ကဗျာ

စာအုပ်ထူကြီးဖတ်တဲ့နိုင်ငံ

ကျော်ဟုန်း
အောက်တိုဘာ ၇၊ ၂၀၁၂

ခေတ်အဆက်ဆက်
မှတ်တမ်းများဖွဲ့ခဲ့လို့ 
ငါတို့ရဲ့စာအုပ်ဟာလည်း
စာမျက်နှာတွေများခဲ့
စာအုပ်ဟာ ထူထဲလာပေါ့ …။စာအုပ်က ထူပေမယ့်
တမျက်နှာလှန်လည်း ဒီစာ
နောက်မျက်နှာများမှာလည်း ဒီဟာ
သံတူကြောင်းမကွဲ သင်ရိုးများနဲ့
ရင်းနှီးကျွမ်းဝင်နေရတော့လေ …။

ထူထူလာတဲ့ စာမျက်နှာများထဲ
ထူထူထဲထဲ မစဉ်းစားနိုင်ခဲ့ကြ
အာဂုံသာရွတ်နေခဲ့ရပေါ့
တိုးတက်နေမှုရဲ့ အဝေးကမ္ဘာမှာ
နေထိုင်ရင်း ကြီးပြင်း …။

နောက်ကျလေခြင်းတဲ့
အောက်ကျလေခြင်းတဲ့
ဒီညည်းချင်းဟာ ဂန္ဓဝင်ဂီတဖြစ်
မျိုးဆက်တိုင်း ဆက်ဆိုသောတေး
စာအုပ်ထူကြီးရဲ့
ဘေးထွက်အကျိုးများပဲပေါ့ကွယ် …။

ဘေးထွက်အကျိုးတွေများတဲ့
အဲဒီစာအုပ်ထူကြီးအကြောင်း
တွေးမိတဲ့သူတွေလဲ
ဖောက်ပြန်ရေးသမားဆိုပြီး
တံဆိပ်ကပ်ခံရ
ကားစင်တင်ခံရပေါ့ မနည်း
ခေတ် အဆက်ဆက်
တခေတ် တယောက်
ပေါ်တော့ ပေါ်ဖူးပါရဲ့လေ
ဒါပေမယ့် …။

ဒါပေမယ့်ရဲ့နောက်ဆက်တွဲမှာ
ဒါတွေဖြစ်ခဲ့တယ်
ဆွံ့အ
နားမကြား
လျှာခင်သီးရောင်
မျက်လုံးတိမ်စွဲ
လက်မသန်
ခြေကျိုး
ဒုက္ခိတလူမျိုး
အမည်ဆိုးနဲ့ နာမည်ကျော်ခဲ့ …။

အကယ်၍သာ
စာအုပ်ထူကြီးအကြောင်း
ဖောက်တွေးနိုင်တဲ့
ဖောက်ပြန်ရေးသမားတွေများတဲ့တနေ့ 
ဒုက္ခိတဘဝ ကျွတ်လွတ်
ရွှေအုတ်နဲ့ အိမ်ဆောက်ကြလေမယ် …။

အကယ်၍သာ
မဆုံးရှုံးသင့်ဘဲ
ကျရှုံးခဲ့ရတဲ့ဘဝတွေကို
နေ့ပြန်တိုးချေးလို့ရရင်
ဒို့လူမျိုးတွေ
သန်းကြွယ်သူဌေး
ဖြစ်နေရော့မယ်လေ …။

ဒါပေမယ့်လဲ ဟုတ်သေးဘူး
မိုက်ခရိုပြားလေးတွေနဲ့
လုပ်စားနေတဲ့သူတွေမှီဖို့
ပေ-ဇာတာမှာ ဖွဲ့လေတဲ့
နောင် အနှစ် တရာ့နှစ်ဆယ်
သွက်သွက်ပြေးနိုင်ခါမှ
မှီနိုင်ကောင်းမှာမို့
စာအုပ်ထူကြီးကို
မီးတင်ရှို့ရဲပါလေစို့ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts