သတင်းပဒေသာ

မွန်ပြည်နယ် ကျေးရွာတရွာမှ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လှည်ခွင့် လျှောက်ထား



by Yangon Press International on Monday, 15 October 2012 at 09:23 ·
အောက်တိုဘာ ၁၅၊ ၂၀၁၂၊ YPI
ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့ှ်စီတန်းလှည့်လည်ခွင့် ဥပဒေ နည်းဥပဒေများ ပြဋ္ဌာန်းလိုက်သည့် နောက် မကျေနပ်မှုများ၊ နစ်နာမှုများအား ဆန္ဒထုတ်ဖေါ်လျှက်ရှိကြရာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာမှ ကျေးရွာသားများကလည်း လာမည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ယမန်နေ့က လျှောက်ထားခဲ့ကြကြောင်း လျှောက်ထားသူတဦးက က ပြောဆိုသည်။
လာမည့် ၂၂ ရက်နေ့ နံနက်တွင် ၎င်းတို့နေထိုင်ရာ ဓမ္မသတ်ကျေးရွာမှ ကျိုက်မရောမြို့နယ် တရားရုံးသို့ ကားများဖြင့် သွားရောက်ပြီး တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖေါ်ရန် ရည်ရွယ်ထားကြောင်း ယင်းလျှောက်လွှာတွင် ဖေါ်ပြထားသည်။ ဆန္ဒပြမည့် လူအရေအတွက်ကို လူ ၂၀၀ မှ ၁၀၀၀ အကြားရှိမည်ဟု လည်း လျှောက်လွှာတွင် ပါရှိသည်။
ဆန္ဒထုတ်ဖေါ်မည့် အကြောင်းရင်းမှာ ကျေးရွာ မူလတန်းကျောင်းကို ဖျက်၍ မြေရောင်းချလိုက်သည်ဟု ဓမ္မသတ်စံပြ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအား ကျေးရွာသားတချို့က တိုင်ကြားခဲ့သည့်နောက် ယင်းအုပ်ချုပ်ရေးမှူးက ကျေးရွာသားများအား အသရေဖျက်မှုဖြင့် ပြန်တရားစွဲသည့်နောက် တိုင်ကြားသူ ကျေးရွာသားတဦးကို ကျိုက်မရောမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လချမှတ်ခဲ့သည်။ ယင်းသို့ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို ကျေးရွာသားများက မကျေနပ်သဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ကျေးရွာမူလတန်းကျောင်းမြေ ရောင်းချသည်ဟု စွပ်စွဲခံရသူ၏ အမည်မှာ ဦးထွန်းလင်းဖြစ်၍ ၎င်းက တိုင်ကြားသူ ဦးမင်းစိုးမြင့်နှင့် ဦးငွေသောင်းတို့အား မမှန်မကန် တိုင်ကြားသည်ဟု ဆိုကာ ပြန်လည်တရားစွဲခဲ့ရာမှ ကျိုက်မရောမြို့နယ် ဒုတိယ တရာသူကြီး ဦးသိန်းထွန်းက တိုင်ကြားသူ တဦးဖြစ်သည့် ဦးစိုးသိန်းအား မကြာသေးမီက ထောင်ဒဏ် ၆ လချမှတ်ခဲ့ခြင်း ဖြစ်သည်။
မကြာမီ လများအတွင်း အလုပ်သမား လုပ်ခလစာတိုးမြှင့်ရေး၊ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တံ့ရေး၊ အိုအိုင်စီရုံး ဖွင့်ခွင့်မပြုရေး အစရှိသည့် ကိစ္စရပ်များအတွက်  ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းအစရှိသည့် မြို့နယ်များတွင် ဆန္ဒထုတ်ဖေါ်မှုများ ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျှက်ရှိသည်။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မွန်ပြည်နယ် ကျေးရွာတရွာမှ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လှည်ခွင့် လျှောက်ထား
  1. အခုခေတ်ယာငွေများတရားနိုင်တဲ့ခေတ်မဟုတ်ငွေနည်းတရားရှုံးတဲံ့ခေတ်ဟုသိကြပါသလား

Comments are closed.