ဝေဖန်ရေးရာ

ဘာလဲဟဲ့ ဘလက်လစ် (Maung Nyo (Wake Zar Lin Kar Ya School)

 ဘာလဲဟဲ့ ဘလက်လစ်

မောင်ညို (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်)၊ စက်တင်ဘာ ၁၊ ၂၀၁၂

ဘာလဲဟဲ့ ဘလက်လစ် (black list)။

            ဘလက်လစ်(black list)ဘာလဲမပြောခင်၊ နိဒါန်းနဲနဲပျိုးခွင့်ပြုစေချင်ပါတယ်။

 “တရားစီရင်ရေးကတော့ စုတ်ပြတ်သတ်နေတာပဲ” လို့ ဒေါက်တာဒေါ်မြင့်မြင့်ခင် က ဗွီအိုအေ နဲ့အင်တာဗျူးမှာ မှတ်ချက်ချ ပြောသွားတာ ကြားလိုက်ကြမယ်လို့ထင်ပါတယ်။ ပြောတာမလွန်ပါဘူး။

            ဒီကနေ့တရားရုံးက ပြစ်ဒဏ်စီရင်ချက်ချမှတ်တယ်။ နောက်တနေ့မှာ သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပြုတယ်။ (ကုလသမဂ္ဂ ဝန်ထမ်းတွေ အတွက်ပဲရည်ရွယ်တဲ့ “ကွက်ကျားလွတ်ငြိမ်းသက်သာခွင့်”  ဖြစ်တယ်၊  စောကျော်ကျော်မင်းအမှုမပါဘူး)

ဒါကို  ဦးသိန်းစိန်ရဲ့ ပျော့ပျောင်းမှုလို့ပြောကြဦးမလား။

            အထင်အရှားမြင်နိုင်တာကတော့ “တရားစီရေး”ကို “အုပ်ချုပ်ရေးက လွှမ်းမိုးနေတယ်” ဆိုတဲ့ ဖေါ်ပြချက်ပဲ။

            ဒီလုပ်နည်းကို ဦးသိန်းစိန်ကစတင်ခဲ့တာတော့မဟုတ်ဘူး။ ဗိုလ်သန်းရွှေကစခဲ့တာပါ။ “ယက်တော” အမှုမှာ ဗိုလ်သန်းရွှေ က ဒီလုပ်နည်းကို စတင်သုံးခဲ့တယ်။ ဒီတော့ ဗိုလ်သန်းရွှေရဲ့ အာဏာအမွေခံ၊ ဗိုလ်သန်းရွှေခင်းပေးခဲ့သော လမ်းပေါ်မှာလျှောက်နေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် က လည်း ဖဝါးခြေထပ်လိုက်လံကျင့်သုံးပေမပေါ့။

            ဘလက်လစ်(black list) အကြောင်းပြောကြမယ်။

            ဘလက်လစ်(blacklist)ဆိုတာ (နဝတ-နအဖ) စစ်အစိုးရက ထောက်လှမ်းရေးကို တာဝန်ပေးပြီး တေးမှတ်ငြှိုးထားခဲ့တဲ့ အဆင့် ဒီဂရီအမျိုးမျိုးခွဲခြားသတ်မှတ်ထားတဲ့ ရန်သူများစာရင်းသာဖြစ်ပါတယ်။

အခုချိန်မှာ သမ္မတဦးသိန်းစိန်အတွက်တော့ စုဘူးတစ်မျိုးဖြစ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ “ပြည်တွင်းစုဘူး” ဆိုရင်၊ ပြည်ပရောက်တွေက “ပြည်ပစုဘူး” ပေါ့။ “ပြည်တွင်းစုဘူး”နဲ့ “ပြည်ပစုဘူး” ကွဲပြားတာက “ပြည်ပစုဘူး” မှာ နိုင်ငံခြားသားတွေပါနေတာ ဖြစ်တယ်။ တူညီတာကတော့ လိုအပ်တဲ့အချိန် အဲဒီစုဘူးတွေထဲကနေလိုသလောက်ဖောက်သုံးတာပဲ။အခု “ပြည်ပစုဘူး” (၆၁၆၅) ထဲက နေ(၂၀၈၂) ကို ဖောက်သုံးလိုက်တာပဲ။

             “ဘလက်လစ်(Black List) သတ်မှတ်ခံထားရတဲ့  (၆၁၆၅) ဦး အနက် (၂၀၈၂) ဦး ကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း ” သြဂုတ်လ ၂၈ ရက်နေ့ထုတ် နေ့စဉ်ထုတ်သတင်းစာတွေမှာပါရှိလာတယ်။

            ဆန်ပေးရင် ဆီရမယ်၊ ဆီလိုချင်ရင် ဆန်ပေး လို့ပြောရမှာပဲ။ ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်ကြတဲ့ သဘောပါပဲ။

သမ္မတဦးသိန်းစိန်က (၂၀၈၂)ဦးကို ဘလက်လစ်(black List)ကနေ ပယ်ဖျက်ပေးလိုက်သလို အမေရိကန်သမ္မတ အိုဘားမား ကလည်း သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ဝင်အချို့ကို ဘလက်လစ်(black list) ကနေ သြဂုတ်လ ၂၉ ရက်နေ့မှာ ဖြေလျော့ပေးလိုက် တယ်။ တိုက်ဆိုင်မှုမဟုတ်ဘူး။

ဒီလိုဖြေလျော့ပေးခဲ့တာကြောင့် စက်တင်ဘာမှာ ကျင်းပမယ့်ကုလညီလာခံကို တက်ရောက်ဖွယ်ရှိတဲ့ သမ္မတဦးသိန်းစိန် အတွက် နယူးယောက်မြို့ကွက်ကွက်ကလေးတွင် သွားလာနိုင်ခွင့်ကနေ အမေရိကန်တခွင်လှည့်လည်သွားလာနိုင်ခွင့်ရသွားပါတယ်။

ဒါဟာ ဘလက်လစ်(blac list) ပေါ်လာတဲ့ အရင်းခံအကြောင်းရင်းနဲ့ရည်ရွယ်ချက်လို့ယူဆပါ။

ပြည်ပရောက်နိုင်ငံသားများ ပြန်လာရေးကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁) မှ ဦးစံထွန်း က “ပြည်ပနိုင်ငံ များရောက် မြန်မာနိုင်ငံသားများပြန်လာရေးအတွက် တိကျသည့် ပြဋ္ဌာန်းချက်တစ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရေးဆွဲပြဋ္ဌာန်းသွားရန် အစီအစဉ်ရှိ/ မရှိ ” မေးမြန်းတာကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က “နိုင်ငံတော်သမ္မတ၏ အထူးဖိတ် ခေါ်ချက်အရ ဆောင်ရွက်ပေးသည်ဖြစ်၍ ဥပဒေတစ်ရပ်ရေးဆွဲပြဋ္ဌာန်းရန် မလိုအပ်ကြောင်း”  ဖြေကြားခဲ့ပါတယ်။

တစာစာတောင်းနေခဲ့ကြတဲ့“လွတ်လပ်ငြိမ်းချမ်းသာခွင့်” လည်းထုတ်ပြန်မပေးခဲ့ပါဘူး။

သို့သော်လည်း “လွတ်ငြိမ်းသက်သာခွင့်”၂၀၄(က) ဆိုတာကိုတော့ (စုဗူးထဲက ဖောက်သုံးသလို) လိုအပ်တဲ့အခါ လိုအပ်သလို ထုတ်ပြီးအသုံးချပါတယ်။

ဘလက်လစ် (blac list) က အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေသူတွေကြားမှာတော့ “၁၀တန်းအောင်စာရင်း” ထွက်သလို ဖြစ်သွားတယ်။ သမ္မတရုံး (website)ဟာ အဲဒီနေ့က စပြီး  လာ(Hit )တဲ့ ပမာဏဟာ စံချိန်သစ်ဖြစ်တော့မှာပဲ။

သမ္မတကြီးရဲ့ဖြေလျော့ချင်တဲ့ သဒ္ဓါစိတ်တွေ တားမရဆီးမနိုင် ထက်သန်ယိုဖိတ်လျှံကျနေလို့လား မသိဘူး။ ကွယ်လွန်သွား နှင့် ကြပြီဖြစ်တဲ့ သူတွေကိုလည်း ဘလက်လစ်(black list) ထဲကနေ ဖြေလျော့ပေးထားတာတွေ့ရတယ်။ တချို့လူတွေဆိုရင် နာမည် ၂ ခါထပ်ထည့်ပေးထားတာမျိုးတွေလည်း တွေ့ရတယ်။ မယ်ဒလင်းအောဘရိုက်ကိုတော့ ထည့်ထားတယ်။ သမ္မတဘုရှ်နဲ့ ကွန်ဒိုလီစာရိုက်စ် တို့လည်း ဘလက်လစ်(black list)ထဲ ထည့်ထားသေးသလားမသိဘူး။

ဗိုလ်မှူးကြီးအေးမြင့်၊ ဗိုလ်မှူးအောင်လင်းထွဋ်၊ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့လို စစ်တပ်ကလူတွေတော့ အခုထွက်တဲ့ “အောင်စာရင်း” ထဲမပါသေးဘူးထင်တယ်။ တခြားဘယ်သူတွေကျန်နေသေးသလဲမသိပါ။ သူတို့ကို မပြေသောအငြှိုးတွေနဲ့ ရန်စာရင်းဖွဲ့ထားဆဲလား။

 “အမဲ” ကနေ “အဖြူ” ပြောင်းပေးလိုက်ပြီ ဆိုတော့ ဂုဏ်သိက္ခာရှိစွာပြန်နိုင်ကြပြီလား။ “လွတ်လပ်ငြိမ်းချမ်းသာခွင့်” အစား “လွတ်ငြိမ်းသက်သာ”တို့ ဘလက်လစ် (black list) တို့နဲ့ တင်းထားသမျှ ဖြေလျော့ခွေလိုက်ကြရတော့မှာလား။

အခုတလော ဖတ်ရတဲ့ နောင်ကျော်ရဲ့“နေရစ်တော့မန္တလေးထောင်” ဆိုတဲ့စာအုပ်ထဲမှာ “ကြောင်ကြီး သုံးကြောင်” ဆိုတာပါ တယ်။ “ကျကြောင်၊ ကြာကြောင်၊ လွတ်ကြောင်” ဆိုပြီးဖြစ်ပါတယ်။ ထောင်ထဲက လူ့သဘာဝပေါ့။

ဘလက်လစ်(blac list)ကြောင့် ပြည်ပရောက်တွေကြားမှာ “ပြန်ကြောင်” ဆိုတဲ့ စကားလုံးတစ်လုံးများပေါ်လာဦးမလား ဆိုပြီး တွေးတောငေးမောနေမိပါတယ်ခင်ဗျာ။

(၃၁- ၈ ၂၀၁၂)

(ယနေ့ ရန်ကုန်၊ လေဆိပ်ကို ပြည်တော်ပြန် အလည်လာရောက်သူ DPNS နှင့် ABSDF ခေါင်းဆောင်ဟောင်း မိုးသီးဇွန်ကို တွေ့ရစဉ်၊ ဓာတ်ပုံ 7 Days News)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဘာလဲဟဲ့ ဘလက်လစ် (Maung Nyo (Wake Zar Lin Kar Ya School)
  1. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော သက်ရှိထင်ရှား ရှိပါသေးတယ်၊ သူ့ မှာအပြစ်ရှိသည်ဖြစ်စေ မရှိသည်
    ဖြစ်စေ ကွက်ကျားမိုးမရွာသင့်ပါဘူး၊ သမိုင်းဝင်ပုဂ္ဂိုလ် တစ်ယောက်ဟာ အပယ်ခံတော့ မဖြစ်သင့်ပါ။

Comments are closed.