သန်းဝင်းလှိုင်

လူထုအား နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ဆရာတော်ဦးဥတ္တမ

သန်းဝင်းလှိုင်
စက်တင်ဘာ ၈၊ ၂၀၁၂
အမျိုးဘာသာသာသနာ လွတ်လပ်ရေးကြီးအတွက် ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သော ရဟန်းသံဃာတော်များ၌ ထင်ရှားခဲ့သောဆရာတော်မှာ အသျှင်ဦးဥတ္တမဖြစ်သည်။ ဆရာတော်ဦးဥတ္တမသည် ဝါတော် (၄၁) ဝါ၊ သက်တော် (၆၀) တွင်ပျံလွန်တော်မူခဲ့ရာ ယခုနှစ် ၂၀၁၂ ခုနှစ်ဆို လျှင် ၇၃ နှစ်တိုင်ခဲ့ပြီဖြစ်သည်။


ဆရာတော်ဦးဥတ္တမသည် သူ့ဘဝတသက်တာတွင် မြန်မာပြည်သူလူထု အား နိုင်ငံရေးစိတ်ဓါတ်မြင့်မားစေရေးနှင့် ဝံသာနုတရားများပွားများ စေရန် ဆောင်ရွက်ကြိုးပမ်းခဲ့လေသည်။ ယင်းသို့ တိုင်းတပါးအုပ်ချုပ်မှုအောက် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသော ဆရာတော်ဦးဥတ္တမကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရူပရပ်၌ ၁၈၇၉ ခု၊ ဒီဇင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့တွင် အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းမှာ ဆရာတော်ဦးဥတ္တမလျောင်းလျာ ပေါ်ထွန်းအောင်၊ ညီငယ် ကျော်ထွန်းအောင် (နောင်ရှင် အရိယဘွဲ့ဖြင့် ထင် ရှားခဲ့သောဆရာတော်) နှင့် ညီမ မအိမ်စိုးတို့ဖြစ်ကြသည်။

ပေါ်ထွန်းအောင် (၉) နှစ်အရွယ်သို့ရောက်သောအခါ ညီဖြစ်သူကျော်ထွန်းအောင်မှာ (၆) နှစ်သာရှိသေးသည်။ ညီအစ်ကိုနှစ်ယောက် အင်္ဂ လိပ်စာသင်လို၍ မိဘများကိုပူဆာကြသည်။ မရသဖြင့် အိမ်မှထွက်ပြေးခဲ့ကြသည်။ ၁၅ ရက်ကြာမှပြန်တွေ့ရာ ယင်းတို့ဆန္ဒအတိုင်း မိဘများ က စစ်တွေမြို့ရှိ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်းသို့ ပို့ဆောင်အပ်နှံကြသည်။ ကျောင်းထုံးစံအတိုင်း ပေါ်ထွန်းအောင်အား သူငယ်တန်း တွင်ထားလေရာ သူက တတိယတန်းတွင်ထားခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ဆရာကြီးက သူ့အရည်အချင်းကိုသိလို၍ တတိယ တန်းဖတ်စာ ကိုဖတ်ခိုင်းရာ အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြနိုင်လေသည်။ ကျောင်းမနေသေးဘဲ ဖတ် ပြနိုင်ခြင်းမှာ အိမ်နီးချင်းသူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့ရသည်။

ပဉ္စမတန်းတင်စာမေးပွဲတွင် ဂဏန်းသင်္ချာ၌ ဒုတိယဆုရရှိသဖြင့် မျက်နှာဖြူအင်္ဂလိပ်လူမျိုး ရခိုင်တိုင်းမင်းကြီးကိုယ်တိုင် လာရောက်ဆုချီး မြှင့်ခဲ့လေသည်။ ဒုတိယဆုကိုလက်မခံလိုသော်လည်း ဆရာကြီးကကြိမ်းမောင်း၍ သွားရောက်ဆုယူခဲ့သော်လည်း ဆုယူပြီးနောက် ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်လေသည်။ ဤသို့ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား “ဒီမှာငါ့ညီ ဆုယူ ရင် ပထမဆုကိုသာယူ၊ ဒုတိယဆုတို့၊ တတိယဆုတို့ဆိုရင် ဘယ်တော့မှမယူနဲ့” ဟူ၍ ဆိုလေသည်။

(၁၃) နှစ်အရွယ်တွင် စစ်တွေမြို့ ရွှေစေတီကျောင်းဆရာတော်ထံ၌ ဖိုးသူတော်အဖြစ်နှင့် မင်္ဂလသုတ်မှ သဒ္ဒါရှစ်ဆောင်၊ သဂြိုဟ်ကိုးပိုင်းအထိ သင်ယူခဲ့သည်။ (၁၆) နှစ်အရွယ်တွင် ရှင်သာမဏေဝတ်ရာ “ရှင်ဥတ္တမ” ဟု တွင်လေသည်။ ထိုမှတဖန် ပခုက္ကူစာသင်တိုက်ကြီးတွင် သွား ရောက်သင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓါးတောင်ဆရာတော်ဦးဂန္ဓာနှင့် လိုက်သွားခဲ့သည်။ တောင်ငူတွင် ရှင်သာမဏေစာပြန်ပွဲတစ်ခု၌ ဝင်ရောက်ဖြေဆိုရာ ပထမရခဲ့သည်။ ဆရာတော်၏ ပညာအရည်အချင်းကိုသဘောကျသော တောင်ငူမြို့ရှိ ကြွယ်ဝချမ်းသာသော ရှမ်းအ မျိုးသမီးကြီးတစ်ဦးက သားအဖြစ်မွေးစားကာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ပညာသင်ကြားရန် ပို့ပေးခဲ့သည်။ (၃) နှစ်အကြာတွင် အင်္ဂ လိပ်-ဗမာ (၁၀) တန်းအဆင့်ကိုအောင်မြင်ခဲ့ပြီး ဗမာပြည်သို့ ပြန်လာခဲ့သည်။ သက်တော် (၁၉) နှစ်နှင့် (၂) လတွင် ဆွေမျိုးနီးစပ်တော်စပ်သော ဘုံဘေဘားမားသစ်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းခံပေးခဲ့သဖြင့် သာသနာဘောင်ပြန်ဝင်ခဲ့သည်။

ထို့နောက် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ပြန်ကြွ၍ အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့်ဗုဒ္ဓဘာသာဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ရင်း သက္ကတစာပေ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်းဟိန္ဒီစာပေများ လေ့လာသင်ကြားခဲ့သည်။ ထိုစဉ်ကအတွင်း အိန္ဒိယကွန် ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သည့် ဟိန္ဒူမဟာဆပ်အသင်းကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ ဆရာတော်ဦးဥတ္တမသည်အနိုင်ရရှိကာ ဥက္ကဋ္ဌဖြစ်ခဲ့လေသည်။

ဆရာတော်ဦးဥတ္တမသည် အိန္ဒိယပြည်တွင် (၈) နှစ်ကြာမျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့သွားရောက်၍ ပညာသင်ကြားခဲ့ပြန်သည်။ ပြင်သစ်တွင် ပညာသင်ကြားနေစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉၀၄ – ၀၅) ၌ ဂျပန်ကဲ့သို့ နိုင်ငံငယ်ကလေးက ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံတစ်ခုကို အနိုင်ရလိုက်သဖြင့် ဂျပန်နိုင်ငံကို စိတ်ဝင်စားသွားသည်။

ထို့နောက် စုဆောင်းထားသောငွေဖြင့် ဂျပန်သို့ ရေကြောင်းခရီးဖြင့်သွားရောက်ခဲ့သည်။ တိုကျိုမြို့သို့ရောက်သောအခါ ဗုဒ္ဓဘာသာ သိပ္ပံ ကျောင်းကြီး၏ဥက္ကဋ္ဌ လွှတ်တော်အမတ် အိုတာနီ (ထိုစဉ်က စက်မှုလက်မှုဝန်ကြီး) ၏အထောက်အပံ့ဖြင့် ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီးတွင် (၂) နှစ်ခန့် ပါဠိနှင့်သက္ကတဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့လေသည်။ ဂျပန်ပြည်သို့ရောက်ရှိစဉ်က ဆရာတော်သည် ဝါတော် (၉) ဝါ မျှရှိပြီး မြန်မာ၊ ပါဠိ၊ ဟိန္ဒီ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာတို့ကို ကျွမ်းကျင်တတ်မြောက်နေပြီဖြစ်သည်။

ဆရာတော်ဦးဥတ္တမ ဂျပန်ပြည်သို့ရောက်ရှိစဉ်အတွင်း တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရောက်ရှိနေသည်။ တရုတ်ကျောင်းသား အတော်များများလည်း ဂျပန်နိုင်ငံသို့ ပညာသင်အဖြစ်ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများ သည် ဆရာတော်ဦးဥတ္တထံရောက်လာ၍ သြဝါဒခံယူကြသည်။ ဆရာတော်က တရုတ်ကျောင်းသားများကို ဂျပန်ပြည်နှင့်နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း သြဝါဒပေးခဲ့လေသည်။ တရုတ်ကျောင်းသားများပြောပြချက်အရ ဒေါက်တာဆွန်ယက်သည် ဆရာဦးဥတ္တမအကြောင်းသိရှိသွားပြီး ဆရာတော်ထံ ကိုယ်တိုင်သွားရောက်ဖူးမျှော်၍ ဆွေးနွေးခဲ့သည်။ ဒေါက် တာဆွန်ယက်ဆင်သည် ဦးဥတ္တမအား အလွန်လေးစားကြည်ညိုသွားရာမှ တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်ဆောင်လေသည်။ ဆရာတော်တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုရီးယား၊ ကိုရီးယားမှတဆင့် ဆိုက် ပန်ကျွန်း၊ ဆိုက်ပန်ကျွန်းမှ မန်ချူးကိုး၊ ထိုမှတဆင့် ကျိဖု၊ ပီကင်း၊ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည်ခဲ့သည်။

ထိုခေတ်ထိုအခါက မြန်မာလူမျိုး ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေဖြင့် ထိုမျှများပြားသော နိုင်ငံအသီးသီးသို့ လှည့်လည်သွားလာ၍ နှစ် ရှည်လများ သီတင်းသုံးနိုင်သည်မှာ အံ့သြချီးကျူးဖွယ်ပင်ဖြစ်သည်။

ဆရာတော်သည် ဂျပန်နိုင်ငံ၌ ဆွမ်းစရိတ်မျှသာယူ၍ စေတနာဖြင့် ဘာသာဗေဒပါမောက္ခအဖြစ် သင်ကြားခဲ့လေသည်။ ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်မှတဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခုဗီယက်နမ်ဆို ရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်မြို့တော်) သို့ဝင်ရောက်၍ လှည့် လည်ခဲ့သေးသည်။

ဆိုင်ဂုံတွင် မင်းတုန်းမင်းတရားကြီး၏ သားတော်မြင်ကွန်းမင်းသားကြီးနှင့် တွေ့ဆုံခဲ့သေးသည်။ မြင်ကွန်းမင်းသားကြီးသည် ၁၉၂၁ စက်တင် ဘာလ ၂၃ တွင် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့၌ ကံကုန်ခဲ့သည်။

၁၉၁၁ ခုနှစ်တွင် ဆရာတော်သည် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီးနောက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတွင် စိတ်အားထက်သန်စွာ ဝင်ရောက်ကူညီလုပ်ဆောင်ခဲ့ရာ အစိုးရစုံထောက်များက တကောက်ကောက်လိုက်ကြတော့သည်။ နိုင်ငံရေးဆရာ တော်ပီပီ ပြတ်ပြတ်သားသားပြောဆိုတတ်သော ဆရာတော်ဦးဥတ္တမကို အရဟတ္တဇဂုဏ်နှင့်မညီညွတ်ဟုဆိုကာ မည်သည့်ကျောင်းက လက်မခံသဖြင့် သမိုင်း (ယခုမရမ်းကုန်းမြို့နယ်) ရှိ အိမ်တစ်အိမ်တွင် သီးသန့်သီတင်းသုံးခဲ့ရလေသည်။

ဆရာတော်၏နယ်ချဲ့မကြောက်တရားများမှာ တစတစလူသိများလာပြီး တရားပွဲများလည်း စည်ကားလာခဲ့သည်။ ဆရာတော်သည် သံဃာ တော်များအား “ကျောင်းတွင်သာ ကျိန်း၍မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘဝသို့ရောက်နေပါက တိုင်းသူပြည်သားများသည် ကျွန်များ ဖြစ်ကြ၍ ကျွန်များကိုးကွယ်သောဘာသာလည်း ကျွန်ဘာသာ၊ ကျွန်သာသနာပင်ဖြစ်မည်။ ကျွန်ဘဝမှလွတ်မြောက်၍ သာသနာပြုမင်း ပေါ် ပေါက်မှသာလျှင် သာသနာတော်လည်း ကြီးပွားထွန်းကားလာမည်” ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ပြီး သံဃာ့သမဂ္ဂီများဖွဲ့စည်းကာ လွတ် လပ်ရေးရအောင် ကြိုးပမ်းသင့်ကြောင်း ဟောပြောခဲ့သည်။ ၁၉၁၂ တွင် ဂျပန်သို့ပြန်ကြွ၍ ၁၉၁၉ ခုနှစ်အထိ ဂျပန်ပြည်၌သီတင်းသုံးခဲ့သည်။

၁၉၁၉ တွင် မြန်မာပြည်သို့ ပြန်လည်ကြွရောက်လာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံးကာ “ဂျပန်ပြည်အကြောင်း” စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ထို့ကြောင့် သူရိယသတင်းစာ၌ အမျိုးကိုစောင့်ရှောက်ရမည့် ဝံသာနုရက္ခိတတရားများကိုလည်း လှုံ့ဆော်ရေး သားခဲ့သည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ်စတင်မှောက်ခဲ့ရာ ဆရာတော်က တက္ကသိုလ် သပိတ်ကို အားပေးထောက်ခံခဲ့သည်။ ၁၉၂၁ ဒီဇင်ဘာလတွင် ဗြိတိသျှ အိမ်ရှေ့စံဝေလမင်းသားကို သပိတ်မှောက်မှုဖြင့် ဂျီစီဘီအေခေါင်း ဆောင် (၉) ဦးကိုဖမ်းဆီးရန် နယ်နှင်ဒဏ်ပေးခဲ့သောကြောင့် ဆရာတော်သည် သူရိယသတင်းစာမှ “ဆာရယ်ဂျီနယ်ကရက်ဒေါက် ဗမာပြည် ကထွက်သွား” ဟူ၍ကြေညာပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရကိုစိန်ခေါ်ခဲ့ရာ တပြည်လုံးက ဆရာတော်သတ္တိနှင့် ဝံသာနုစိတ်ဓါတ်ကို ချီးကျူးခဲ့ သည်။

၁၉၂၁ ဖေဖေါ်ဝါရီ ၃ တွင် ဆရာတော်ဦးဥတ္တမသည် ဒေးဒရဲမြို့စု ကလပ်ကျေးရွာတွင်လည်းကောင်း၊ ဖေဖေါ်ဝါရီ ၅ တွင် ဒေးဒရဲမြို့ တမာ တောကျေးရွာတွင်လည်းကောင်း တရားဟောပြောခဲ့သည်။

ထို့နောက် ၁၉၂၁ မတ် ၁၀ တွင် ဆရာတော်သည် ကျောင်းကုန်းမြို့တရားပွဲတွင် တရားဟောပြောနေစဉ် ဖေဖေါ်ဝါရီ ၄ ရက်နေ့က စုက လပ်ရွာတရားပွဲတွင် အစိုးရအကြည်ညိုပျက်အောင်ဟောပြောမှုဖြင့် အဖမ်းခံရသည်။ ဇူလိုင်လ ၄ တွင် မအူပင်အရေးပိုင်ရုံးမှ အိန္ဒိယ ရာဇ သတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၄ (က) နှင့် ၁၅၃ (က) အရ အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟုဆိုကာ ထောင်ဒဏ် ၁ နှစ် ၈ လ ချမှတ်ခဲ့သည်။ ဆရာတော်သည် ၁၉၂၂ ဇွန်လ ၂၆ တွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့သည်။

၁၉၂၂ နိုဝင်ဘာလ ၉ မှ ၁၀ ထိ သရက်မြို့တွင် လှိုင်ပုကျော် ဂျီစီဘီအေ (ဝံသာနုဂျီစီဘီအေ) နိုင်ငံလုံးဆိုင်ရာ ဒသမနှစ်ပတ်လည်ညီလာခံ ကျင်းပတ်ရာ ဆရာတော်ဦးဥတ္တမက ဒိုင်အာခီအုပ်ချုပ်ရေးအရ ကျင်းပမည့်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တရားဟောပြောခဲ့သည်။

၁၉၂၄ သြဂုတ် ၁၆ တွင် မန္တလေးမြို့မှ ဦးချစ်လှိုင် ဂျီစီဘီအေဝံသာနုများက ဆရာတော်ဦးဥတ္တမအား တရားဟောပြောရန် ဖိတ်ကြားထားသည့် အတွက် မန္တလေးသို့ကြွသွားရာ ရှမ်းစုဘူတာမှ ဓါတ်ရထားလမ်းတလျှောက်ပင့်ဆောင်နေစဉ် ၈၄ လမ်း နှင့် ၃၁ လမ်း အရောက်တွင် ဒိစ တြိတ်ရာဇဝတ်ဝန်ခေါင်းဆောင်သော ပုလိပ်အဖွဲ့နှင့်လူထု အဓိကဂုဏ်းဖြစ်ပွားရာ ဆရာတော်ဦးစန္ဒိမာ သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ရ သည်။ ဆရာတော်ဦးဥတ္တမနှင့် ဦးဉာဏုတ္တရ၊ ဦးကေတုတို့အားလည်း ပုဒ်မ ၁၄၄ အရ မန္တလေးမှ ချက်ချင်းထွက်ခွာရန် အမိန့်ထုတ်ခဲ့သည်။

၁၉၂၄ စက်တင်ဘာ ၂၁ တွင် ဆရာတော်ဦးဥတ္တမသည် မန္တလေးအဓိကရုဏ်းကြောင့် တပည့်ဒါယကာများနှင့် သံဃာတော်များ အဖမ်းခံရ ကြောင်းသိရသောအခါ မိမိလည်း ထောင်ကျခံရန်ဆုံးဖြတ်ပြီး ရန်ကုန်မြို့ လမ်းမတော်ရပ် ဘုန်ကြီးလမ်းနှင့် ကျုံးကြီးလမ်းထောင့်ရှိ ရာဖီ ရုပ်ရှင် နန်းတော်ရုံတွင် အစိုးရဆန့်ကျင်ရေးတရားဟောပြောခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၂ တွင် အစိုးရအကြည်ညိုပျက်အောင်ဟောပြောမှု ဆရာတော်အား ပုဒ်မ ၁၂၄ (၇) အရဖမ်းဆီးရန် အောက် တိုဘာ ၈ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၂ တွင် ဆရာတော်၏အယူခံလွှာတင်သွင်းမှုကို တရားရုံးချုပ်မှ ပယ်ချ၍ စီရင်ချက်ကိုအတည်ပြုခဲ့သည်။ ၁၉၂၇ ဖေဖေါ်ဝါရီ ၂၁ တွင် ဆရာတော်ဦးဥတ္တမ ထောင်မှပြန်လွတ်ခဲ့သည်။ ထောင်မှပြန်လွတ်ပြီး နောက် ပဲခူးမြို့ တွင် ၁၉၂၇ မတ် ၁၉ မှ ၂၂ ထိကျင်းပသော ဦးစိုးသိမ်း ဂျီစီဘီအေ၏ ၁၄ ကြိမ်မြောက်ညီလာခံတွင် ဆရာတော် ဦးဥတ္တမမှ တရားဟောစင်မြင့် သင်္ကန်းရုံကိုလှန်ကာ အကျဉ်းသားဝတ်စုံဖြင့် အကျဉ်းသားဘဝကနေထိုင်ခဲ့ရပုံကို ပရိသတ်အားပြသခဲ့သည်။ ဆရာ တော်ဦးဥတ္တမသည် အမြို့မြို့အနယ်နယ်သို့လှည့်လည်၍ ဝံသာနုတရားများဟောပြောရာ ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။

ထောင်မှပြန်လည်လွတ်မြောက်ပြီးနောက် အိန္ဒိယပြည်နှင့်မြန်မာပြည်သို့ ကူးချည်သွားချည်လုပ်နေရင်း “တရုတ်နှင့် ဂျပန်နိုင်ငံအကြောင်း” စာအုပ်နှစ်အုပ်ကို ဓါတ်ပုံများဖြင့် ဝေဝေဆာဆာထုတ်ဝေသည်။

၁၉၃၅ စက်တင်ဘာ ၉ တွင် အိန္ဒိယအစိုးရအက်ဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယပြည်၏ပြည်နယ်တခုမဟုတ်တော့ဘဲ ဗြိတိသျှအင်ပါ ယာအတွင်း သီးခြားနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၃၅ နိုဝင်ဘာ ၁၁ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ပြည်လုံးကျွတ်အစည်းအဝေးကျင်းပရာ ဆရာတော်ဦးဥတ္တမက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ တရားဟောပြောခဲ့သည်။ ထိုအစည်းအဝေးမှ –

(၁) မြန်မာပြည် ပျက်စီးရာပျက်စီးကြောင်းဖြစ်သော ဂိုဏ်းဂဏကွဲပြား၍ သြဇာများနေမှုကို လုံးဝရပ်စေလျက် အင်အားအကြီးဖြစ်သော မြန် မာပြည်လွတ်လပ်ရေး ညီညွတ်ရေးအဖွဲ့ချုပ်တစ်ခု တည်ထောင်ရန်။

(၂) ဦးကွာဝိန္ဒာဓိပတိ၊ ဦးညေယျ၊ ဦးဝါသဝနှင့် ဦးဥတ္တမကိုယ်တော်တို့အား ညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် လုံးဝတာဝန်လွှဲ အပ်ရန် ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။

၁၉၃၆ နိုဝင်ဘာ ၁၀ မှ ၁၄ ထိ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံး အောက်လွှတ်တော်ရွေးကောက် ပွဲကျင်းပခဲ့ရာ ငါးပွင့်ဆိုင်ပါတီမှ နှစ်ဦးအနိုင်ရရှိခဲ့သည်။ ဆရာတော် ဦးဥတ္တမအား ငါးပွင့်ဆိုင်ပါတီ၏ ပင့်ဖိတ်ချက်အရ အမြို့မြို့အနယ်နယ်တွင် လှည့်လည်၍ တရားဟောပြောခဲ့သည်။

ထို့နောက် ဆရာတော်သည် ပုစွန်တောင်မြို့နယ် ညောင်တုန်းကျောင်း၌သီတင်းသုံး၍ ဆင်းဆင်းရဲရဲချို့တဲ့စွာ ဖြစ်သလိုနေ၊ ဖြစ်သလိုဆွမ်း ဘုန်းပေးကာ လှည့်လည်သွားလာရင်း ၁၉၃၉ သြဂုတ်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၌ မိုးသဲသဲရွာနေစဉ်အတွင်း သတိမေ့လဲကျ နေသည်ကို သခင်လွင်ကတွေ့ရှိ၍ တိုး တက်ရေးသတင်းစာတိုက်မှ အလုပ်သမားများနှင့်အတူ ဆရာတော်အား ညောင်တုန်းကျောင်းတိုက်သို့ လန်ခြားဖြင့်ပင့်ဆောင်ပို့ခဲ့ရသည်။ ထိုအချိန်မှစ၍ ဆရာတော်သည် ကျန်းမာရေးပြန်လည်နာလန်မထူနိုင်တော့ဘဲ ရန်ကုန်ဆေးရုံကြီးသို့ ပို့ ဆောင်ကုသခဲ့ရသည်။ ထို့နောက်များမကြာမီမှာပင် ၁၉၃၉ စက်တင်ဘာလ ၉ ရက် စနေနေ့တွင် မြန်မာအမျိုးသား နိုင်ငံရေးအသိတရားကို ဖွင့်ပေးခဲ့သော ဆရာတော်ဦးဥတ္တမသည် ရန်ကုန်ဆေးရုံကြီး ၌ ပျံလွန်တော်မူရရှာလေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏သက်တော်မှာ (၆၀) နှစ်ရှိ၍ ဝါတော်မှာ (၄၁) ဝါ ရှိပြီဖြစ်သည်။

ထို့နောက် ဆရာတော်ရုပ်ကလပ်ကို ဆေးရုံ၌ မပုပ်မသိုးအောင်ဆေးစိမ်ကာ မှန်ခေါင်းသွင်း၍ ပုဇွန်တောင် ညောင်တုန်းကျောင်း၌ အန္တိမဈာ ပန ကျင်းပပြုလုပ်ခဲ့သည်။ ဆရာတော်ပျံလွန်တော်မူပြီး ၂ ရက်အကြာ စက်တင်ဘာ ၁၁ တွင်ကျင်းပသော မြန်မာပြည်အောက်လွှတ်တော် အစည်းအဝေး၌ လွှတ်တော်အမတ်များအားလုံး ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် ငါးမိနစ်ခန့် မတ်တတ်ရပ်၍ အရိုအသေပြုခဲ့ကြသည်။

အန္ဒိယနိုင်ငံ ဗာရာဏသီမြို့ “နာဂရီပရက်ျာရ်နီဘာသာ” အမည်ရှိ စာပေအဖွဲ့ကထုတ်ဝေသော ဟိန္ဒီဘာသာစွယ်စုံကျမ်းတွင် မြန်မာလွတ်လပ် ရေးတိုက်ပွဲဝင် ခေါင်းဆောင်ဆရာတော်ဦးဥတ္တမအကြောင်း ဂုဏ်ပြု ဖေါ်ပြထားလေသည်။ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော်ဦးဥတ္တမအကြောင်းကို စာအုပ်များရေးသားထုတ်ဝေခဲ့လေသည်။

ယင်းသို့ မြန်မာလွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချခဲ့သော ကျေးဇူးရှင်အာဇာနည်ဆရာတော်ဦး ဥတ္တမအား နောင်လာနောက်သား တွေအားလုံး အမြဲတစေသတိရကြစေရန်အတွက် စစ်တွေမြို့ အမှုထမ်းပေါင်း စုံသမဂ္ဂအဖွဲ့မှဦးစီးကာ ၁၉၄၇ စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော်အားဂုဏ်ပြုသည့်အခမ်းအနားတရပ်ကို ပုလိပ်သမဂ္ဂအဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းနေ့ကိုပင် နောင်တွင် ဦးဥတ္တမ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ စစ်တွေမြို့တွင်လည်း ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံကို တည်ဆောက်၍ ဆရာ တော်အား ဂုဏ်ပြုခဲ့ကြသည်။ ထို့ပြင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် ၁၉၆၃ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဦးဥတ္တမရုပ်ထုကြီးကို အခမ်းအနား ဖြင့် စိုက်ထူခဲ့သည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်ခြေရင်းရှိ ကန်တော်မင်းပန်းခြံကိုလည်း ဖဆပလအစိုးရက ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသည့်အနေ ဖြင့် ဦးဥတ္တမပန်းခြံဟုမှည့်ခေါ်ခဲ့သလို နှစ်စဉ် စက်တင်ဘာ ၉ ရက်နေ့ရောက်တိုင်း ဆရာတော်ဦးဥတ္တမနေ့ဟူ၍ ကျင်းပခဲ့သည်။ သို့သော် တော်လှန်ရေးကောင်စီလက်ထက်မှ ယနေ့တိုင် ဦးဥတ္တမပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံဟုအမည်ပြောင်းလဲ၍ ဦးတ္တမနေ့ကျင်းပပြုလုပ်ခြင်း ကိုလည်း လုံးဝဖျက်သိမ်းလိုက်လေသည်။

မည်သို့ဆိုစေ မြန်မာ့လွတ်လပ်ရေးခေတ်ဦး၌ လူထုကြီးအား နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ၏ဂုဏ်ပုဒ်နှင့် လုပ်ဆောင်ချက်ကိုမှေးမှိန်စေလုပ်ဆောင်နေမှုများသည် မြန်မာ့သမိုင်းအတွက် အကျည်းတန်လှပေသည်။
စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) ရန်ကုန်၊ စာပေဗိမာန် ၁၉၇၅။
(၂) ဦးဘရင် (ဗမာ့ခေတ်)၊ ဆရာတော်ဦးဥတ္တမ၊ ရန်ကုန်၊ သမမိတ္တစာပေ ပ- ကြိမ် ၁၉၅၅။
(၃) သခင်လွင်၊ ဦးဥတ္တမလက်ရွေးစင်၊ ရန်ကုနု မြစိန်စာပေ ပ- ကြိမ် ၁၉၆၇။
(၄) သန်းဝင်းလှိုင်၊ ရုပ်ထုမှပြောသောမြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးများ ဒုတိယအကြိမ် ကံ့ကော်ဝတ်ရည် စာပေတိုက် ၂၀၀၇။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts