ရသဆောင်းပါးစုံ

ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ
အောက်တိုဘာ ၁၈၊ ၂၀၁၂ 
 • ပြင်သစ်ဆိုတာ

ပါရီအကြောင်းမပြောခင် ပါရီဆိုတာ ပြင်သစ်ပြည်ရဲ့မြို့တော်ဆိုတော့ကာ ပြင်သစ်အကြောင်း နဲနဲစပြောရမှာပေါ့။ ပြင်သစ်ဆိုတဲ့ မြန်မာ အ ခေါ်အဝေါ်ဟာ ဘယ်တုန်းက ဘယ်သူကစတင်ပြီး ခေါ်ဝေါ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ သေသေချာချာမပြောနိုင်ဘူးလို့ ထင်ပါတယ်၊ မောင်ရင်ငတေဖတ်ဖူးခဲ့တဲ့ စာတအုပ်ထဲမှာတော့ (မွန်သမိုင်းပညာရှင်ကြီး နိုင်ပန်းလှရေးတာလို့ထင်ပါတယ်) ပြင်သစ်လူမျိုးကို ပြင်သစ်လို ခေါ်တဲ့ ဖရန်ဆေးဇ်၊ ဖရန်ဆေ့စ်၊ ပရန်သေ့စ်၊ ပရန်သစ်ကနေ မွန်လို မြန်မာလို ပြင်သစ်ရယ်လို့ ခေါ်ဝေါ်လာတယ်လို့ဘဲ နားလည်ထား လိုက်ပါတယ်။

အရှင်းဆုံးပြောရရင်တော့ ပြင်သစ်ပြည်ကြီးဟာ မြန်မာပြည်ထက် ကျဉ်းပါတယ်၊ သေးပါတယ်။ ဥရောပကုန်းမြေပေါ်ရှိတဲ့ မေထရိုပိုလီတန် ပြင်သစ်နိုင်ငံဟာ ၂၁၁၂၀၉ စတုရန်းမိုင်ကျယ်ပြီး အိုဗာဆီးပြင်သစ်နိုင်ငံလေးတွေနဲ့ပေါင်းလိုက်ရင်တောင်မှ ၂၆၀၅၅၈ စတုရန်းမိုင် သာရှိပါ တယ်။ လူဦးရေ စုစုပေါင်းက ၆၆ သန်းကျော်ခန့်ရှိတယ်။ အဲဒီထဲမှာမှ ပြင်သစ်စစ်စစ် ဘယ်လောက်ရှိသလဲဆိုတာကတော့ ပြင်သစ်လက် ရွေးစင် ဘောလုံးသမားတွေကိုကြည့်လိုက်တာနဲ့ဘဲ သိနိုင်ပါတယ်။ ခက်တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်ကာလက ထင်ရှားခဲ့တဲ့ နပို လီယံကိုမေးကြည့်ရင်လည်း သူကိုယ်သူ ပြင်သစ်စစ်စစ်လို့ပြောပါ့မလားလို့ မောင်ရင်ငတေ တွေးမိကြောင်းပါ။ နပိုလီယံက ပြင်သစ် တောင်ပိုင်း မြေထဲပင်လယ်ထဲက ကော်ဆီကာကျွန်းသားပါ။ ကော်ဆီကာကျွန်းဆိုတာ ယခုခေတ် အီတလီတို့ရဲ့ လွန်ခဲ့တဲ့နှစ် ၂၀၀၀ ခန့်က တည်ရှိခဲ့တဲ့ ရောမအင်ပါယာနယ်မြေထဲကပါ။ အဲဒီလို သမိုင်းကို ပြန်လှန်ကြည့်တဲ့အလုပ်ကတော့ မောင်ရင်ငတေရဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်အလုပ်မဟုတ် ကိုယ်သေချာမသိဘဲ ပြောမှားဆိုမှားဖြစ်ခဲ့ရင် ပြေးပေါက်မှားမှာစိုးရလို့ ဆက်မပြောတော့ပါဘူးနော်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကနေပေါက်ဖွားလာတဲ့သူတွေက နှစ်ဆယ့်တစ်ရာစုမှာတော့ ပြင်သစ်လူမျိုးစစ်စစ်တွေပေါ့ဗျာ။

ပြင်သစ်ပြည်ရဲ့တည်နေရာအနေအထားဟာ ဥရောပရဲ့ အနောက်ဖက်စွန်းရောက်နေပေမဲ့လည်း အဓိက အင်အားကြီးတိုင်းပြည်တွေနဲ့ နယ်နမိတ်ခြင်း ဆက်စပ်နေတာပါ။ နေမဝင်အင်ပါယာကြီးနဲ့လည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းပါ။ ဂျာမဏီ၊ အီတလီ၊ စပိန် ဘုရင့်နိုင်ငံတို့နဲ့ လည်း အခုဆိုရင် ရထားလမ်းတွေ အမြန်ကားလမ်းမကြီးတွေနဲ့ ဥဒဟို ဝင်ထွက်သွားလာနိုင်ပါတယ်။ မြေထဲပင်လယ် အတ္တလန်တိတ်သမုဒ္ဒရာ အင်္ဂလိပ်ရေလက်ကြား မြောက်ပင်လယ်တို့နဲ့ ဝိုင်းရံထားပါတယ်။ မြောက်ဘက်မှာ ဘုရင့်တိုင်းပြည် နိုင်ငံငယ်တွေဖြစ်ကြတဲ့ ဘယ်လ်ဂျီယမ် လူဇမ်ဘူးနဲ့ တောင်ပိုင်း စပိန်နယ်စပ်က အန်ဒိုရာနိုင်ငံရယ် ကမ္ဘာအချမ်းသာဆုံး တိုင်ပြည်တပြည်လို့ သတ်မှတ်ကြတဲ့ ဆွစ်ဇာလန်တို့နဲ့လည်း နယ်ခြင်း ဆက်စပ်နေပါတယ်။ အတိတ်သမိုင်းများမှာ ခပ်စွာစွာရှိခဲ့ဖူးတဲ့ ငဇင်ကာတို့ရဲ့ ပေါ်တူဂီပြည်နဲ့ ဒတ်ခ်ျတိုင်းပြည်တို့နဲ့လည်း လက်တ ကမ်း အကွာမှာရှိပါတယ်၊ ကုန်းမြေဆက်စပ်မှုများပြီး သွားရေးလာရေးလွယ်ကူခဲ့တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ ခုထိဝင်ထွက်သွား လာအခြေချ ပြောင်းရွေ့နေထိုင်မှုတွေများပြားခဲ့လွန်းတော့ ယခုခေတ် ပြင်သစ်စစ်စစ်တွေဆိုတာ ပြင်သစ်အီတလီ ပြင်သစ်အင်္ဂလိပ် ပြင် သစ်၊ စပိန်၊ ပြင်သစ်ဂျာမန်တွေလို့သာ ပြောလို့ရပါတယ်။

 

Départements d’outre-mer – Territoires d’outre-mer (The French Overseas Departments and Territories) ပင်လယ်ရပ်ခြား ပြင်သစ်ခရိုင်ဌာနများလို့ ခေါ်လို့ရနိုင်မဲ့ ကာရေဘီယံပင်လယ်ထဲမှာတည်ရှိတဲ့ ဂွါဒလု့ပ် (La Guadeloupe) နဲ့ မာတီနစ် (La Martinique) အပါအဝင် အခြားသော ကျွန်းပိစိလေးတွေရယ်၊ အာဖရိကတိုက် တောင်ဘက်စွန်းနဲ့ကပ်ရက် အိန္ဒိယသမုဒ္ဒယာထဲက La Réunion နဲ့ Mayotte လို့ခေါ်တဲ့ သာယာလှပတဲ့ ကျွန်းကလေးတွေမှာ မွေးဖွားနေထိုင်တဲ့ ကျွန်းသူကျွန်းသားလူမည်းများကလည်း ပြင်သစ်နိုင်ငံသားစစ်စစ် တွေအဖြစ် သတ်မှတ်ထားတာပါ၊ ပြင်သစ်နယ်တွေဖြစ်လို့ ယူရိုငွေကြေးဇုန်ထဲမှာ ပါဝင်ပေမဲ့ Schengen Visa Area ထဲတော့ မပါဝင်ပါဘူး၊ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Thierry Henry၊ Lilian Thuram၊ William Gallas တို့ဟာ ဂွာဒလု့(ပ်)လူမျိုးတွေ ဖြစ်ကြပါတယ်၊ အဲဒါကြောင့်လို့တော့ ထင်ပါတယ် ပြင်သစ်လူမျိုးတွေက ရုတ်တရက်ကြည်ရင် သွေးကြီးကြသလို ထင်ရမြင်ရပေမဲ့ လူမျိုးရေးအရတော့ ခွဲခြားမှု အထင်သေး အမြင်သေးမှု အရမ်းကိုနည်းပါးကြပါတယ်။ ကျနော်မြန်မာလူမျိုးပါလို့ ပြောတဲ့အခါတိုင်းမှာ သူတို့ကြည့်တဲ့အကြည့် ဆက်ဆံတဲ့အမူအရာ ပြောင်းလဲသွားတာကို မြင်ရတွေ့ရခဲပါတယ်။ မောင်ရင်ငတေတို့ရဲ့ အိမ်နီးနားချင်းတွေကတော့ တော်တော်ကို ဆိုးဝါး စွာ ဆက်ဆံခံခဲ့ရတာကို ကိုယ်တွေ့ကြုံခဲ့ရဖူးတဲ့သူပါခင်ဗျာ။

နောက်ပြီး မောင်ရင်ငတေ ရောက်ဖူးချင်တဲ့ ကမ္ဘာကျော် တဟီတီကျွန်းကလည်း ပစိဖိတ်သမုဒ္ဒယာ ထဲက ပြင်သစ်ရဲ့ကျွန်းလေးတကျွန်းပါဘဲ၊ ဒီကျွန်းဆီကိုတော့ အခုထိ မသွားနိုင်သေးပါဘူး။ မောင်ရင်ငတေသွားခဲ့တဲ့ခရီးတွေက ခြစ်ချုပ်ကုပ်ကပ်ပြီးထားတဲ့ ငွေစကလေးတွေနဲ့ လက်မှတ် ပေါပေါချောင်ချောင်ဝယ်လို့ရတဲ့အချိန်ရယ် ညအိပ်တည်းခိုလို့ရမဲ့ ရွှေမြန်မာတည်းခိုအိမ်တွေနဲ့ အဆက်အသွယ်ရမှသာ  သွား လာနိုင်တာပါဗျာ။ ကိုယ်ပိုင်စရိတ်နဲ့ သွားလာရလို့ စိတ်သွားတိုင်း ကိုယ်မပါပါဘူး။ ငွေများများဝင်ဖို့ အလုပ်လည်း မလုပ်တတ်ဖူးလေ။ ရနိုင်သမျှ ရောက်နိုင်သမျှတော့ သွားချင်နေတာပါဘဲ။ ဥရောပကို စတင်ခြေချဖို့ ကြံစည်ချိန်ကထဲက ပြင်သစ် ပါရီ အီဖယ်လ်သမိုင်းကို ကြိုက်နှစ် သက်တာရယ်၊ ဥရောပရဲ့ တဆက်တစပ်တည်းသော ကုန်းမြေကြီးပေါ်က သွားလမ်းလာလမ်း အလှမ်းသိပ်မဝေးတဲ့ သမိုင်းဝင်မြို့ တွေ တိုင်းပြည်တွေကို အခွင့်သာရင် ရောက်အောင်သွားချင်တဲ့ ဆန္ဒတွေ ရှိခဲ့တာရယ်။ ဒါတွေ တချို့တဝက်တော့ ပြည့်ခဲ့ပါပြီ။ နောက် ဆက်ပြီး သွားရနိုင်ဖို့ကိုတော့ ဘယ်သူ့ကိုတိုင်တည် ဆုတောင်းရမှာပါလိမ့်၊ ကိုယ်ကိုတိုင်က သိပ်အစွမ်းစရှိတာမှ မဟုတ်တာ မဟုတ်လား၊ ဖိတ်ခေါ်မဲ့သူ ပေါ်လာမလားလို့ပါဗျာ။

• ပါရီသမိုင်း
ပါရီမြို့ကို ခရစ်တော်မပေါ်ခင်နှစ် ဘီစီလေးငါးထောင်ကတည်းက တည်ဆောက်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြပါတယ်။ မား ဆေးလ်မြို့က ဘီစီ ၆၀၀ ခန့်ကတဲကတည်ရှိခဲ့ပြီး ပါရီထက် စောတယ်လို့လည်း ဖတ်မိ မှတ်မိပါတယ်။ ဟိုဖတ်ဒီဖတ်ဆိုတော့လည်း ရော ကုန်ပါပြီ။

 

၁၂ ရာစု ပါရီမြို့တော်ကတော့ ယနေ့ခေတ် မြို့လည်ခေါင်မှာရှိတဲ့ နော်တာဒမ် ဘုရားကျောင်း ပတ်ဝန်းကျင်တဝိုက်သာရှိသေးပါတယ်။ အ နော်ရထာတို့ ကျန်စစ်သားတို့ မင်းစောလူတို့ခေတ်က တည်ဆောက်ခဲ့တဲ့ ပုဂံဘုရားစေတီများနဲ့ သိပ်မကွာတဲ့ခေတ် ခေတ်ပြိုင် နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ၁၂ ရာစု မတိုင်ခင်ကာလ စောစောပိုင်းကတည်းက တည်ရှိခဲ့တဲ့ မြို့တော်ဟာ မြို့တော်ပါဘဲခင်ဗျာ။ ဒီမြို့တော်ကြီးဟာ အမြဲတမ်းမြို့တော် ဖြစ်နေအုံးမှာပါ။ မြို့တော်တွေ များပြားခြင်းဟာ အချင်းချင်း သွေးကွဲစေခြင်းတွေကို ဖန်တီးပေးစေတယ်လို့် ထင်မိပါ တယ်။ ပြင်သစ်ပြည်ရဲ့ ပထမမြို့ပါရီနဲ့ ဒုတိယမြို့များဖြစ်ကြတဲ့ လီယွန် (Lyon) မားလ်ဆေးလ် (Marseille) မြို့သားများဟာ အမြဲတမ်း ပြိုင်ဖက်တွေသာ ဖြစ်ခဲ့ကြပါတယ်။ ခုအထိ ဘောလုံးကန်တိုင်း ဘောသမားချင်းရော ပရိတ်သတ်ပါ အမြဲလိုလို ပြဿနာနဲ့ပါ။ ဒါတောင် လီ ယွန်မြို့က ပြင်သစ်ပြည်သမိုင်းမှာ ပြင်သစ်မြို့တော်လို့ မောင်ရင်ငတေတော့ တခါမှမကြားဖူးပါ။ မောင်ရင်ငတေ ဗဟုသုတနဲလို့ မဖတ်ဖူးလို့ လည်း ဖြစ်ရင်ဖြစ်မှာပါနော်။

 

ပါရီမြို့မှာ ၁၈၆၀ ခုနှစ်လောက်ကစပြီး ဒီကနေ့ထိ ထူးထူးခြားခြား အပြောင်းအလဲမရှိခဲ့တဲ့ အမှတ် (၁) ကနေ (၂၀) ထိ ရပ်ကွက်ကြီး ၂၀ ရှိ ပါတယ်။ အီဖယ်တာဝါ တည်ဆောက်ခြင်းမပြုရသေးတဲ့ ခေတ်ဖြစ်ပါတယ်။

၇၅ နဲ့စတဲ့ စာတိုက်သေတ္တာနံပတ်ကတော့ ပါရီမြို့ရဲ့နံပါတ်ဘဲဖြစ်ပါတယ်။ ဒီရပ်ကွက် ၂၀ မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်ပြီး ပါရီ မေထရိုပိုလီတန်မှာတော့ လူဦးရေ ၁၂ သန်းကျော် ရှိပါတယ်။ စုစုပေါင်းနိုင်ငံလူဦးရေရဲ့ ငါးပုံတစ်ပုံလောက်ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားမှာ မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသားဖြစ်နေသူ သုံးပုံတစ်ပုံခန့် ရှိနေပါတယ်။ ပါရီမြို့မှာ နိုင်ငံခြားသား ဘယ်လောက်များမများဆိုတာ မောင်ရင် ငတေတို့နေတဲ့ ပါရီမြို့တောင်ဘက် အစွန်းကျကျကနေ မြေအောက်ရထား စစီးပြီးသွားခဲ့တာဟာ မြောက်ဘက်စွန်း ဂိတ်ဆုံးဘူတာကို ရောက်ရင်ဖြင့် တရုတ်ပြည်ကနေ အိန္ဒိယကို ရောက်သွားတာလား အာရပ် အာဖရိကကိုဘဲ ရောက်သွားတာလား လို့ကို စိတ်ထဲမှာ အမြဲလို လိုဘဲ ထင်မြင်မိကြောင်းပါဗျာ။ အဲဒီတော့ကာ ရထားပေါ်မှာ ကြားရတဲ့စကားသံတွေကလည်း လူမျိုးပေါင်းစုံရဲ့အသံတွေ စုံတကာစိလို့ကို နေပါတော့တယ်။

အီဖယ်မျှော်စင် တည်ဆောက်ပြီးတဲ့ ၁၈၉၀ ကျော်နှစ်များက ပါရီမြို့ရဲ့ အဓိကနေရာ အဓိကအဆောက်ဦးများကတော့ ဒီကနေ့ခေတ် မောင် ရင်ငတေတို့ ရောက်ရှိခဲ့တဲ့နေ့များအထိ မပြောင်းမလဲ တည်ရှိနေတာကို ဒီပုံတွေမှာ ထင်ထင်ရှားရှားကို တွေ့ရှိရမှာပါ။ ဒါကြောင့် မောင် ရင်ငတေရဲ့ ပြင်သစ်လူမျိုး မိတ်ဆွေတယောက် အပြောကတော့ သူအီဖယ်လ်မျှော်စင်ပေါ် မရောက်တာကြာပြီဖြစ်ကြောင်း သူသက်တမ်း ငါးဆယ်မှာ တခေါက်သာရောက်ဖူးကြောင်း ဒါတောင်သူကျောင်းသားဘဝက လေ့လာရေးအဖြစ် ကျောင်းအစီစဉ်နဲ့ ရောက်ခဲ့တာဖြစ်ကြောင်း ခုထိ ဘာတခုမှ အပြောင်းအလဲမရှိလို့ သွားရမှာပျင်းကြောင်း စီးပွားရေးသမားတွေက ဂွင်ဖန်လုပ်စားနေတာဘဲ ဖြစ်ကြောင်းတွေ ပြောပြ နေလို့ မောင်ရင်ငတေကတော့ ပါးစပ်ပိတ် အသာဘဲ နားထောင်နေလိုက်ရကြောင်းပါခင်ဗျာ။ လူဘဲနော် အမျိုးမျိုးရှိတာပေါ့ မဟုတ်လား လွတ်လပ်စွာကွဲလွဲခြင်းပေါ့။

Photos : Google image

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts