အရှင်ဉာဏိက အတွေးအမြင်

စိမ်းလန်းသောချစ်ခြင်းများနှင့် (Nyan Oo Maung)

ဥာဏ်ဦးမောင်၊ စက်တင်ဘာ ၆၊ ၂၀၁၂

မြက်ခင်းတစ်ခင်းဟာ ဘောလုံးကွင်းတစ်ခုလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုလျင်တော့ ကမ္ဘာကျော် ဘောသုံးသမားတွေအတွက် ကျင်လည်ရာ နေရာတစ်ခုဖြစ်မှာပေါ့။ နောက်ပြီး မြက်ခင်းတစ်ခု ဟာ ဂေါ့ဖ်ကွင်းတစ်ကွင်းလည်း ဖြစ်နိုင်တာပေါ့။ ဒါဆိုလျင်တော့ လူဂုဏ်ထံအထက်တန်းလွှာ များရဲ့ စိတ်အနားဖြေရာ၊ ကမ္ဘာကျော်မီလျံနာများရဲ့ ငွေကြေးဖွေရှာရာ နေရာတစ်ခုဖြစ်ပေလိမ့် မယ်။ အလေ့ကျပေါက်တဲ့မြက်ပင်တွေနဲ့ ပြည့်နေတဲ့ မြက်ရိုင်းလွင်ပြင်တစ်ခုဖြစ်နေခဲ့မယ်ဆို လျင်တော့ နွားအုပ်တွေ၊ သိုးအုပ်တွေ၊ မြင်းရိုင်းတွေ၊ တောသမင်ငယ်တွေ စားသောက်ပျော် မွေ့ရာ မြက်ခင်းပြင်တစ်ခု ဖြစ်ကောင်းဖြစ်ပေမပေါ့။ ဆိုင်ရာအကြောင်းတစ်ခုကို အစွဲပြုပြီး အမည်အမျိုးမျိုးတပ်ထားတဲ့ မြက်ခင်းတွေ ဒီထက်မကလည်း ရှိနိုင်ပါတယ်။

တကယ်လို့သာ ဘောလုံးကွင်းတစ်ခုဖြစ်ခဲ့မယ်၊ ဂေါ့ဖ်ကွင်းတစ်ခုဖြစ်ခဲ့မယ်၊ ဒါမှမဟုတ် တော ရိုင်းလွင်ပြင်တစ်ခုဖြစ်ခဲ့မယ်ဆိုလျင် ဆိုင်ရာဆိုင်ရာ အကြောင်းနဲ့ နှီးနွယ်တဲ့ ဇာတ်လမ်းတစ် မျိုးမျိုးစီ ရှိကောင်းရှိနိုင်ပေလိမ့်မယ်။ ဒီဇာတ်လမ်းထဲမှာ မက်ဆီ၊ ဒါမှမဟုတ် ခရစ်စတီနာ ရော် နယ်ဒိုဟာ ဇာတ်ဆောင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သလို ဂေါ့ဖ်ဘုရင် တိုက်ဂါးဝုဒ်တစ်ယောက် လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။

ဘောလုံးကွင်းတစ်ခုလိုလည်း မကျယ်၊ ဂေါ့ဖ်တစ်ခုလိုလည်း မခမ်းနား၊ တောတန်းလွင်ပြင်တစ် ခုလိုလည်း မရိုင်းတဲ့ မြက်ခင်းငယ်လေးတစ်ခုမှာလည်း ကိုယ်ပိုင်ဇာတ်လမ်းလေးတစ်ခု ရှိနိုင်ပါ တယ်။ ဒီလောက်ဆိုလျင်ဖြင့် ဒီဇာတ်လမ်းလေးနဲ့ ဆက်စပ်နေမယ့်သူဟာ မက်ဆီတို့ ရော်နယ် တို့လို ဝင်ငွေကောင်းတဲ့ အားကစားတစ်ယောက် မဟုတ်သလို ဒေးဗစ်ဘက်ခမ်းလို ကမ္ဘာ ကျော်သူတစ်ဦး မဟုတ်ပေဘူးဆိုတာကို ခန့်မှန်းမိလောက်ပြီပေါ့။

အလျားပေသုံးဆယ်ခန့်၊ အနံ တစ်ဆယ့်ငါးပေခန့်သာ ကျယ်ပြန့်ပြီး အလယ်မှာ အနီရင့်ရောင် ဂျပန်နီးစ် မေပယ်လေးနှစ်ပင် စိုက်ထားတဲ့ ခြံရှေ့က မြက်ခင်းလေးတစ်ခုဟာ ကမ္ဘာကျော်ဘော လုံးသမားတွေအတွက် နေရာ၊ လူကုံထံများရဲ့ ဂေါ့ဖ်ကစားရာ၊ နွားအုပ်သိုးအုပ်တွေ၊ မြင်းရိုင်း နဲ့တောသမင်တွေ စားသောက်ပျော်ပါးရာ နေရာတစ်ခု မဟုတ်ခဲ့ပါဘူး။

အဲဒီလိုမြက်ခင်းပြင်ကြီးတွေလို မခမ်းနား မထယ်ဝါသလို ကျယ်လည်း မကျယ်ပြန့်ပါဘူး။ လူ ပေါင်းများစွာ၊ တောရိုင်းသတ္တဝါများစွာအတွက် ရင်ခုံလှုပ်ရှားဖွယ်၊ ဝမ်းစာဖြည့်ဖွယ် နေရာမျိုး လည်း မဟုတ်ခဲ့ပါဘူးး။ သို့ပေမယ့် ခြံရှေ့ကနေ အမှတ်မထင် ဖြတ်သွားတဲ့ ကလေးလေးတစ် ယောက်ရဲ့ ခဏတာ ခုန်ပေါက်ပျော်ရွှင်ရာ၊ ယာယီလဲလျောင်းရာ၊ စိတ်ချမ်းမြေ့ မွေ့ပျော်ရာ နေ ရာတစ်ရာတော့ ဖြစ်နိုင်ခဲ့တယ်။ အဲဒီလိုဖြစ်နိုင်စေခဲ့တာအတွက်လည်း ဂုဏ်ယူကျေနပ်မိပါ တယ်။

နံနက်အလုပ်သွားချိန်၊ ညနေအလုပ်ပြန်ချိန်မှာ စားစရာအထုပ်ကလေးတစ်ထုပ်ဆွဲလို့ ခြံရှေ့က နေ ပုံမှန်ဖြတ်လျှောက်တတ်တဲ့ အလယ်ပိုင်းအမေရိက ဂွါတီမာလာနိုင်ငံသား မိတ်ဆွေတစ်ဦး ရှိတယ်။ သူအလုပ်တက်ချိန်၊ အလုပ်ဆင်းချိန်တွေမှာ ခြံထဲမှာကိုယ်ရှိနေတယ်ဆိုလျင် မပီက လာ ပီကလာနဲ့  ‘My friend how are you’ ရယ်လို့ နှုတ်ခွန်းဆက်တတ်တယ်။

တခါခါမှာ တော့လည်း  ‘Como easta’ ရယ်လို့ သူတို့ဘာသာစကားနဲ့ နှုတ်ဆက်တတ်တယ်။ ဒီအခါမျိုး မှာတော့ ‘Muy bien, gracias- ကောင်းပါတယ်၊ ကျေးဇူးပါ’လို့ တစ်ခွန်းတည်းသာတပ်တဲ့ သူတို့ စကားနဲ့ ကိုယ်ကလည်း ပြန်လည်ဖြေဖြစ်တတ်တယ်။

ပုံမှန်နှုတ်ဆက်တတ်တဲ့မိတ်ဆွေတစ်ယောက် မတွေ့တာကြာပြီ။ တစ်နေရာကို ပြောင်းသွား လေသလား။ ဒါမှမဟုတ် သူ့နိုင်ငံကိုပဲ ပြန်သွားလေသလားလို့ တွေးခဲ့ဘူးတယ်။ တညနေမှာ တော့ ဒီမိတ်ဆွေကို ပြန်တွေ့ရတယ်။အခါတိုင်းလို အလုပ်သွားအလုပ်ပြန်အနေအထားနဲ့တော့ မဟုတ်ဘူး။ သူက သူ့မိသားစုနဲ့အတူ။ တစ်နေရာက ပြန်လာကြဟန်ရှိတယ်။

အလျင် သူပြောဖူးတာက

 ‘မိသားစုက သူ့နိုင်ငံမှာ။ သူက မိသားစုအတွက် ဒီမှာငွေလာရှာ နေတာ။ သူ့ဇနီးနဲ့သမီးလေးက ဟိုမှာကျန်နေရစ်တယ်။ သူတို့ကိုလွမ်းတယ်။ တခါတခါမှာ ကလေးတစ်ယောက်လိုပဲ ငိုမိတယ်’

လို့သူပြောတယ်။

‘အဆင်သင့်လျင်တော့ သူတို့ကိုလည်း ဒီကို အလည်ခေါ်ဦးမယ်။ သူ့အနေအထားအရ အမြဲခေါ်ဖို့တော့ လုံးဝမဖြစ်နိုင်ဖူး’

လို့လည်း ပြောဖူးတယ်။ ခုလို ဇနီးနဲ့သမီးလေးကိုတွေ့ရတာ သူပြောဖူးသလို ခဏအလည်ခေါ်ထားတာ ဖြစ်ပေလိမ့်မယ်။

တနေရာကပြန်လာဟန်ရှိတဲ့ မိသားစု ခြံရှေ့ကိုရောက်တော့ သမီးလေးက လက်ဆွဲထားတဲ့ သူ့ မိခင်လက်ကနေ အတင်းရုန်းထွက်နေတာကို တံခါးဝက ရပ်ကြည့်နေခိုက် မြင်ရတယ်။ မိခင် လုပ်သူက ရှေ့ကိုဆွဲ၊ သမီးလေးက နောက်ကိုရုံး။ ဆွဲရင်းရုံးရင်း အားမတန်တဲ့အဆုံး သမီး လေးက ချုံးပွဲချငိုပါတယ်။ သူ့ပုံကြည့်ရတာက ရှေ့ကိုဆက်မလျှောက်ချင်ဟန်။ ခြံထဲကို လက် ညှိုးတထိုးထိုးနဲ့မို့ ခြံထဲက ပန်းတစ်ပွင့်ပွင့်ကို လိုချင်လို့လားအထင်နဲ့

 ‘သမီးကဘာလို ချင်လို့ လဲ’လို့ လှန်းမေးမိတော့

‘သူကမြက်ခင်းထဲမှာ အိပ်ချင်လို့တဲ့’လို့ ပြန်ဖြေတယ်။ ဒါဆို ခွင့်ပြု လိုက်ပါ။ ဘာမှ ပြဿနာမရှိပါဘူး လို့ကိုယ်ကပြောတဲ့ မိခင်ဖြစ်သူက မဝံ့မရဲဖြစ်ဟန်နဲ့ သမီး လေးကို လွှတ်ပေးလိုက်တယ်။

ကျေနပ်သွားတဲ့သမီးလေးက ခြံထဲကိုပြေးဝင်လာပြီး မြက်ခင်းပေါ်မှာ လှဲအိပ်လိုက်တယ်။ သူ့မှာ ပါလာတဲ့အရုပ်ကလေးနဲ့ ကြည်နူးပျော်ရွှင်စွာ စကားတပြောပြောနဲ့ ကစားနေဟန်က ပတ်ဝန်း ကျင်တစ်ခုလုံးကိုပါ အပျော်ကူးစက်စေခဲ့တယ်။ သူတို့သမီးငယ်လေးကိုကြည့်ပြီး ပြုံးပျော်နေတဲ့ မိဘနှစ်ဦးရဲ့မျက်နှာက တကယ့်ကိုမှ ပီတိတွေလျှမ်းလို့။ ကလေးငယ်တွေရဲ့ အပျော်ဘဝဆိုတာ ကမ္ဘာကြီးရဲ့ အနာဂတ်လှပစေရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးများပဲ မဟုတ်လား။

ဆယ်မိနစ်ခန့်ကစားပြီးတဲ့အခါမှာတော့ သမီးငယ်လေးက ကျေနပ်သွားပုံရတယ်။ မာမီသွားကြ စို့ဆိုပြီး သူ့မေမေလက်ကို ဆွဲခေါ်ပါတယ်။ နောက်လည်း ခုလိုသမီးလေးကိုခေါ်လာပြီး မြက်ခင်း ထဲမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ကြောင်း မိတ်ဆွေကို ပြောဖြစ်ခဲ့တယ်။ ဒီအခါမှာတော့ မိတ်ဆွေမျက်နှာ ချက်ခြင်းပဲ ညှိုးလျသွားတယ်။ သူ့ဇနီးနဲ့ သမီးလေးက နောက်နေ့ဆို ပြန်ကျ တော့မှာ။ သူတို့ကို နောက်သုံးနှစ်လောက်အတွင်း ခုလိုပြန်ဆုံနိုင်ဦးတော့မယ် မထင်ဘူးလို့ ဝမ်းနည်းသံနဲ့ပြန်ပြောခဲ့တယ်။

သမီးလေးရဲ့ ပျော်ရွှင်မှုကိုငေးကြည့်လို့ ကြည်နူးနေရှာခဲ့တဲ့ မိဘနှစ်ဦးရဲ့ ရင်ထဲမှာ တချိန်ချိန်မှာ သူတို့ချစ်ရတဲ့ သမီးလေးအတွက် ခုလိုမြက်ခင်းတစ်ခုကို ဖန်တီးပေးမယ်ဆိုတဲ့ စိတ်ကူးတစ်ခု ရှိနေလေမလား။ ဒါမှမဟုတ် တီတီတာတာ ပျော်မြူးနေရှာတဲ့ ချစ်သမီးလေးကို ကြည့်လို့ မကြာမီခွဲခွါရမှာတွေးပြီး ပူဆွေးနေလေမလား။ မိဘနှစ်ပါးရဲ့ ခံစားမှုကို မသိနိုင်သေးတဲ့ သမီး လေးရဲ့ ပျော်မြူးနေတဲ့ မျက်လုံးလေးတွေကို ကြည့်လို့ သူတို့တွေရဲ့ အပူတွေ ယာယီအခိုက်မျှ ငြိမ်းအေးပါစေကြောင်းကိုတော့ မှတ်မှတ်ရရ ဆုတောင်းပေးမိပါတယ်။

မိသားစုဘဝ ရပ်တည်ရေးအတွက် တပြေတရွာမှာ စီးပွားလာရှာနေရတဲ့ မိတ်ဆွေ ဂွါတီမာ လာလည်း ချစ်ဇနီးနဲ့ သမီးလေးနဲ့ ပြန်လည်ခွဲခွါရမှာမို့ သောကဒဏ်ကို ခံစားနေရှာပေလိမ့် မယ်။ ချစ်ရတဲ့ခင်ပွန်းကို ထားရစ်ကာ ပြည်တော်ပြန်ရရှာမယ့် မိတ်ဆွေရဲ့ ဇနီးသည်ရဲ့ ရင်မှာ လည်း ခုချိန်မှာ ဗလောင်ဆူနေမှာ မလွဲပါဘူး။ တနယ်တရွာ ဝမ်းစာရှာသွားရလို့ ရင်နင့်အောင် ချစ်ရသူတွေကို ခွဲခွါထားရစ်ခဲ့ရတဲ့အဖြစ်တွေ ကမ္ဘာပေါ်က လူသန်းပေါင်း ဘယ်လောက်များ များရဲ့ရင်ထဲမှာ ခုလိုပဲ ခံစားနေကြရလေမလဲ။ ပိယေဟိ ဝိပ္ဗယောဂေါ ဒုက္ခော-မိကွဲဖကွဲ ဆွေကွဲ မျိုးကွဲ သူငယ်ချင်း မိတ်ဆွေကွဲ၊ ချစ်ခင်ရသူတွေနဲ့ ကွဲကွာကြရတယ်ဆိုတာ ဆင်းရဲခြင်းတစ်မျိုး ပဲ မဟုတ်လား။

ပတ်ဝန်းကျင်စိမ်းလမ်းစေဖို့၊ သန့်ရှင်းသာယာဖြစ်စေဖို့ သာမန်ရည်ရွယ်ချက်နဲ့ ရေလောင်း ပေါင်းသင် လုပ်ဖြစ်ခဲ့တဲ့ ဒီမြက်ခင်းလေးဟာ ခုတော့ ဒီထက်ပိုတဲ့အဓိပ္ဗါယ်ရှိသွားသလို ခံစား မိတယ်။ လူသားတစ်ဦး၊ မိသားစုတစ်စုရဲ့ ပျော်ရွှင်ကြည်နူးမှုကို အခိုက်အတန့်လေးမျှဖြစ်ဖြစ် ဖြစ်စေခဲ့ပြီ။ ဒါဟာဘယ်လောက် ကြည်နူးဝမ်းမြောက်ဖွယ်အရာတစ်ခုပါလဲ။

အကြောင်းသင့်လို့ နောင်နှစ် ဒီအချိန်ဒီအခါ ဒီနေရာလေးကို သူတို့မိသားစု စုံစုံညီညီ ရောက် လာခဲ့လျင် သမီးလေးပျော်ရွှင်နိုင်စေဖို့ ဒီမြက်ခင်းလေး စိမ်းလန်းနေလေအောင် ပြုစုစောင့် ရှောက် ရေလောင်းပေါင်းသင်လုပ်နေမိလိမ့်ဦးမယ်။

ဂရင်းပိစ်လို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖြစ်စေဖို့ လှုံ့ ဆော်ကြ၊ ပညာပေးကြ လုပ်ကြတယ်။ သူတို့တွေလို ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေအောင်လုပ် ဖို့ မစွမ်းနိုင်တဲ့ ကိုယ်ကတော့ ကိုယ့်ပတ်ဝန်းကျင်လေး စိမ်းလန်းစိုပြေဖြစ်စေဖို့၊ သန့်ရှင်း သာ ယာ ကိုယ်စွမ်းသမျှခွန်အားနဲ့ လုပ်နေမိတယ်။ အထူးသဖြင့်တော့ ဒီပတ်ဝန်းကျင်တွေကို ထိန်း သိမ်းကာကွယ်ဖို့ တာဝန်ရှိတဲ့ လူသားတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စိုပြည်လန်းဆန်းဖြစ်စေနိုင် ဖို့၊ ကြည်နူးကြေနပ်ဖြစ်စေနိုင်ဖို့ စိတ်အားသန်မိတယ်။

ဒီမြက်ခင်းစိမ်းစိမ်းလေးဟာ မျက်လုံးတောက်တောက်နဲ့ ချစ်စရာ့ ကလေးငယ်လေးတစ် ယောက်အတွက် တစ်သက်တာ အမှတ်ရစရာ နေရာလေးတစ်နေရာ ဖြစ်ကောင်းဖြစ်ပေလိမ့် မယ်။ အကြောင်းကြောင်းကြောင့် ရေလောင်းပေါင်းသင် မလုပ်နိုင်လို့ ဒီမြက်ခင်းလေး ညှိုးနွမ်း ခြောက်သွေ့သွားခဲ့လျင်တောင် ဟောဒီမြက်ခင်းစိမ်းစိမ်းလေးရဲ့ ပုံရိပ်လေးတစ်ခုဟာဖြင့် တစ်ဦး ဦးရဲ့ ရင်ထဲမှာ နောင်နှစ်ပေါင်းရှည်ကြာ လန်းဆန်းစိုပြည်စွာ စိမ်းလန်းနေပေလိမ့်ဦးတော့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts