ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

သူတို့အလှူနှင့် သူတို့ကုသိုလ် မှတ်စုများ

နာရေးကူညီမှုအသင်း (ရန်ကုန်)
စက်တင်ဘာ ၂၅၊ ၂၀၁၂ 

 ● စေတနာဝဿန်၏ မြတ်ဒါန
၁.၉.၂ဝ၁၂ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ MCC ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာပြည်တွင်းရှိ နာမည်ကြီး တီးဝိုင်း အများဆုံးပါဝင်ခဲ့ည့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ “စေတနာဝဿန် ဂီတဖျော်ဖြေပွဲ” အခမ်းအနားတွင် ရရှိသည့် အလှူငွေ မှ  (၂၅) သိန်းကျပ်တိတိအား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

 

 

ယင်းလှူဒါန်းပွဲအား ပြုလုပ်ဖြစ်ခြင်းနှင့် ၈၈ မျိုးဆက်ရန်ပုံငွေ “စေတနာဝဿန် ဂီတဖျော်ဖြေပွဲ” ကျင်းပဖြစ်ပုံအား ၈၈ ကျောင်းသားအဖွဲ့ ဒေါ် မီးမီး မှ ပြောကြားခဲ့ရာ “ကျွန်မတို့ ၈၈ မျိုးဆက်ကျောင်းသားများသည် အများသိတဲ့အတိုင်း ထောင်ထဲသို့ ဝင်လိုက်/ထွက်လိုက် ဖြစ်ကြပြီး အချို့သည်လည်း ဘွဲ့မရ၊ ကျောင်းမပြီးဆုံးကြဘဲ အထိန်းသိမ်းခံရသူများဖြစ်ကြကြောင်း၊ ပြည်သူလူထုတို့၏အကျိုးအား ပြည်သူလူထုနှင့် အတူ ရင်ခုန်သံထပ်တူ ခံစားပြီးလုပ်ဆောင်နိုင်ရန် ပြည်သူချစ်သည့် အနုပညာရှင်များ၏ တတတ်တအား ပါဝင်ကူညီကြသည့်အတွက် စေ တနာဝဿန် ဂီတဖျော်ဖြေပွဲ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ၎င်းမှရရှိလာသည့် ငွေကြေးများအား ကချင်စစ်ဘေးဒုက္ခသည်များ၊ ရခိုင် ပြည်နယ်ပဋိပက္ခကြောင့် ဒုက္ခ ရောက်နေသူများ၊ ရေလွှမ်းမိုးမှုနေရာများသို့ လှူဒါန်းခဲ့ကြသလို နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်း ရခြင်းသည် ၈၈ ကျောင်းသားများသည် ပြည်သူလူထု၏အကျိုးအား ထမ်းဆောင်နေသော်ငြားလည်း သက်ရှိများ၏အကျိုးကိုသာ ဆောင် ရွက်နိုင်ခဲ့ပြီး သေဆုံးသွားသူများအား ၈၈ ကျောင်းသားများအနေဖြင့် ယနေ့အထိ ဘာမှဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ နာရေးကူညီမှု အသင်း (ရန်ကုန်) သည် သေဆုံးသူများသာမက သက်ရှိသူများအစ ကလေးငယ်များ၏အကျိုးလည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းတစ်ခု ဖြစ်နေသည့်အတွက် စေတနာဝဿန်ပွဲမှ ရရှိသည့်ငွေကြေးများထဲမှ လာရောက်လှူဒါန်း ခြင်း”  ဖြစ်ကြောင်းပြောကြားကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ၊ ကိုဆောင်းဦးလှိုင်နှင့် အလုပ်အမှုဆောင်များထံသို့ ၈၈ ကျောင်းသားများမှ အလှူငွေ ၂၅ဝဝဝဝဝိ/- (နှစ်ဆယ့်ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေမှ ကျေးဇူးတင်စကားပြောကြားရာတွင် “၈၈ ကျောင်းသားများနှင့် အတူ တူလက်တွဲ၍ မလုပ်ကိုင်ကြသော်လည်း အားလုံး၏ရည်ရွယ်ချက်သည် အတူတူဖြစ်ကြပြီး တိုင်းပြည်၏အကျိုးအား တတ်စွမ်းသည့်ဘက်မှ ကိုယ်ကျိုးမဖက် လုပ်ဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ပြောစရာမလိုအောင် နားလည်ကြပြီးဖြစ်ကြောင်း၊ ၈၈ ကျောင်းသားများကိုယ်တိုင် ရှင်သူများအား လုပ်ဆောင်နိုင်သလို သေဆုံးသူများအတွက်လုပ်ဆောင်နိုင်ရန် နာရေးကူညီမှုအသင်းသို့ လာရောက်လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ကြောင်း” ပြောကြားသွားခဲ့သည်။

ထို့နောက် စေတနာဝဿန် ဂီတဖျော်ဖြေပွဲ၌ ကိုယ်တိုင်ပါဝင် သီဆိုခဲ့သူ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အထူးဧည့်သည်တော် အသင်း သားဖြစ်သူ ကိုဆောင်းဦးလှိုင်မှ အမှတ်တရစကား ပြောကြားခဲ့ရာ “ရဲဘော်ရဲဘက် အချင်းချင်း တစ်ဦးအပေါ်တစ်ဦး စာနာနားလည်စိတ်ဖြင့် အကြံဉာဏ်ပေးခြင်းဖြင့် အများပြည်သူတို့၏အကျိုးများအား ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ စာနယ် ဇင်းများကိုယ်စား ကိုမျိုး (မြန်မာစာ) မှပြောကြားခဲ့ရာတွင် “တချိန်က ၆၂ နှင့် ၂၆ ပေါင်းလိုက်ပါက ၈၈ ဆိုပြီး ပါးစပ်မှ မပြောထွက်ရဲခဲ့ကြောင်း၊ စာအုပ်များ၏ စာမျက်နှာ ၈၈ တွင် ဖော်ပြမည့်အကြောင်းအရာသည် အင်မတန်လေးနက်ပြီး ထင်ယောင်ထင်မှားဖြစ်စေမည့် အသုံးအနှုန်း (စကားလုံး) များ ထား၍မရခဲ့သည့်အချိန်ကာလမှ တစ်တိုင်းပြည်လုံးသိရှိအောင် ဖော်ပြနိုင်ခဲ့သည့်အတွက် ၈၈ အား ဂုဏ်ယူကြောင်း” ပြော ကြားသွားခဲ့သည်။

တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ ဂုဏ်ယူမှုများစွာဖြင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့်လက်တွဲ၍ ညီရင်းအစ်ကို မောင်နှမရင်းသဖွယ် တိုင်း ပြည်တွင်းရှိလိုအပ်ချက်များအား တစ်သွေးတည်း တစ်သားတည်း စိတ်ထားရှိပြီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲမှ ရုန်းထွက်နိုင်ရန် မိမိတို့ အသက်ရှင်သရွေ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည် ဖစ်တော့သည်။
…………………………….

● ဝမ်းမြောက်ဝမ်းသာစွာဖြင့်
၂၄.၉.၂ဝ၁၂ ရက်နေ့ ညနေ (၃း ဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိသို့ ဦးမျိုးခိုင် + ဒေါ်အေးအေးဝင်း (ခိုင်ကမ္ဘာ – မိသားစု) မှ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အသုံးပြုရန် TOYOTA HIACE 2000, SUPER CUSTOM မော်တော်ယာဉ်တစ်စီးအား လာ ရောက်လှူဒါန်းခဲ့ပါသည်။

 
 
 ယင်း လှူဒါန်းပွဲအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဘုရားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား၌ လှူဒါန်းပေးကမ်းခြင်းစာချုပ်အား လှူဒါန်းပေးကမ်းသူအဖြစ် ဦးမျိုးခိုင်မှ လက်မှတ်ရေးထိုး၍ အလှူလက်ခံသူအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ လက်မှတ်ရေးထိုးခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာ “အလှူရှင် ကိုမျိုးခိုင်တို့သည် ယခင်အချိန်ကလည်း အသင်းအတွက် နိဗ္ဗာန် မော်တော်ယာဉ်များ လှူဒါန်းခဲ့သော်လည်း ယခုလှူဒါန်းသည့် ကားသည် နိဗ္ဗာန်ယာဉ်မဟုတ်သော်လည်း အသင်းအနေဖြင့် နယ်ဒေသများရှိ သုခဆေးခန်းများ၊ ဆေးဝါးလစဉ် ထောက်ပံ့ပေးလျှက်ရှိသည့် နေရာဒေသများသို့ သွားရောက်ခြင်းနှင့် ရုံးကိစ္စများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းနှင့် အလှူရှင်များဖြစ်ကြသည့် ကိုမျိုးခိုင် + မအေးအေးဝင်း (ခိုင်ကမ္ဘာမိသားစု) တို့အား အထူးကျေးဇူးတင်ပါကြောင်း” ပြော ကြားခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အလှူရှင် မိသားစုတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးကူညီမှု၊ သုခဆေးခန်း၊ သုခအလင်းစာကြည့်တိုက် အစရှိသည့် အများပြည်သူတို့အား နေ့စဉ်ထမ်းဆောင် ပေးဆပ်နေသည်များအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေးကိစ္စရပ်များအပါအဝင် သဘာဝဘေး၊ အရေး ပေါ်ကယ်ဆယ်ရေး လုပ်ငန်းရပ်များလည်း နေ့တဓူဝ ထမ်းဆောင်ပေးအပ်လျှက်ရှိသည့်အပြင် ပညာရေးကဏ္ဍဖြစ်သည့် သုခအလင်း ပညာ ဒါနအဖြစ် သင်တန်းများအား အရှိန်အဟုန်ပြင်းစွာဖြင့် ဝန်ထမ်းများ၊ အလုပ်အမှုဆောင်များ၊ လုပ်အားပေးအသင်းသား/သူများတို့သည် လုပ် ငန်းရပ်များ အချိန်မီပြီးစီးနိုင်ရန်အတွက် ရုံးလုပ်ငန်းသုံးရန် မော်တော်ယာဉ် (သီးသန့်) ဝယ်ယူခြင်း မရှိချေ။ အများပြည်သူတို့၏ နာရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ အချိန်မီ ကူညီပေးဆပ်နိုင်ရန်သာ ဦးစားပေး၍ဝယ်ယူမှုများ စီစဉ်ခဲ့ကြသည်။ လှူဒါန်းမှုအစုစုအတွက် နာ ရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများမှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts