ရသဆောင်းပါးစုံ

ခွေးဘီလူးကြီး လွတ်သွားပြီ


ပြေ (ဆေး – ၂)
စက်တင်ဘာ ၉၊ ၂၀၁၂
မြို့လေးကို ခွေးတွေနေတဲ့မြို့ဟုခေါ်သော်ရလေ၏။ အဘယ့်ကြောင့်မူ တမြို့လုံး အိမ်တိုင်းလို လိုပင် ခွေးအမျိုးမျိုးမွေး ထားကြသောကြောင့် ဖြစ်သည်။ ခွေးတွေက အမျိုးကောင်းသားတွေဖြစ်သည်။ ဟိုဘက်နိုင်ငံက စိနတွေသည် စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာ သည်နှင့်အမျှ အိမ်မွေးတိရိစ္ဆာန်လေးတွေကို တယုတယမွေးမြူလာခဲ့ကြသည်။ သို့သော် အချို့သောစိနတွေကတော့ ထိုချစ်စရာ့ ခွေးလှလှ လေးတွေကို လှောင်အိမ်လေးတွေထဲတွင်ထည့်ကာ စားသောက်ဆိုင်တွင် အဆင်သင့်ပြထားတတ်ကြလေသည်။ စားချင်သောက်ချင်သူတွေ က သူတို့စားချင်သည့် ခွေးလေးတွေကို လက်ညှိုးထိုးပြကာ ခွေးသား လတ်လတ်ဆတ်ဆတ်ကြော်၊ ခွေးသားဟော့ပေါ့ဖြင့် မော်ထိုင်း အရက်ကို မျှောချကြလေသည်။ သည်လိုရက်ရက်စက်စက် သတ်စားရက်သည့်သူတွေရှိ သလို ခွေးချစ်သူတွေအဖွဲ့ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့တွေကလည်း လိုက်လံကန့်ကွက် တားဆီးနေခဲ့ကြလေသည်။ ထိုထိုသော ခွေးလေးတွေက သည်ဘက်ကိုရောက်လာခဲ့ကြသည်။ တချို့ကဝယ်ပြီးမွေးသည်။ တချို့ကတော့ လက်ဆောင်ရလို့ မွေးသည်။ တချို့ကျတော့လည်း လမ်းပေါ်လျှောက်သွားရင်းက ကိုယ့်အိမ်မှာ လာနေလို့ မွေးထားလိုက်ကြခြင်းဖြစ်သည်။


မြို့လေးထဲကြည့်လိုက်လျှင် ခွေးလေးတွေမျိုးစုံက သူ့အုပ်စုနှင့်သူအုပ်လိုက်ဖွဲ့ပြီးလျှောက် သွားနေကြသည်ကို မြင်ရမည်ဖြစ်သည်။ သူတို့ အဖွဲ့လိုက်အုပ်စုလိုက် မြို့ထဲလှည့်လည်သွားလာနေကြသော အချိန်သည် အများအားဖြင့်တော့ မနက်စောစောပိုင်းနှင့် ညနေခင်းပိုင်းတွင်ဖြစ် တတ်လေသည်။ နေ့ခင်းပိုင်းတွင်တော့ သူတို့တွေသည် သူတို့ ကိုယ်ပိုင်အိမ်တွေမှာပဲ ဝပ်ရင်း လှဲရင်း တရေးတမှေး အိပ်စက်နေတတ်ကြ လေ၏။ခွေးတွေက အယ်ဇေးရှင်း၊ အင်းခွေး၊ ရှီးဇု၊ သိုးထိန်းခွေး၊ အမေရိကန် ပတ်င့်ဘူလ်းတယ်ရီယာ၊ ပီကင်းဂျီး၊ ဒိုဘာမင်၊ မြန်မာခွေးဝဲစား၊ ခွေးပု၊ အမွှေးစုတ်ဖွား၊ စုတ်ချွန်းချွန်း၊ ဂင်တိုတို၊ ခွေးဘီလူး၊ ဂလန်ဂလား၊ ဖျံလိုမျက်နှာဖြင့်ခွေး စုံနေလေသည်။ မနက်စောစော ၅ နာရီ လောက်ဆိုလျှင် ထိုခွေးအုပ်က သူတို့အဖွဲ့သားတွေ၏ အိမ်တွေရှေ့တွင်သွားရပ်စောင့်ခေါ်လေ့ရှိသည်။ အိမ်ရှိခွေးတွေကလည်း သူတို့နည်း သူတို့ဟန်ဖြင့် လမ်းမပေါ်ထွက်လာခဲ့ကြပြီး ခွေးအုပ်နှင့်ပူးပေါင်းကာ လမ်းပေါ်အုပ်စုလိုက်ထွက်သွားကြတော့သည်။ သူတို့အုပ်စု ဦးတည်ရာ ကား မြူနီစပယ်ဈေးထဲက အမဲသားတန်းနှင့် ဆိတ်သားတန်းရှိရာတည်း။ ထိုအမဲသားနှင့် ဆိတ်သားတန်းနေရာတွင် အရင်ရောက်နှင့် နေကြသော ဈေးခွေးအုပ်စုနှင့် တပွဲတလမ်းအကဲစမ်းကြပြီး နောက်ဆုံး၌ဈေးခွေးတွေ ခွေးပြေးဝက်ပြေးပြေးသောအခါ ထိုအုပ်စုလိုက်ခွေး တွေက အမဲရိုး အမဲရွတ် ဆိတ်ရိုး ဆိတ်အရွတ်အရွဲများကို ပွဲတော်တည်ကြလေသည်။ ထိုစဉ်ဈေးခွေးတို့က ဈေးပေါက်ဝကနေ ရစ်သီရစ်သီ လုပ်ကာ ချောင်းနေကြသည်။ ထိုခွေးအုပ်ငနဲတွေ ထွက်သွားတော့မှသာ ဈေးခွေးတွေက အရိုးစအရိုးကျန်လေး အရွတ်အရွဲစလေးတွေကိုအပြေးလုယက်စားသောက်ကြရသည်။ ထိုမြင်ကွင်းကား မနက်တိုင်းမြင်နေရသောမြင်ကွင်းတခုဖြစ်လေသည်။

ထိုအုပ်စုကို တကယ်ပဲ ဂင်တိုတိုပုပုတုတ်ခိုင်ခိုင် ခွေးဘီလူးတကောင်က ခေါင်းဆောင်သည်။ ထိုခွေးဘီလူးအောက်က လက်ထောက်သည် ဂလန်ဂလားဖြင့် ပိန်ပါးပါး အင်းခွေးတကောင်ဖြစ်သည်။ ထိုခွေးဘီလူးကား တကယ်ပင်မြင်တာနှင့်ပင် လန့်ချင်စရာ အော်ဂလီဆန်စရာ ကောင်းသောရုပ်အဆင်းရှိသည်။ မျက်လုံးကကောက်ကျစ်ယုတ်မာသောအကြည့်ဖြင့်အမြဲ ရှူတင်းတင်းကြည့်တတ်သည်။ သွားတွေက ဖြဲ ထားသည်။ သူ့ပုံက အစဉ်အမြဲ ရန်လိုနေသောပုံ၊ ထစ်ကနဲဆို ပြေးခဲလိုက်မည့်ပုံ။ သူ့လက်ထောက်ကတော့ ပျော့အိပျော့ညံ့ပုံနွဲ့တဲ့တဲ့ဟန်ဟုထင်ရသော်လည်း ဒီလန်ဘားငပိန်ကလည်း ရက်စက်သည့်နေရာတွင် သူ့ဆရာထက်သာလေသည်။ သူ့ဆရာခွေးဘီလူးက ခိုင်းလျှင် အသက်ပေးဖို့ ဝန်မလေးသောအကောင်လည်းဖြစ်သည်။ သို့သော် သူ့ပုံက ကနွဲ့ကလျဟန်မို့ ခွေးတွေက မခန့်ချင်ချင်ဖြစ်တတ်လေသည်။ ထိုသောအခါ ကျမှ သူ့သတ္တိကိုထုတ်ပြတတ်လေသည်။ ဒီခွေးဘီလူးက ဘယ်အိမ်ကမှန်းတော့ ဘယ်သူမှ အသေအချာမသိကြ။ သို့သော် သူတို့တွေက အုပ်စုလိုက်မြို့လေးထဲမှာ တခြားခွေးတွေအပေါ် ဗိုလ်ကျ မိုက်ကြေးခွဲနေတာတော့ တွေ့တွေ့နေရသည်။ သူတို့အုပ်စု မလာ လိုက်နှင့် အိမ်တွေမှာရှိကြသောခွေးတွေက အိမ်တွေထဲ ပြေးပုန်းကြရသည်။ ပလက်ဖောင်းပေါ်၊ လမ်းမပေါ်မှာ လတ်လျားလတ်လျား လုပ် နေတာကို သူတို့အုပ်စုကတွေ့လို့ကတော့ မချောင်။ ခွေးဘီလူးခေါင်းဆောင်၏တပည့်တွေက ဝိုင်းသမကြတော့လေသည်။ ခွေးလေးတွေဆို ဂုတ်ကနေ ဆွဲရမ်းပစ်လိုက်ကြသည်။ မြေပေါ်ကျတာနှင့် ဇက်ကျိုးသေလေသည်။ အလွန်လည်းရက်စက်သောအဖွဲ့ဖြစ်သည်။ ထို့ကြောင့် သူတို့ အုပ်စုလာလျှင်တော်ယုံခွေးတွေက လမ်းပေါ်မထွက်ရဲကြတော့ သူတို့က အုပ်စုလိုက်ဗိုလ်ကျနေကြလေသည်။

ခွေးဘီလူးကား မြို့ပြင်ရှိ လေယာဉ်ပြေးလမ်းဘေးက ခြုံတွေ မြက်တွေကြားတွင်နေသည်ဟု တချို့ကဆိုကြသည်။ ခွေးဘီလူးတွင် မယားက တကောင်တည်းရှိသော်လည်း သူ့သားသမီးတွေက တပုံတခေါင်းပင်။ ထို့အပြင်သူက မျိုးချစ်စိတ်ရှိသူတကောင်ဖြစ်ပြီး သူ့အမျိုးတွေကို အ တော်ချစ်သည်။ သူ့မိသားစုသားသမီးတွေအတွက် စားဖို့သောက်ဖို့ကို သူ့တပည့်တွေက မြို့ထဲက ဈေး၊ ခေါက်ဆွဲဆိုင်၊ စားသောက်ဆိုင် အိမ်နောက်ဖေးတို့ကနေခိုးယူလာပြီး ခွေးဘီလူးမိသားစုကို ဆက်သကြရသည်။

ထို့ကြောင့် မြို့လေးထဲတွင် ခေါက်ဆွဲဆိုင် စားသောက်ဆိုင် အိမ်နောက်ဖေးတို့တွင် ခွေးသူခိုးတွေ ဟိုနား ယောင်လည်လည် ဒီနား ယောင် လည်လည် လုပ်နေတာမျိုးတွေ့နေရခြင်းဖြစ်သည်။ အချိန်မရွေး လစ်လျှင်ဝင်ဆွဲဖို့ ခွေးသတင်းပေးတွေ ခွေးစုံစမ်းရေးတွေလည်း ခန့်ထား လေသေးသည်။ ထိုခွေးတွေကို တန်ပြန်ထောက်လှမ်းဖို့ တခါ နောက်ထပ်ခွေးတွေ ထပ်ခန့်ပြန်လေ၏။ ထို့ကြောင့် မြို့လေးထဲတွင် ခွေးမျိုးစုံ ဟိုနားဒီနား တကောင်စီ နှစ်ကောင်စီ ရစ်လှည့်နေကြခြင်းလည်းဖြစ်သည်။ မြို့လေးထဲက အိမ်ရှိခွေးတွေ၏သတင်းတွေကိုလည်း ထောက် လှမ်း စုံစမ်းနေကြသေးလေသည်။ ဘာလို့မူ ထိုအိမ်ခွေးတွေထဲက တကောင်ကောင် ၏ထွက်ပြေးလာလေသလား (သို့မဟုတ်) အိမ်လည် လွန်ပြီး လမ်းပျောက်နေသလား စောင့်ကြည့်နေကြလေသည်။ တခြားနယ်မှရောက်လာသော အချို့ခွေးဧည့်သည်ဆို သူတို့တွေက လှည့် ပတ်ခေါ်သွားပြီး သူတို့ ခွေးမိုက်ဂိုဏ်းထဲ ဇွတ်သွင်းလိုက်ကြသည်။ ထွက်ပြေးလို့ကတော့ အသေပင် ကိုက်သတ်ပစ်လိုက်ကြလေသည်။ ထို့ ထက်မက လက်ထောက် လန်ဘားမိသားစုအတွက်ပါ ခိုးယူပေးကြရလေသည်။ တကယ်တော့မူ ခွေးဘီလူးကခေါင်းဆောင်မဟုတ်။ သူ့ အထက်က ဆရာကြီးရှိသေးသည်။ ထိုဆရာကြီးကတော့ အိုမင်းရွတ်တွနေသော ခွေးဝဲစားအိုကြီး အယ်ဇေးရှင်းကြီးတကောင်ဖြစ်လေသည်။ ခွေးအို အယ်လ်ဇေးရှင်းကြီးကလည်း အရင်က ဒီမြို့လေးကို အပိုင်သိမ်းထားခဲ့သူဖြစ်သည်။ သူရှိစဉ်က တမြို့လုံးကခွေးတွေက မော်လို့ပင် ပြန်မကြည့်ရဲသောအခြေအနေမျိုးဖြစ်သည်။ အားလုံး ပိပြားငြိမ်ဝပ်နေကြရသည်။ ခွေးဘီလူးကတကယ်တော့မူ သူ့ဆရာအယ်လ်ဇေးရှင်း အိုကြီး၏ ယုံကြည်ရသော ခွေးယုံတော်တကောင်ဟု ခွေးအိုကြီးက သတ်မှတ်ထားခြင်းခံရသူလည်းဖြစ်သည်။ ခွေးဘီလူးက ထုံအအ၊ ထုံ ထိုင်းထိုင်းဟန်။ ရိုကျိုးဟန်၊ ပြောသမျှခေါင်းငြိမ့်၊ ခိုင်းရင်လုပ် ခေါ်ရင်သွားသော ပုံစံချိုးထားသည့်အကောင်မို့ ခွေးအိုကြီးက သူ့ကို သူ့နေရာဆက်ခံဖို့ရာထားခြင်းခံရသူလည်းဖြစ်သည်။ ခွေးအိုကြီး အိုမင်းမစွမ်းဖြစ်လာသောအခါ ကျတော့မှ ခွေးဘီလူးက သူ့အောက်ကကောင်တွေကို စည်းရုံးပြီး သူ့ဆရာခွေးအိုကြီးအား ကိစ္စတုံးပစ်လိုက်ပြီး သူ့ဆရာနေရာကို တက်ယူလိုက်ခြင်းဖြစ်သည်။ ခွေးအိုကြီးမှာတော့ ဝက်သေသေခဲ့ရ သည်။ ခွေးလိုပင်ပီပီသသသေခဲ့ရပုံမရ။ သူ့ကို လေယာဉ်ကွင်းအမှိုက်ပုံတွင် သွားပစ်ထားခဲ့လိုက်ကြသည်။မြူနီစပယ်ကလာမသိမ်းခင်ထိတော့ ပုပ်ပွအရည်တရွှဲရွှဲ ယင်တလောင်းလောင်းဖြင့် ရွံစရာကောင်းလှလေသည်။ ဒီလိုဖြင့် ဒီခွေးဘီလူးက ခေါင်းဆောင်ဖြစ်လာခဲ့တော့သည်။ တကယ်တော့မူ ဒီမြို့လေးက စီးပွားရေးကောင်းသောမြို့ဖြစ်သဖြင့် စားနိုင်သောက်နိုင်ကြသူတွေများလှသောကြောင့် သူတို့တွေလည်း အူ စိုကြခြင်းလည်းဖြစ်လေသည်။ သည်ကြားထဲကပင်သူတို့ခွေးမိုက်ဂိုဏ်းက လောဘကြီးကာ အခြားခွေးတွေ၏စားကျက်တွေကို အုပ်စုလိုက် ဝင်ဝင်လုနေကြသေးသည်။

သည်လိုဖြင့် သည်မြို့လေးတွင် ခွေးဘီလူးခေါင်းဆောင်သော ခွေးမိုက်ဂိုဏ်းက အနိုင်ကျင့်ဗိုလ်ကျ လုယက်စားသောက်နေရင်းက ခွေးဘီ လူး ကြီးမှာ စည်းဇိမ်တွေတိုးနေခဲ့သည်မှာ နှစ်ပေါင်းအတော်ပင်ကြာခဲ့ပြီဖြစ်လေသည်။ သူတို့အုပ်စုကြောင့် မြို့လေးထဲက အိမ်ခွေးလေးတွေပင် စည်းပျက်ကမ်းပျက် အကျင့်ပျက်ဖြစ်ချင်တိုင်းဖြစ်နေကြတော့လေသည်။ စည်းလည်းမစောင့်ကြတော့။ လစ်လျှင်တွယ်ပေတော့ စိတ်တွေ ယုတ်ညံ့သောအကျင့်တွေ ကောက်ကျစ်သောစိတ်တွေ မွေးလာခဲ့ရာ မြို့လေးမှာ ကြာလေကြာလေ ကျက်သရေယုတ်လာတော့သည်။

တနေ့သောအခါ ခွေးမိုက်ဂိုဏ်းသားဖြစ်သော အိမ်ခွေးစုတ်ဖွားကောင်သည် သူ့သခင်ကားဖြင့် အခြားမြို့လေးတမြို့သို့ ပါသွားခဲ့လေသည်။ သူ့သခင်က တခြားမြို့လေးရောက်သောအခါ ကားရပ်ပြီး သူ့အလုပ်ကိစ္စများဖြင့် အလုပ်ရှုပ်နေရာ စုတ်ဖွားအတွက် မြို့လေးထဲက ခွေးတွေ အကြောင်း လေ့လာခွင့်ရသွားတော့လေသည်။ ဒီမြို့လေးထဲရှိခွေးတွေက စုတ်ဖွားတို့မြို့လေးကခွေးတွေလို စုတ်ဖတ်ဖတ် ပေစုတ်စုတ် ပိန် ကပ်ကပ်တွေမဟုတ်ဘဲ စိုစိုပြေပြေ ဝဝဖြီးဖြီးဖြင့် ပျော်ရွှင်လွတ်လပ်နေကြခြင်းပဲဖြစ်သည်။ စုတ်ဖွားက တအံ့တသြဖြင့်လိုက်ငေးနေရင်းက စားသောက်ပြီး အမဲလုံးစီကာပေမှေးနေသော ခွေးဖြူကြီးတကောင်ကိုတွေ့လို့ အသာကပ်သွားကမေးလိုက်သည်။

“အကိုကြီး”
“ဟေကွာ .. မင်းက ဧည့်သည်ထင်တယ် ဘယ်ကလဲဟ”

ခွေးဖြူကြီးက သူ့ကို မှေးစင်းစင်းကြည့်ကာ မေးလိုက်သည်။

“ဟိုဘက်မြို့လေးကပါ။ ဒါနဲ့ အကိုကြီးတို့မြို့ခွေးတွေက လှပ စိုပြေ ဝဖြီးပျော်ရွှင်နေကြတာပဲနော်။ ကျွန်တော်အံ့သြနေလို့။ အဲဒါ ဘာကြောင့် လဲဟင်”

ခွေးဖြူကြီးက သူ့ကိုလှည့်ကြည့်ပြီး …

“ဒါလား မဆန်းပါဘူးကွာ။ ငါတို့မြို့ကိုအုပ်ချုပ်နေတဲ့ခွေးကြီးက သမာသမတ်ကျတယ် တရားမျှတတယ်။ အားလုံးပေါ်ကြင်နာတယ်။ မလု ဖူး။ မယက်ဖူး။ မခိုးဖူး။ ဒါကြောင့် ငါတို့တွေက သူ့ကိုပြန်တောင်ချစ်နေကြသေးတာကွ”

“မကြောက်ဖူးလား”
“ဘာလို့ကြောက်ရမလဲကွ။ ကြောက်အောင်လုပ်တာကမခက်ပါဘူး။ အချစ်ခံရအောင်လုပ်ဖို့က ခက်တာပါကွာ။ ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တာက ခွေးသူခိုးဝဲစားဉာဏ်လေကွာ ခေါင်းမှမရှိတာ”

“သြော်” ဟု သူရေရွတ်ပြီး လှည့်ထွက်မည်အပြု
“ဟေ့နေပါဦးကွ။ နေ့လယ်စာ ဝက်အူချောင်း ပေါင်မုန့်နို့ဆီသုတ်ရယ် ချိစ်လေးစားသွားပါဦးလား … လာကွ”

သူက သူ့ကိုကျွေးထားသောပန်းကန်ထဲကအစာတွေကို စားခိုင်းနေသည်မို့ စုတ်ဖွားလည်းမနေသာပဲ စားလိုက်တာအတော် အရသာရှိသွား လေ၏။

“မင်းတို့မြို့ကခွေးဘီလူးအကြောင်းကြားပါတယ်ကွာ။ ဒီလိုပုံသာဆက်နေသွားရင် မကြာဘူး။ ကြွမှာပဲ။ ဟိုဘက်မြို့ကကောင်တွေက ငါတို့ လို မဟုတ်ဘူး။ ခွေးမိုက်တွေကို လိုက်ချနေတာကွ။ မင်းဆရာကြီးကိုပြောပြလိုက်ကြားလား”

“ဟုတ် … ဟုတ်ကဲ့” သူပြောရင်းပင် လက်တွေ ခြေတွေတုန်လာကာ ထိုနေရာမှ သွက်သွက်ပြေးကာ ကားပေါ်တက်ဝပ်နေရလေသည်။ သြော် သူတို့တွေ စိတ်ချမ်းသာ လွတ်လပ်ဝဖြီးနေလိုက်တာနော်ဟု စိတ်ထဲတွေးနေမိလေ၏။

ထို့နောက် သူ့သခင်က ကုန်များတင်ကာ နောက်တမြို့သို့ သွားနေပြန်လေသည်။ နောက်တမြို့ကတော့ အရင်မြို့ထက်ပင်ပိုလို့ ချမ်းသာ ကြွယ်ဝကြပုံရပြီး မြို့ထဲကခွေးတွေသည် သစ်လွင်တောက်ပလှနေကြ၏။ သူ့သခင်အလစ် သူတကောင်တည်း မြို့ထဲ ၏လှည့်ပတ်ကြည့်သည်။ သို့သော် ခွေးတွေက ကျီးလန့်စာ စားပုံတွေပေါက်နေကြသည်။ စုတ်ဖွားလည်း ဆိုင်တခုရှေ့ကပလက်ဖောင်းပေါ်မှာ နားရင်းကြည့်နေ လိုက်လေ၏။ သုတ်သုတ်သုတ်သုတ်ဖြင့်လာသော ခွေးပုလေးကိုတွေ့လိုက်လို့ …

“ဒီမှာဒီမှာ ဘာတွေဖြစ်နေတာလဲဗျ”

ခွေးပုလေးက ကြောက်ကြောက်ဖြင့် ….
“ငါတို့လည်းလန့်နေကြတာ။ ငါတို့ခွေးခေါင်းဆောင်ကြီးက တခြားမြို့ကခွေးတွေကို စိန်ခေါ်ခေါ်နေတာ၊ အခုတကယ်လာချကြတော့ ငါတို့ ခေါင်းဆောင် ဝက်သေသေနေပြီလေ။ ငါတို့တွေအားလုံးလန့်နေကြတာ။ ဒါပေမယ့် ငါတို့မြို့သားတွေကိုတော့ ဘာမှရန်မလုပ်ပါဘူး။ လန့် တော့ လန့်နေကြတာပေါ့” ဟုပြောရင်း ထွက်သွားလေသည်။ ထိုအခါ စုတ်ဖွားလည်းလန့်ပြီး သခင့်ကားဆီ တဟုန်ထိုးပြေးနေတာ့သည်။

သူ့မြို့လေးပြန်ရောက်တော့ ဒီသတင်းကို သူက ခွေးဘီလူးကြီးထံ သတင်းပို့လိုက်သည်။ သို့သော် ခွေးဘီလူးကြီးက သူ့မူအတိုင်း မှုန်တေတေ မထီတထီဟန်ဖြင့် မာန်ဖီကာ “လုပ်လိုက်လေ … ငါက ဘယ်ကောင့်ကိုကြောက်နေရမလဲ။ ဟီးဟီး … ငါ့မှာနည်းလမ်းရှိပါတယ် ဟဲဟဲ” ဟုသာ ပြန်ပြောလိုက်ရာ စုတ်ဖွား ဆက်မပြောဝံ့တော့ချေ။

ထို့နောက်မကြာမီတွင် ခွေးဘီလူးကြီးက လျှို့ဝှက်ပြီး လေယာဉ်ကွင်းဘေးက ခြုံတောတွေကြားထဲတွင် တွင်းတူးနေကြောင်းသတင်းသဲ့သဲ့ကြားနေရလေသည်။ အတိအကျတော့မူ မသိရ။ မြေခွေးတွေလို သားရဲတွင်းတူးနေတာမျိုးထင်ရလေသည်။ လေယာဉ်ကွင်းနားလည်း ဘယ်ခွေးမှ ကပ်လို့မရ။ ခွေးဘီလူးကြီး၏ ခွေးယုံတော်တွေ သူ့ကိုယ်ပိုင် သက်တော်စောင့်ခွေးတွေသာ ကပ်လို့ရသောကြောင့်တည်း။ နောက်ရက်များတွင် ခွေးဘီလူးကြီး ပျောက်ခြင်းမလှပျောက်နေတော့သည်။ ဟိုဘက်မြို့လေးက ခွေးတိုက်ခိုက်ရေးကောင်တွေ ဒီဘက်မြို့ လေးဆီ လာတိုက်မည့်အကြောင်းသတင်းရသောအခါ ပိုလို့ပင် ခွေးဘီလူးကြီးမိသားစုနှင့် လက်ထောက်လန်ဘားကျော်တို့ ငြိမ်သက်နေလေ သည်။

မနက်စောစော မြူနီစပယ်ဈေး တိုက်ပွဲလည်းမရှိတော့တာကြာပြီဖြစ်သည်။ ဈေးခွေးတွေက ခွေးမိုက်ဂိုဏ်းလာလျှင် ရင်ဆိုင်တိုက်ခိုက်မ နေတော့ဘဲ အသာရှောင်ပေးလိုက်ကြပြီး သူတို့အုပ်ပြန်မှ အကျန်လေးတွေကို လုယက်စားကြရလေသည်။ ညနေတိုင်လှည့်လည်နေ တတ်သော ခွေးသတင်းပေးတွေ ခွေးစုံစမ်းရေးတွေလည်း လမ်းပေါ်မှာ မတွေ့ရတော့ချေ။

သည်လိုဖြင့် ခွေးဘီလူးနှင့်အုပ်စုသည် နှစ်ပေါင်းအတော်ကြာအောင်မြို့လေးတွင် မင်းမူနေခဲ့တော့လေသည်။ မြို့လေးရှိ ခွေးတွေကတော့ စုတ်ပြတ်သတ် စုတ်ချာပိန်ကပ်နေကြလေသည်။

တနေ့သောအခါ လေယာဉ်ပြေးလမ်းချဲ့သည့်စီမံကိန်းစသောအခါ ခွေးဘီလူးကြီးမိသားစုတို့နေသောနေရာတဝိုက်ကို ဘူဒိုဇာဖြင့်ထိုးကာ တွင်းများကို ဖုံးအုပ်ပစ်လိုက်လေသည်။ ထိုအခါ ဘယ်နေရာတွင်ရှိနေမှန်းမသိသော ခွေးဘီလူးမိသားစုနှင့် လန်ဘားတို့တွင်းများလည်း ဖုံးမိ ရက်သားဖြစ်သွားခဲ့တော့သည်။

ထိုနေ့မှစပြီး မြို့လေးတွင် ခွေးဘီလူးဂိုဏ်းခေါင်းဆောင်နှင့် လန်ဘားတို့မိသားစုကို မြို့လေးထဲတွင် လုံးလုံးမတွေ့ရတော့ဘဲ ပျောက်ဆုံး သွားခဲ့လေသည်။

အချို့ကမူ ခွေးဘီလူးကြီင်္းသည် အလွန်ဉာဏ်ပြေးသူဖြစ်ပြီး ခွေးခြင်းတခါကိုက်ဖို့ဆိုလျှင် နာရီဝက်လောက်စဉ်းစားတတ်သူဟု ဆိုကြသည်။ ထို့ကြောင့် တွင်းလှိုဏ်ခေါင်းက ဟိုဘက်စိနနိုင်ငံဘက်ထိတူးထားလေရာ ခွေးဘီလူးမိသားစုသည် တွင်းထဲမှာ ပိတ်မိပြီးမသေဘဲ လှိုဏ်ခေါင်း တွင်းမှအသာဖြတ်ကာ ဟိုဘက်စိနနိုင်ငံထဲတွင် အေးချမ်းလုံခြုံစွာဖြင့်ရောက်နေပြီဖြစ်ကြောင်း တချို့ကပြောနေကြလေ၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts