ကဗျာ ကမာပုလဲ

သူစိမ်းများ (Kama Pale)

သူစိမ်းများ

ကမာပုလဲ
အောက်တိုဘာ ၁၄၊ ၂၀၁၂

သူစိမ်းဆံလာမှုတွေထဲမှာ
ကိုယ်ရှုရှိုက်နေရတဲ့ ရှင်သန်မှုအသက် လေ
ကိုယ့်ကို သူစိမ်းဆံလာမှုဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
တောကြီးမျက်မည်းထဲက တဲအိမ်ငယ်ကလေး
အခြေပျက် အနေပျက်
ကိုယ့်ကို ချစ်ရဲ့နဲ့
ထွေးပိုက်ထားဖို့ ခက်လာတဲ့အရေးဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
တအိုးထဲ စား
ကြမ်းတပြေးထဲ အိပ်
တအိပ်မက်တည်း အတူတူ မက်ခဲ့တဲ့ဘ၀များ
စည်းပျက်ဝါးပျက် ပြိုကွဲနေကြတာဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပန်းများ
ပရိယာယ် ဆံကေသာထက်
ရနံ့ပျက် ပွဲတက်အခင်းအကျင်းတွေဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
တကိုယ်စာတောင်မရှိတဲ့ အကျဉ်းတိုက်ထဲ
ရင်ကို ရင်ချင်း ချနင်းနေမှုတွေဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
ထမင်းရည်တောင် နပ်မမှန်ရှာတဲ့သူတွေကို
နတ်သုတ်ဒါ စားနေသလားဆိုတဲ့
ခေတ်သစ် မေရီအင်တွိုင်းနက်တွေရဲ့အတွေးဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ ….
သူစိမ်းဆံလာမှုတွေထဲမှာ ….
သူစိမ်းဆံလာမှုတွေထဲမှာ ….

သူစိမ်းဆံလာမှုတွေထဲမှာ
ညှို့ကြိုးကုန်တဲ့စကား
ဖန်တီးမှုမပါတဲ့ အနုပညာ
တကိုယ်စာထွက်ပြေးနေတဲ့ စွန့်စားခန်းများ
ဝေ့လည်ကြောင်ပတ် မြေပုံညွှန်းများ
ထွေရာလေးပါး ဗျာဒိတ်တော်များ
နောင်ပွင့်မယ့်ဘုရားတွေကို လေလံဆွဲဖို့ ကြံစည်စီမံထားသူများ
မြေကြီးနဲ့ ခြေဖ၀ါးအကြားမှာ ဘ၀င်ဖိနပ်နဲ့ ကမ္ဘာခြားနေကြသူများ
ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်နှလုံးသားရဲ့ ရင်ခုန်သံကို
စစ်မစစ် ပြန်ပြန်စစ်နေရတဲ့ နှစ်ကာလများ …။
 

ဘာရယ်လို့မဟုတ်ပါဘူး
မဖြစ်စလောက်ပါ
“သင်္ချိုင်း မရွေးပါဘူး” မေမေရယ်
အိပ်စရာဆိုလို့
ကျောတခင်းစာ နေရာကလေးကတောင် သူစိမ်းဆံလာနေတဲ့ခေတ်ကြီးထဲ
တခါတခါ အိမ်ကို သတိရတတ်တာက လွဲလို့ …။    ။

(“သင်္ချိုင်းမရွေးဘူး” ဆိုတဲ့ဆိုစကားလေးဖတ်မိလိုက်တော့ လက်ရှိဘ၀ကို ပိုလို့ကျေနပ်မိသွားတယ်။ ဒါကြောင့် ဒီကဗျာရေးဖြစ်တယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts