အတွေးအမြင်

ဗုဒ္ဓသာသနာထွန်းလင်းရန် အမရီလိုကကြေးစည်သံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော ဗုဒ္ဓါယ သိဒ္ဓံ ………………………….
အရွင္နႏၵဝံသ (ေဇယ်သုခ ဓမၼရိပ္သာ၊ Amarillo,Texas, U.S.A)
စက္တင္ဘာ ၁၆၊ ၂၀၁၂

● အမာရီလိုဆိုတာ အ၀ါရောင်ပါ

အခု စာရေးသူသီတင်းသုံးနေတဲ့နေရာလေးကတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ အမာရီလိုလို့ခေါ်သည့် မြို့ငယ်လေးတစ်မြို့ပါ ပဲ။ ဒီမြို့လေးမှာ မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးပေါင်းစုံ အခြေချနေထိုင်လာခဲ့ကြတာ ဆယ်စုနှစ်တစ်ခုမကရှိခဲ့ပါပြီ ။ မြန်မာပြည်တွင်းမှ နေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှတဆင့် ရောက်လာသူပေါင်းများစွာရဲ့ ခိုကိုးရာမြို့လေးဆိုရင်လဲ မှားအံ့မထင် ပါချေ။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၊ နယူးယောက်ပြည်နယ်က ဘတ်ဖလိုး၊ ယူတီကာ၊ အော်ဘနီမြို့များတို့လို မြန်မာနိုင်ငံဖွား တိုင်း ရင်းသားပေါင်းစုံအများအပြား အခြေချနေထိုင်လျှက်ရှိသော မြို့လေးတစ်ခုပဲဖြစ်ပါတယ်။ အမာရီလိုဆိုတဲ့အမည်ဟာ အမာရီယိုဟူသော စပိန်စကားမှဆင်းသက်လာပြီး အဝါရောင်ဟုအဓိပ္ပါယ်ရှိပါတယ်။

● အရောင်မျိုးစုံ လူမျိုးစုံ
အမာရီလိုမြို့လေးမှာနေထိုင်သူတွေကို ခွဲခြားကြည့်တဲ့အခါ ကမ္ဘာ့ဒေသပေါင်းစုံက ပြောင်ရွှေု့ခိုလှု့ရောက်ရှိလာသူတွေက များပါတယ်။ မြန်မာနိုင်ငံဖွား ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်၊ ပလောင် တိုင်းရင်းပေါင်းစုံတို့ရှိကြသလို ဂွာလတီမာလာ၊ ဆိုမာ လီယား၊ စပိန်၊ မက္ကဆီကန်နဲ့ ဗီယက်နမ်၊ လာအို စသည်ဖြင့်လဲ ကမ္ဘာ့လူမျိုးပေါင်းစုံတို့ အတူတကွ မှီတင်းနေထိုင်ကြတဲ့ မြို့လေးဖြစ်ပါတယ်။

● မြန်မာရောက်ရာ သာသနာပါ
မြန်မာနိုင်ငံသား အများအပြားတို့ဟာ ဗုဒ္ဓမြတ်စွာဘုရားကို အားထားယုံကြည် ကိုးကွယ်သူများဖြစ်ကြသည့်အလျောက် မြန်မာတို့ရောက် ရာမှာလဲ ဗုဒ္ဓသာသနာသည် တွဲပါလာပါတော့တယ်။ ဒီမြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာအများစုကိုအမှီပြု၍လည်း ယနေ့အချိန်အခါမှာ ကမ္ဘာအနှံ့ ဗုဒ္ဓဒေသနာတော်တွေ ပြန့်ပွား လာတယ်ဆိုရင် လွန်အံ့မထင်ပါ။ ယနေ့ ကမ္ဘာအရပ်ရပ်သို့ မြန်မာနိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်မှုနဲ့ အတူ ထိုသူတို့ရဲ့ စေတနာသဒ္ဓါအား ထက်သန်စွာ ပင့်လျှောက်ထားမှုတွေကြောင့် တိုင်းသိ ပြည်ကျော် သာသနာပြုဆရာတော်တွေက လိုက်ပါကြွရောက်ပြီး တရားဒေသနာများဟောကြားပြသနေတာဟာ ကမ္ဘာအတွင်း သာသနာအရောင်လင်းဖို့ အကြောင်းရင်းလို့သာ ဆို လိုက်ချင်ပါတော့တယ်။

● ကြိုးစားသလောက် အရာရောက်နိုင်
အမေရိကန်ရောက်လာကြတော့ လူတိုင်းလူတိုင်းရဲ့လူနေမှုအဆင့်တွေဟာလဲ ရေမြေဒေသကိုလိုက်ပြီးမြင့်လာတာတော့ အမှန်ပါပဲ။ ရောက်ရောက်ချင်းကာလတွေမှာ သက်ဆိုင်ရာပြည်နယ်ရဲ့အထောက်အပံ့ကို မှီခိုအားထားနေနိုင်ကြသလို အခြေခံစကားပြောသင်ခန်းစာ မှအစ အင်္ဂလိပ်စာစကားကိုလဲ သင်ယူနိုင်တာပါပဲ။ ဒီတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ထွန်းပေါက်အောင်မြင်နိုင်တဲ့ အခွင့်ရေး ရရှိနိုင်တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒီတော့လဲ ရောက်ပြီးမကြာမီပဲ လူတိုင်းနီးနီးဟာ ကိုယ်ပိုင်ကားစီးလို့ ခေတ်ပေါ်ပစ္စည်းအသီးသီးကို သုံးစွဲလာနိုင်တော့တာပေါ့။ မိမိတိုရဲ့ ရင်နှစ်သည်းချာ သားသမီးရတနာလေးများရဲ့ အနာဂတ်ပညာရေးဟာလဲ မိဘလိုချင်တဲ့အတိုင်း ပုံ သွင်းထုဆစ်နိုင်ဖို့ အခွင့်ရေးရလာတယ်လို့လဲ ဆိုနိုင်ပါတယ်။ လူ့အခွင့်အရေးနှင့် ပညာရေးကိုဦးစားပေးတဲ့ နိုင်ငံကြီးပီပီ တကယ်ကြိုးစားသူ အတွက်တော့ ကြိုးစားသလောက် အရာရောက်နိုင်တယ်လို့ ပြောရပါလိမ့်မယ်။

● ကောင်းကျိုးလည်းရှိ ဆိုးကျိုးရှိ
အထက်မှာဖေါ်ပြခဲ့သလို ကောင်းကျိုးတွေရှိသလို ဘေးထွက်ဆိုကျိုးတွေက များပြားလှပါတယ်။ လူ့အခွင့်ရေးဆိုတဲ့စကားလုံးအောက်မှာ မိသားစုအတွင်းပြဿနာကိုသော်မှ ကိုယ်ပိုင်နိုင်နင်းအောင်မရှင်းနိုင်တာတွေ ပြည့်နေလေရဲ့ပေါ့။ လူမှုရေး ရှုပ်ထွေးပွေးလီမှုကလဲ ကျော်မ ကောင်း ကြားမကောင်းတွေ ကြုံလာရသလို၊ မြန်မာယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ကျောခိုင်းလာတာတွေလဲ အများသားပါ။ ဒီတော့ သား သမီးတွေကို မြန်မာနိုင်ငံတွင်းမှာလို လိုအပ်သလိုသွန်သင်ဆုံးမခွင့်မရတဲ့မိဘတွေမှာ အမေရိကန်လာမိတာ မှားပြီလားလို့ပင် သံသယဝင် မိကြပါသတဲ့။

● ကောင်းကျိုးထက်ကို ဆိုးကျိုပိုသလား
အမေရိကန်ရောက်လာတဲ့ သူတိုင်းဟာ အကြွေးနဲ့ကင်းသူ မရှိသလောက်ပဲလို့ ဆိုကြပါတယ်။ ကိုယ်ပိုင် အိမ်၊ ကား ဝယ်ယူထားသူတိုင်းဟာ လစဉ်ပေးစနစ်နဲ့ဖြစ်လေတော့ ဒီငွေတွေကို အချိန်မှီပေးနိုင်အောင် ကြိုးစားရပါတယ်၊ သားသမီးတို့အတွက် လိုအပ်ချက်တွေရယ်၊ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေးရယ်နဲ့ အရေးတွေတွေးပြီး စိတ်အေးအေးမနေနိုင်သူ များလှပါတယ်။ ဒီကြားထဲမှာ တစ်ချို့သားသမီးတွေက ဘာသာခြား လူမျိုးခြားကိုမှ အထင်ကြီးအားကျပြီး မိဘမေတ္တာကို စော်ကားမော်ကားပြုလုပ်လာတာတွေလဲ မနဲပါဘူး။ ကျေးဇူးဆပ်ဖို့ ဝေလာဝေး၊ ကျေး ဇူးကိုတောင်မှ မသိကြပါဘူး။ ဒီလိုမိဘမေတ္တာနားမလည်တဲ့ သားဆိုး သမီးဆိုးမျိုးပါလာတဲ့မိသားစုတွေမှာ ပြဿနာမျိုးစုံ ဒုက္ခမျိုးစုံကို ကြုံ နေရပါတော့တယ်။ ဒီတော့လဲ ကောင်းကျိုးထက် ဆိုကျိုးကများ ပိုနေသလားလို့ အတွေးများမိပြန်ပါတယ်။

● မသိနားမလည် များပါတယ်
တကယ်တော့ အထက်ဖေါ်ပြပါ ဖြစ်ရပ်ဆိုး ပြဿနာအမျိုးမျိုးတွေဟာ၊ တကယ်အဆင့်မြင့် ဘာသာရေးနှင့် လူ့ယဉ်ကျေးမှု စာရိတ္တ သင်ခန်း စာတွေ သင်ယူလေ့လာဖတ်ရှုဖူးပြီး မိဘဆရာသမားကောင်းတို့ရဲ့ သွန်သင်ညွှန်ပြ ဆိုဆုံးမမှုတွေကို ခံယူရရှိသူတွေမှာ မတွေ့မကြုံရတာကိုလဲ သတိပြုမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူကြီးမိဘတွေရော သားသမီးငယ်တွေပါ ဘာသာရေး၊ လူမှုရေး၊ ပညာရေး မဆည်းပူး မ လေ့လာခဲ့ကြရလေတော့ ဒီလိုဗဟုသုတမပြည့်စုံခြင်းသည်ပင် ဒီပြဿနာတို့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းဖြစ်မယ်လို့ တွေးကြည့်မိတာပါ။ ကလေးတွေကိုမေးကြည့်တဲ့အခါမှာလဲ ဆိုးချင်လို့ဆိုးနေကြတာမဟုတ်ပဲ မြန်မာစာပေနဲ့ ယဉ်ကျေးမှု စာရိတ္တသင်ခန်းစာတွေ မသင်ဖူးလို့ ဘာကိုမှ မသိနားမလည်လို့ဖြစ်နေကြတာ တွေ့ရပါတယ်။

● စာပေနဲ့ဝေး ယဉ်ကျေးမှုဝေး
အခြားဒေသတွေ အခြေချနေသူတွေတော့ မပြောတတ်ပါဘူး။ အမာရီလိုမှာ အခြေချနေကြသူတွေကတော့ စာပေဖတ်ရှုလေ့လာမှုအားနဲ တာကို သတိပြုမိပါတယ်။ မိဘတွေကိုယ်တိုင်က စာပေမဖတ်ကြတော့ သားသမီးတွေကလဲ အားရင် ကွန်ပြူတာတစ်လုံးနဲ့ အချိန်ကုန်တော့ တာပေါ့။ ဂိမ်းဆော့မယ်၊ ချက်ရွန်းထိုင်မယ်၊ ကာတွန်းကြည့်မယ်၊ ရုပ်ရှင်ကြည့်မယ် ဖြစ်လာတော့တာပါပဲ။ တကယ်လို့သာ အလိမ်မာစာပေ ယဉ်ကျေးမှု စာပေတွေဖတ်ရှုဖို့ မိဘတွေက အားပေးမယ်၊ စီစဉ်ပေးမယ်ဆိုရင် တကယ်ဆိုးမိုက်မိုက်ကလေးဆိုတာ ရှားမယ်ထင်ပါတယ်။ ဒီ လို မသိနားမလည်တဲ့ ကလေးငယ်တွေကို မြန်မာစာပေယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာအခြေခံ စာရိတ္တသင်ခန်းစာတွေ သင်ပေးနိုင်မယ်ဆိုရင် တကယ်တော် တကယ်လိမ္မာတဲ့ကလေးတွေ ဖြစ်လာနိုင်မှာပါလို့ ယုံကြည်မိပါတယ်။

● မိဘမေတ္တာ လိုချင်ရှာ
တချို့မိဘတွေဟာ စက်ရုံအလုပ်ရုံတွေမှာ အချိန်ပိုဆင်းတာနဲ့အတူ အမြဲတမ်း အလုပ်များနေတတ်ကြပါတယ်။ မိဘတွေအိမ်ရှိတော့ သား သမီးတွေက ကျောင်းသွားချိန်၊ သားသမီးတွေအိမ်ရောက်တော့ မိဘကအလုပ်မှာ ဖြစ်နေကြတာများပါတယ်။ အလုပ်အားရက်များရောက် ပြန်တော့လဲ ဈေးဝယ်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်း၊ ဟိုမိတ်ဆွေ ဒီမိတ်ဆွေ၊ ဟိုအပွိုင့်မန့် ဒီအပွိုင့်မန့်နဲ့ သားသမီးများနားမှာ နေအားချိန် မရှိကြပါဘူး။ ဒီတော့လဲ ငြိမ်ပြီးရောဆိုပြီး သားသမီးအကြိုက် အိုင်ပေါ့၊ ဖုန်း၊ လက်တော့ပ် လိုချင်တာဝယ်ပေးပြီး အခန်းတွင်းသွင်းထားကြ တော့တာပါပဲ။ အဆိုးဆုံးက သားသမီးတွေပစ်ထားပြီး အရက်သောက် ဖဲကစား၊ ငါးမျှား၊ တောလိုက်လုပ်နေကြတော့ သားသမီးတွေဟာ မိ ဘအပေါ် အထင်ကြီးလေးစားမှုတွေ လျှော့ကုန်တာပါပဲ။ တွေ့ကြုံရဖူးသလောက်တော့ ကလေးတွေဟာ မိဘမေတ္တာလိုနေတာလို့ နားလည် မိပါတယ်။

● အထင်သေးတာ ပြင်သင့်ပါ
အမေရိကန်ရောက်လာပြီးနောက် တိုင်းတပါးယဉ်ကျေးမှုနဲ့ ဘာသာခြား လူမျိုးခြားကိုမှ အထင်ကြီးအားကျပြီး ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေး မှုကို အထင်သေးကြသူတွေကိုလဲ တွေ့ဖူးပါတယ်။ သားသမီးတွေတက်နေတဲ့ကျောင်းတိုင်းသည် ဘာသာခြား လူမျိုးခြားတို့ရဲ့နယ်ပယ်မို့ သားသမီးတွေအထင်ကြီးကုန်တာ အပြစ်မဆိုသာပါဘူး။ အချို့မိဘတွေကိုယ်တိုင်ပင်လျှင် ယောင်ဝါးဝါးနဲ့ဖြစ်နေကြတာ တွေ့ရတော့ စိတ် မကောင်းမိဘူးပေါ့။ ကျောင်းမှာ အတန်းမှာ ဘာသာခြား လူမျိုးခြားတို့ကမေးလာတဲ့အရာကို သားသမီးတွေကမသိလို့ ပြန်မဖြေနိုင်လို့ မိဘ တို့ကိုမေးတဲ့အခါ မိဘတို့ကိုယ်တိုင်ကလဲ ပြန်မဖြေတတ်တော့ကြပြန်ပါဘူး။ ဒီတော့ သားသမီးတွေဟာ မိဘရဲ့ကိုးကွယ်အားထားရာ ဘာ သာ သာသနာအပေါ်မှာရော စာပေနဲ့ယဉ်ကျေးမှုမှာပါ လိုက်ပါအထင်သေးလာပါတော့တယ်။ ရလဒ်ကတော့ ဘာသာခြား လူမျိုးခြားတို့ ပြောပြရာကိုယုံကြည်ပြီး မိမိဘာသာကို စွန့်ပယ်သွားကြတာပါပဲ။ ဒီလိုနဲ့ သားသမီးတွေဟာ မိဘရှေ့မှာရော ကွယ်ရာမှာပါ တကယ်အမေရိ ကန်စတိုင်ကိုအထင်ကြီးပြီး လွတ်လပ်မှုအပြည့်ယူကြပါတော့တယ်။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှု၊ ဘာသာသာသနာ အ ပေါ်မှာ အထင်မြင်သေးမှုတွေကိုလျှော့ချပြီး သားသမီးများကို အားပေးအားမြှောက်ပြုစေချင်မိပါတယ်။

● အမာရီလိုမှာ သာသနာ
မိမိတို့သားသမီးမျိုးဆက်များအား အမျိုးဘာသာ ယဉ်ကျေးမှုအမွေ လက်ဆင့်ကမ်းနိုင်ရန်ရည်စိတ်သန်ပြီး အမရီလိုဒေသရောက်နေကြတဲ့ ဘာသာသာသနာကို ချစ်မြတ်နိုး တန်ဖိုးထားသူတွေဟာ စုပေါင်းပြီး ဘုန်းကြီးကျောင်းတည်ထောင်ခဲ့ကြပါတယ်။ တတ်နိုင်သမျှ စုပေါင်းလှူ ဒါန်းပါဝင်ကြလို့ ဆွမ်းရေးကအစ လစဉ်ရေဖိုး မီးဖိုးဆိုတာ ပြည့်မှီနေပါသေးတယ်။ သက်ဆိုင်ရာ ဘာသာရေး သာသနာရေးပွဲတော်များကိုလဲ စည်ကားစွာကျင်းပဖြစ်နေတော့ သာသနာထွန်းကားသလိုလိုပါပဲ။

● အကာကိုပင် အနှစ်ထင်နေ
ခက်တာက မိဘတွေကိုယ်တိုင် ဒီကျောင်းကို ဘာကြောင့်တည်ထောင်ခဲ့ကြသလဲဆိုတဲ့ရည်ရွယ်ချက်တွေကို မေ့နေပုံရပါတယ်။ ကျောင်းကို သွားရမှန်း လာရမှန်း မသိကြပါဘူး။ လစဉ် တတ်နိုင်သမျှ အလှူငွေထည့်နေရုံမျှနဲ့ ကျေနပ်နေကြတာများပါတယ်။ သာရေး နာရေး ကြုံလာတဲ့ အခါမှ ဘုန်းကြီးပင့် ဆွမ်းကပ်၊ လှူဒါန်းမှုပြုနေကြတော့ ကျောင်းသည်၎င်း၊ ဘုန်းကြီးသည်၎င်း ဘာသာရေးဆိုင်ရာ ခန်းဝင်ပစ္စည်းသဖွယ် ဖြစ်နေပါကလားလို့ ခံစားမိရပြန်ပါတယ်။ မိမိတို့သားသမီးများသည် ဘာသာခြား လူမျိုးခြားများနှင့်သာ အိမ်ထောင်ကျသွားမယ်ဆိုရင် ဒီ သားသမီးတွေက မိဘတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဘာသာသာသနာ့အမွေကို ခံယူကြပါမည်လား စဉ်းစားစရာပါ။ တကယ့်သာသနာတော်ရဲ့ အ နှစ်သာရဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး ကိုယ်ကျင့်တရားကိုဖယ်ထားပြီး အပေါ်ယံပွဲတော်တွေလောက်၊ (သို့မဟုတ်) လစဉ် ပါ ဝင်လှူဒါန်းပေးမှုမျှနဲ့ အားရတင်းတိမ်နေမယ်ဆိုရင်ဖြင့် အနာဂတ်သာသနာရေးဟာ မတွေးရဲစရာပါ။

● သားသမီးတွေ ကျောင်းပို့စေချင်
ကြုံပါများရင် ကြိုက်ပါသတဲ့။ မြင်ပါများရင် ခင်ပါသတဲ့။ သားသမီးလေးတွေ မြန်မာစာပေနဲ့ယဉ်ကျေးမှုကို သိရှိနားလည်လာရန်မှာ ဘုန်းတော် ကြီးကျောင်းတွေအရောက်များဖို့ လိုပါလိမ့်မယ်။ ဒါမှသာလျှင် အထိအတွေ့များလာပြီး ယဉ်ကျေးမှုကျင့်ဝတ်တွေ နားလည်လာနိုင်မှာပါ ။ ဒီထက်စွမ်းနိုင်ရင် ကျောင်းတွေကဖွင့်လှစ်ပို့ချတဲ့ မြန်မာစာ ရေးဖတ်သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းတွေရောက်အောင် မိဘတွေကိုယ် တိုင်က တာဝန်ယူ အားပေးပို့ပေးစေချင်မိပါတယ်။ ဒါဟာ အမိမြန်မာနိုင်ငံမဟုတ်ဘူးဆိုတာ နားလည်ထားရမှာပါပဲ။ မြန်မာမှာတော့ ဘာ သာခြား လူမျိုးခြား အထင်ကြီးပြီး ဘာသာပြောင်းခြင်း မိဘမေတ္တာ အထင်သေးစော်ကာခြင်းဖြစ်မှာ မစိုးရိမ်ရပါဘူး။ မြန်မာမှာက ကျေးဇူးသိ တတ်မှုနဲ့ ဗုဒ္ဓစာပေယဉ်ကျေးမှုက အထိုက်အလျှောက် လွှမ်းမိုးမှုရှိနေသေးတယ်လို့ ပြောလို့ရနိုင်နေသေးလို့ပါ။

● သတိ သံဝေ ရစေချင်
တကယ်တော့ မိမိတို့နေ့စဉ်ကျင်လည်လှုပ်ရှား လုပ်စားနေရတာတွေကို ပြန်ပြီိးစဉ်းစားစေချင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ မနာလို ၀န်တိုမှုတွေနဲ့ချည်း မိုးလင်းမိုးချုပ် အလုပ်လုပ်နေခဲ့ရတာပါ။ ဒါတွေဟာ တကယ်တော့ အကုသိုလ်တရားတွေချည်းပါပဲ။ ဒီိအကုသိုလ် တရားတွေဟာ ဆိုးကျိုးတွေကိုသာ ပေးတတ်တာမျိုးပါ။ ဒီလိုနေ ဒီလိုသေရရင်ဖြင့် သက်ရှင်ထင်ရှားရှိစဉ်လဲ ဆိုးကျိုးတွေနဲ့ ကြုံရနိုင်တယ်။ သေပြီးနောက်ကာလမှာလဲ အပ္ပါယ်လေးထွေဟာ မိမိအတွက် လားရာမြေဖြစ်မှာ သေချာနေပါပြိီ။ ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှုနောက်သာ ကောက်ကောက်ပါအောင်လိုက်ခဲ့မယ်ဆိုရင်ဖြင့် ကိုယ့်အနာဂတ်ကို သစ္စာဖောက်တာနဲ့အတူတူပဲလို့သာ ဆိုလိုက်ချင်ပါတော့တယ်။ ဒါပေမဲ့ သတိမမူ ဂူကိုမမြင်ဆိုသလို သတိသံဝေဂမရနေသေးသမျှတော့ ဒါတွေကို တွေးဖြစ်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် သတိသံဝေဂ ရကြပါစေ လို့သာ ဆုတောင်းနေရုံပေါ့။

● ကြိုးစားခဲ့သည် အောင်ခဲ့ပြီ
အထက်ဖေါ်ပြပါ အတွေးတွေရှိခဲ့သည်နှင့်အညီ စာရေးသူဟာ အမရီလိုမှာ စတင်အခြေချနေခဲ့သည့် ၂၀၁၁ ဧပြီလမှ ယနေ့အထိ ကြိုးစားပြီး အကောင်ထည်ဖေါ်ဖြစ်ခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသားတစ်ရာကျော်အား ယဉ်ကျေးလိမ္မာသင်တန်းတွေပို့ချဖြစ်ခဲ့သလို မြန်မာစာ ရေး တတ် ဖတ်တတ်အောင်လဲ ကြိုးစားပေးခဲ့ပါတယ်။ ထို့အပြင် အမျိုးကောင်းသား/သမီး ၁၀၀ ၀န်းကျင်ကို ရဟန်း၊ သာမဏေ သီလရှင်အဖြစ် သွတ်သွင်းပြီး စိတ်ဓါတ်ခွန်းအားမြှင့်တင် စာရိတ္တသင်ခန်းစာတွေပို့ချသင်ပေးနိုင်ခဲ့သလို တရားစခန်း လေးကြိမ်ဖွင့်လှစ်ပြီး ဝိပဿနာ တရား တော်များကို ဟောကြားပို့ချလို့ အောင်မြင်မှုတချို့တော့ရခဲ့ပြီလို့ ပြောနိုင်ပါပြီ။ ထို့ပြင်လည်း ထင်ပေါ်ကျော်ကြား ဆရာတော်များကိုပင့်ပြီး တရားတော်များကို အားရရွှင်ပျော် အလှူတော်လုပ်နိုင်ခဲ့ပါပြီ။

● ဘီလူးပျော်ရာ အရပ်ပါတဲ့
ဒယ်အိုးဆရာတော်ကြွရောက်ပြီး တရားဟောခဲ့စဉ်က ဒီအရပ်ဟာ ဘီလူးတွေပျော်တဲ့ အရပ်တဲ့။ ဘာလို့လဲဆိုတော့ သားစိမ်းငါးစိမ်းတွေ ပေါ လို့တဲ့။ ဟုတ်တယ်လေ နေ့စဉ် နေ့စဉ် နွားကောင်ရေ လေးငါးထောင်သတ်ဖြတ်ပြီး အမဲသားထုတ်ပိုးနေတဲ့အရပ်ကိုး။ ဒါတင်မက အလုပ် အားရက်တွေမှာ တောထဲသွား သမယ် ဒရယ် ဆတ် သတ္တဝါတွေ ပစ်ခတ်သတ်ဖြတ်ကြ၊ မြစ်ချောင်း ဆည် ကန်ရှိရာသွား ငါးမျှားအပန်းဖြေ၊ သောက်စားမူးယစ် ဖဲကစားနေ စသည်တွေက အကုသိုလ်နဲ့ပျော်တဲ့ အပျော်တွေချည်းမလား။ ဒါကြောင့်ပဲထင်ပါရဲ့ အရပ်ဒေသနေ လူတွေ မှာ ပြဿနာမျိုးစုံ ကြုံနေကြလေရဲ့။ ထစ်ကနဲဆို သတ်မယ် ဖြတ်မယ် ထိုးမယ် ကြိတ်မယ်ဆိုတာချည်းပဲ။ ဧကန္တ ဘီလူးစီးနေလို့လား မသိ နိုင်တာနော်။ အဖွဲ့စည်းတွေ အကွဲအပြဲတွေဆိုတာလဲ မပြောပါနဲ့တော့။ မဖွဲ့ရသေးဘူး ကွဲဖို့ပြင်နေကြလေရဲ့။

● ကုသိုလ်တိုးရန် လှည့်ဆွမ်းခံ
ဒီလို အကုသိုလ်များနေကြတဲ့သူတွေ သတိသံဝေဖြစ်စေဖို့ရယ်၊ နေ့စဉ် ကုသိုလ်တွေတိုးပြီး အကုသိုလ်ကံဆိုးတွေကို ချေဖျက်နိုင်ဖို့ရယ် တွေးပြီး စားရေးသူနဲ့အတူနေ ရဟန်းများဟာ နေ့စဉ် ရပ်ကွက်အတွင်း အိမ်စဉ်ဆွမ်းခံကြွဖြစ်နေပါတယ်။ နံနက်ကိုးနာရီကျော်ပြီဆိုရင်ဖြင့် အကျိုးဆောင်ဥပသကာများက ကားကိုယ်စီနဲ့ရောက်လာပြီး ရဟန်းသံဃာများနှင့်အတူ ရပ်ကွက်ထဲ ဆွမ်းခံလိုက်ကြပါတယ်။ အိမ်နေသူ သက်ကြီးရွယ်အိုများက အားရဝမ်းသာကြသလို ကလေးသူငယ်များကလဲ ဦးတော်လုပ်တတ်နေကြလေပြီပေါ့။ ဥပါသကာများရဲ့ ဆွမ်း တော်ဗျို့…ဆိုတဲ့အသံရယ် ကြေးစည်သံရယ်ကြားရတဲ့အခါ အိမ်တိုင်းရဲ့တံခါးလေးတွေဟာ ပွင့်လာစမြဲဖြစ်ပြီး အိမ်ထဲပင့်ဆောင် ဆွမ်း လောင်းကြပါတော့တယ်။

● အလျံပယ်ကို ပေါပါတယ်

သံဃာလေးပါးဆွမ်းခံမှုဟာ ရပ်ရွာအတွက် ကျက်သရေတိုးလာသလို ကောင်းကျိုးတွေကိုလဲတိုးစေမှာအမှန်ပါ။ ထို့အပြင် ဗုဒ္ဓဘာသာ ဓ လေ့ထုံးစံကိုလဲ မျိုးဆက်သစ်တို့အား ပြသရာရောက်ပါတယ်။ တစ်ခါတစ်ရံမှာဆို ဘာသာခြား လူမျိုးခြားတို့က အံ့အားသင့်စွာ ရပ်ကြည့်နေ တာ၊ သဒ္ဓါနဲပါးသူတွေ သဒ္ဓါပွားများလာတာတွေလဲ တွေ့ရပါတယ်။ ဒီဆွမ်းခံလို့ ရသမျှအဟာရကတော့ တစ်နေ့ လူလေးငါးဆယ် စား လောက်တယ်ဆိုရင် လွန်အံ့မထင်ပါဘူး။ ကျောင်းလာသမျှ ကျွေးမွေးလို့ ပိုလျှံတာတွေကို ညနေပိုင်း အလုပ်မှပြန်လာသူတွေကို ကျွေးခြင်း ရပ်ထဲ ပြန်လည်စွန့်လွှတ်လှူဒါန်းခြင်းတွေကိုပင် ပြုလုပ်နိုင်ပါသေးတယ်။ ဒီတော့ ကုသိုလ်တွေတိုးပြီးရင်း တိုးနေတယ်လို့ ပြောရမလိုပါပဲ။ ဒယ်အိုးဆရာတော် တရားဟောရန်ကြွလာစဉ်ကဆိုရင် စာရေးသူတို့မြို့လေးကို မြန်မာပြည်ပြန်ရောက်နေသလားလို့တောင် ခံစားရကြောင်း မိန့်သွားလေရဲ့ပေါ့။

● အေးချမ်းသာယာ ကျက်သရေဖြာ
ဒီလိုနဲ့ ရပ်ကွက်အတွင်းနေ စေတနာရှင်တွေမှာလဲ နေ့စဉ်ဆွမ်းချက်ဖို့ကအစ ဆွမ်းလောင်တာအဆုံး အလေးထားလုပ်လာကြတော့ ကုသိုလ် တွေ တိုးနေကြပါပြီ။ အရင်က အကုသိုလ်အတွေးတို့နေရာမှာ ကုသိုလ်အတွေးတို့က၎င်း၊ အကုသိုလ်စကားတို့နေရာမှာ ကုသိုလ်စကား တို့က၎င်း၊ ဒုစရိုက်များနေရာမှာ သုစရိုက်တရားတို့က၎င်း အစားထိုးနေရာယူလာသောအခါ ရပ်ရွာလေးသည် အရင်ကလိုမဟုတ်တော့ပဲ အေးချမ်းသာယာသလို ကျက်သရေမင်္ဂလာပိုရှိလာသလိုလို ခံစားလာရပါတော့တယ်။ စာရေးသူတို့ကလဲ မေတ္တာပို့၊ ဂုဏ်တော်ပွားပြီး သွား ကြသလို ဆွမ်းလောင်းပီးတိုင်းလဲ ဘ၀တု သဗ္ဗမင်္ဂလာ သုံးဂါထာကို ရွတ်ဖတ်မင်္ဂလာပြု ဆုတောင်းပေးလေ့ရှိပါတယ်။ ဒီတော့ မကောင်းသော နာနာဘာဝ ဝိနာဘာဝ ပရလောကသားတို့ရှိခဲ့မယ်ဆိုရင်လဲ ပြေးကုန်လောက်ပြီ၊ ခွာကုန်လောက်ပြီ ထင်ပါတယ်။ ဘီလူးတွေလဲ မလာနိုင် တော့ပြီဟုသာ ယုံကြည်လိုက်မိပါတော့တယ် ။

● အမာရီလိုက ကြေးစည်သံ
အချုပ်အားဖြင့်ဆိုရသော် အမေရိကန်နိုင်ငံတလွှားမှာ စာရေးသူနေတဲ့ အမာရီလိုမြို့လေးကဲ့သို့ဒေသတွေ အများအပြားရှိနေသလို အမရီလို ရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများလိုပဲ ဘ၀ကို ရင်ဆိုင်ယှဉ်ပြိုင်နေကြသူတွေ အများကြီးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘဝတူ တိုင်းရင်းသားညီအကိုများအနေဖြင့် ဒီဆောင်းပါးပါ အတွေးလေးတွေကို ဖတ်ရှုပြီးနောက်မှာတော့ မိမိဘဝနဲ့ လုပ်ကိုင်စားသောက်နေရတဲ့ အနေထားကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သိမြင်သဘောပေါက်လျှက် သတိသံဝေရကြပါစေလို့ ဆန္ဒပြုမိပါတယ်။ အကုသိုလ်ဒုစရိုက်အတွေး များ နေရာမှာ ကုသိုလ်သုစရိုက်အတွေးများနဲ့ အစားထိုးကြစေချင်ပါပြီ။ မြန်မာစာပေယဉ်ကျေးမှုနဲ့ ဘာသာ သာသနာ ဓလေ့ထုံးစံတွေကို သားသမီးမျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေပေးစေချင်ပါပြီ။ အမာရီလိုမှာတော့ နေ့စဉ် နေ့စဉ် ကြေးစည်သံတို့ ဆူလို့၊ ညံလို့ လွင့် ပျံလို့နေပါပြီ။ ဒီကြေးစည်သံလေးကို ကြားရသူတိုင်းသည်လည်း ငါတို့ရဲ့ချွေးနဲစာလေးတွေနဲ့ စုဆောင်း စုပေါင်းတည်ထောင်ထားတဲ့ကျောင်း တော်လေးအတွက် အမွေခံမျိုးဆက်သစ်လေးတွေ ပြုစုပျိုးထောင်ခဲ့ဖို့လိုတယ်။ မိမိတို့ကိုယ်တိုင်လဲ ကျောင်းတော်မှာ ဒါန သီလ ဘာဝနာမှု တွေနဲ့ မွေ့လျှော်သင့်တယ်ဆိုတာ တွေးမိနိုင်ပါစေလို့ မျှော်လင့်မိပါရဲ့။ အဆုံးမှာတော့ အမာရီလိုက ဒီကြေးစည်သံသည် ဗုဒ္ဓသသနာတော် ရောင်ဝါအလင်းတို့ကမ္ဘာမှာ နေလမင်းသို့ပျံ့သင်းဖို့သာ တစ်စိတ်တစ်ဒေသအားဖြင့် ဖြစ်နိုင်ပါစေတော့လို့ အာရုံပြုဆုတောင်းရင်း စာရေးသူ ရဲ့အတွေးလေးကို နိဂုံးချုပ်လိုက်ပါရစေ။

စာရှုသူအပေါင်း ရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ ….

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “ဗုဒ္ဓသာသနာထွန်းလင်းရန် အမရီလိုကကြေးစည်သံ
  1.ှစာရေးသူဆရာတော်ရဲ့ စေတနာနဲ့ အိုင်ဒီယာအလွန်ကောင်းပါတယ်၊ ကျေနပ်လွန်းလို့ သာဓုအကြိမ်ကြိမ်ခေါ်ရပါသေးတယ်၊ အမာရီလိုမြို့ လေးရဲ့ နမူနာကိုစံယူပီး ကျန်တဲ့ (အမေရိကန်နိုင်ငံကမြန်မာတွေနေပီးဘုန်းကြီးကျောင်းရှိတဲ့) မြို့ တွေမှာအလားတူ ကြိုးစားသွားမယ်ဆိုယင် အတိုင်းထက်အလွန်ကောင်းပါလိမ့်မယ် (မလုပ်ကြဘူးလို့ မဆိုလိုပါ)၊ တကယ်တော့ အမေရိကန်မှာ Tyson Foods ကုမ္ပဏီတစ်ခုတည်းကဖွင့်ထားတဲ့ အသားစက်ရုံတွေဟာ ပြည်နယ်ပေါင်း ၂၀-ကျော်ကမြို့ တွေမှာရှိနေတာရယ်၊ မြန်မာနိုင်ငံသားအများစုဟာ အဲဒီစက်ရုံတွေမှာလုပ်နေတာတွေရယ် အဲဒါကိုကြည့်ခြင်းအားဖြင့် မြန်မာတွေအတွက် အဲဒီဆောင်းပါးလေးဟာ အကျိုးရှိလိမ့်မယ်လို့ မြင်မိပါတယ်၊ ဘယ်နေရာမှာဘဲဖြစ်ဖြစ် ယဉ်ကျေးမှုမ,ပပျောက်အောင် ဘာသာတရားနဲ့ ဘဲအဓိကထိန်းထားရမှာဖြစ်တယ်၊ ဒါကြောင့် ကိုယ့်ဗုဒ္ဓဘာသာကိုတန်ဖိုးထားရကောင်းမှန်းသိအောင် လေ့လာဖို့ ၊ အမေရိကန်လိုပစ္ဆ န္တရစ်အရပ်မှာအကြောင်းကြောင်းကြောင့် လာရောက်အခြေချမိပေမယ့် ခုအချိန်မှာတဖြည်းဖြည်းနဲ့ ဗုဒ္ဓသာသနာနေရောင်ဖြာလို့ မိစ္ဆာဒိဌိမြူမှုန်တွေလွင့်ပါးလာချိန်မှာ မိမိတို့ နဲ့ မိမိတို့ ရဲ့ မိသားစု၊ မြန်မာဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းတွေ အနေနဲ့  အမာရီလိုကကြေးစည်သံလို ကိုယ်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြ
    ဖို့  စေတနာနဲ့  တိုက်တွန်းလိုပါတယ်၊ အဲသလိုမှမဟုတ်ဘဲ ကိုယ်ဘာသာကို ဘာမှန်းမသိရာကနေ သူများဘာသာကို
    ဇွတ်အထင်ကြီးနေမယ်ဆိုယင်တော့ အမျိုးဘာသာ၊ သာသနာပျောက်ပီး သာသနာပြုရဟန်းတော်များ
    ရဲ့ စေတနာတွေကလဲ ‘ဟောရင်းသာပျံလွန်တော်မူမည်၊ ဆန်ဖြုတစ်ဆုပ်မျှထွက်မလာဘူး’ ဆိုသလို သဲထဲရေသွန်ဖြစ်ရပါလိမ့်မယ်ထင်ရဲ့ …

  2. ဦနန္ဒာဝံသဘုရားအရှင်ဘုရားရဲ့ စာတွေဖတ်ရလို့ အလွန်ပင်ဝမ်းမြောက်မိပါသည်။ ဒီလိုသာသနာပြုလာမဲ့ ပုဂ္ဂိုလ်တွေနောင်အရေးစိတ်အေးချမ်းသာစွာပြုနိုင်ရန်အမာရီလိုတကာတွေတပည့် တော်ကိုဆဲဆိုကျိန်းမောင်းချိန်းခြောက်ပြောဆိုမှုတွေကြားကကျောင်းမဖြစ်ဖြစ်အောင်လုပ်ပေးခဲ့ မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာတပည့်တော်အတွက်ယခုအချိန်မှာဝမ်းမြောက်အဆုံးဘဲ့ လို့ ဆိုရပေတော့ မပေါ့ ။

  3. ဆ၇ာတော်ဘု၇ားတပည့်တော်မလေး၇ှားကကိုလတ်ပါဘု၇ားဆ၇ာတော်ဘု၇ားဆောင်းပါးတွေအင်တာနက်မှာဖတ်၇ဘူးဘု၇ားတပည်တော်လည်းယူအင်ကအားလုံးပြိးပြိဘု၇ားအမ၇ိလိုတ၇ားပွဲတွေအကြောင်းလည်းဖတ်၇ပါတယ်ပါတယ်ဘု၇ားဆ၇ာတော်ဘု၇ား၇ဲ့ဖုန်းကိုဆက်တာဆက်မ၇တော့ဘူးဘု၇ားဇေယျသုခ၇ိပ်သာကိုလည်းဆက်တာမ၇

Comments are closed.