ကဗျာ မောင်စွမ်းရည်

ကွယ်လွန်သူ ဗိုလ်ချုပ်ကျော်ဇော သို့ (Maung Swan Yi)

ကွယ်လွန်သူ ဗိုလ်ချုပ်ကျော်ဇော သို့
မောင်စွမ်းရည်၊ အောက်တိုဘာ ၁၄၊ ၂၀၁၂
ပြည်သူ့ ကျော်ဇော၊ ဘကျော်ဇောအတွက်
နှုတ်ဆက်ကဗျာ ပူဇော်ပါအံ့။
နယ်ချဲ့ဆန့်ကျင်၊ တိုက်ပွဲဝင်သူ။
ဖက်ဆစ်ဂျပန်၊ တော်လှန်ခဲ့သူ။
ကျူးကျော်တရုတ် တိုက်ထုတ်ခဲ့သူ။
တော်လှန်တပ်မတော် ဖော်ဆောင်ရာမှာ
ဦးဆောင်ပါသူ။
မှိုင်းနဲ့အတူ ချိုးဖြူလွှတ်သူ
ခေတ်အဆက်ဆက် ပြည်သူ့ဖက်က လက်နက်ကိုင်သူ။
ထိုသူသည်ကား …
ဘ၀တပါးသို့ ပြောင်းသွားခဲ့ပြီ
ကြယ်နီအဖြစ် မိုးပြာမြင့်သို့
လွင့်တက်သွားပြီ။
ထိုကြယ်နီသည်
ကမ္ဘာတည်သရွေ့ မြန်မာပြည်အတွက်
ကြယ်နီလမ်းပြ ဖြစ်စေသတည်း။
ကဗျာဆရာ ဒို့သူငါလည်း
ကမ္ဘာဆက်ဆက် ဘ၀ဆက်ဆက်
ဒို့ဘသက်ရှည် ကြယ်နီနီကို
ကြည်ညိုဖော်ညွှန်း မော်ကွန်းကဗျာ
ရေးစီကာလျှင် ပါရမီဖြည့်ဖက်
တော်လှန်ဖက်ဟု ရဲဘက် ရဲဘော်
ဖြစ်စေသော်။     ။
(၂၀၁၂၊ အောက်တိုဘာ ၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts