

သိုင်းနယ်မှကျားသောင်းကျန်းဝတ္ထုတို့ကို အထက်တန်းမြန်မာစကားပြေစာအုပ်တွင် သင်ရိုးညွန်းတမ်းအဖြစ် ပြဌာန်းခံရသည်။ မာန်စွယ်ဖွေး ဖွေး မုဆိုးဝတ္ထုသည် ဟင်ဒီဘာသာသို့ ပြန်ဆိုခြင်းခံရသည်။

မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တိုက်ဖျက်ရေးတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်တာရာသည် နိုင်ငံတော်မှ ချီးမြှင့်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်) ချီးမြှင့်ခဲ့ရသည်။

စစ်မှုထမ်းဟောင်ဝင် စာရေးဆရာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာသည် ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေံတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့ နယ်နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်စောခင်နှင့် သားနှစ်ယောက်၊ သမီးနှစ်ယောက်၊ မြေးတစ်ယောက် ကျန်ရစ်ခဲ့သည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts