တူမောင်ညို သူတို့အာဘော်

ဘယ်တော့လဲ ဘယ်မှာလဲ စစ်မှန်တဲ့ ဒီမိုကရေစီ စစ်မှန်တဲ့ အပြောင်းအလဲ (Tu Maung Nyo)

ဘယ်တော့လဲ ဘယ်မှာလဲ စစ်မှန်တဲ့ ဒီမိုကရေစီ စစ်မှန်တဲ့ အပြောင်းအလဲ

တူမောင်ညို၊ စက်တင်ဘာ ၁၊ ၂၀၁၂

သမ္မတကြီး ဦးသိန်းစိန် ရဲ့ လတ်တလော“အလှည့်”နဲ့“အပြောင်း” မှာ ပြည်ထောင်စုဝန်ကြီး(၉) ဦးနေရာရွှေ့ပြောင်းသွားပြီး၊ ပြည်ထောင်စုဝန်ကြီး၂ ဦး သူတို့ဆန္ဒအရနုတ်ထွက်သွားပါတယ်။ ဒုတိယဝန်ကြီးအသစ် ၁၉ ဦးခန့်အပ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ် ချုပ်သူ့သဘောဆန္ဒအရ နုတ်ထွက်သွားပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း “နေရာရွှေ့” လိုက်တာကို တော်တော်များများက သြဘာပေးကြတယ်။ “သူမသိတာ ဘာမျှ မရှိတဲ့” လျှပ်စစ်ဝန်မင်း ဦးဇော်မင်း “သူ့ဆန္ဒအရ နုတ်ထွက်”သွားတာကိုလည်း ဝမ်းသာလှိုက်လှဲရှိကြတယ်။ ဒုတိယဝန်ကြီးအသစ် ၁၈ ဦး ထဲမှာ ပညာတတ်ပညာရှင်တွေ၊ အရပ်သားတွေပါလို့၊ အမျိုးသမီး ၄ ယောက်ပါလို့ ကြိုဆိုအားတက်နေကြတာလည်းရှိတယ်။ သြဘာ ပေးတာ၊ ဝမ်းသာတာ၊ ကြိုဆိုကြတာ၊ အားတက်ကြတာ မကောင်းဘူးလား၊ ကောင်းတာပေါ့။

သမ္မတဦးသိန်းစိန်က ပြည်ထောင်စုဝန်ကြီး ၉ ဦးကို ဝန်ကြီးဌာန နေရာသာ ရွှေ့ပြောင်းတာပါ။ ပြည်ထောင်စုဝန်ကြီး ဆိုတဲ့ အဆင့်နေရာကို ရွှေ့ပြောင်းတာမဟုတ်ဘူး။

လျှပ်စစ်ဝန်မင်း ဦးဇော်မင်း က “သူ့ဆန္ဒအရနုတ်ထွက်”သွားတာပါ၊ ဦးသိန်းစိန်က ရာထူးတာဝန်ကနေ ရပ်စဲ/ ဖယ်ရှား/ ထုတ် ပယ်လိုက်တာမဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် အနံ့ထွက်လာတဲ့  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးခင်ဇော် ကို လည်းသမ္မတဦးသိန်းစိန် တာဝန်မှရပ်စဲ၊ ထုတ်ပယ်ခြင်းမပြုခဲ့ပါဘူး။ “ကျန်းမာရေးအရ”အကြောင်းပြပြီးအနားယူစေခဲ့တာပါ။ ထောက်ထား ညှာတာတတ်တဲ့ ပျော့ပျောင်းတဲ့ စစ်ဗိုလ်သမ္မတကြီးပါ။

 “ဧရာဝတီမြစ်ဆုံအရေး” အစိုးရသက်တမ်း ၁ ခုသာ (၅ နှစ်) ရွှေ့ဆိုင်းလိုက်တာမျိုးနဲ့ ဦးကျော်ဆန်း ကိုပြန်ကြားရေး ကနေ သမဝါယမဝန်ကြီးဌာနသို့ ရွှေ့လိုက်တာမျိုးကြတော့ တစ်ဝက်တစ်ပျက်ဝမ်းသာရသလိုဖြစ်ပါတယ်။ ပြည်သူတွေက ပြည့်ပြည့်ဝဝဝမ်းသာ ချင်ကြတာပါ။

အရက်တုတွေသောက်ရလို့ ဘယ်လိုဖြစ်နေတယ်ဆိုတာ “ကျွန်တော့်မျက်နှာသာကြည့်တော့”လို့ ဆိုတဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် အရက်စစ်စစ် သောက်သုံးချင်သလိုပါပဲ။

ကျနော်တို့ပြည်သူတွေလည်း စစ်မှန်တဲ့ဒီမိုကရေစီကို သုံးဆောင်ချင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက “အရက်တုတွေ” မကြိုက် ပါဘူး။ ကျနော်တို့ပြည်သူတွေကလည်း အတုအယောင်ဒီမိုကရေစီ၊ အတုအယောင်ပြည်ထောင်စု၊ အတုအယောင်ငြိမ်းချမ်း စတာတွေ ကို ရွံရှာမုန်းတီးပါတယ်။

လွှတ်တော်ထဲမှာ ပုဝါနှစ်စအသာချနိုင်တဲ့ ပုဝါချဒီမိုကရေစီ မျိုးကိုလည်းမတပ်မက်ပါဘူး။

ဒီမိုကရေစီကိုလည်း စစ်စစ်မှန်မှန်ပြည့်ပြည့်ဝဝလိုချင်ကြတာပါ။ အနာအဆာ၊အရောအနှောတွေပါတဲ့ (၂၅% စစ်သားရောထား တဲ့) ဒီမိုကရေစီ မျိုးမလိုချင်ပါဘူး။ ဆွမ်းဆန်ထဲကြွက်ချေးရောတဲ့ ဒီမိုကရေစီမျိုးမလိုချင်ကြပါဘူး။ အလုပ်သမားတွေ၊ လယ်သမားတွေ ဝမ်းဝပြီးခါးလှမယ့် ဒီမိုကရေစီမျိုးကိုတောင့်တနေကြတာပါ။ “ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေး ခေတ်မီ သူဋ္ဌေး ဖြစ်တော့မည်” ဆိုတဲ့ ဒီမိုကရေစီမျိုး လိုချင်တာပါ။

           ခရိုနီတွေသာကောင်းစားမယ့် “ခရိုနီကရေစီ” တော့ လုံးဝမလိုချင်ပါဘူး။ ပြည်သူတွေလိုချင်တာ တကယ့်စစ်မှန်တဲ့ အပြောင်း အလဲပါ။ သမ္မတရုံးညွန်မှူးဆိုသူပြောတဲ့ “ခေါင်းပြောင်း” (reshuffle) မျိုးမလိုချင်ဘူး။ ဒုတ်တံကလေးကိုင်သူ (conductor) ပြောင်းသွား ပေမယ့် သံစုံဝိုင်းကြီးက ပြောင်းမသွားတဲ့ အပြောင်းအလဲမျိုးလည်းမလိုချင်ပါဘူး။

ဒုတိယဝန်ကြီးအသစ် ၁၈ ဦး ထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိတဲ့၊ ဒီမိုကရေစီလိုလားတဲ့ အရပ်သားအသိပညာရှင်၊ အတတ် ပညာရှင်တွေပါရှိမှာပါ။ သူတို့ကို လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ တပြိုင်နက်တည်းမှာ သူတို့အတွက်စိုးရိမ်မိပါတယ်။ အသုံးချ ခံရမှာ၊ ကြားညှပ်ခံရမှာစိုးရိမ်မိပါတယ်။ ကျနော်တို့ရဲ့ပညာရှင်တိုင်းချစ်ပြည်ချစ်၊ ဒီမိုကရေစီချစ်မြတ်နိုးသူများ ကျွဲနှစ်ကောင်ကြား က မြေဇာပင်လို အဖြစ်မျိုး မရောက်စေလိုပါ။ ဒေါက်တာတင်အောင်အေး၊ ဒေါ်မိမိရီ အစရှိတဲ့ ခုံရုံးအဖွဲ့ဝင်တွေ ရင်ဆိုင်နေရတဲ့အဖြစ်မျိုး မတိုးမိ၊ မတိုက် မိစေချင်ပါဘူး။ ဒီ စိုးရိမ်မှုဟာ ကျနော်ရဲ့စေတနာရှေ့ရှုတဲ့ အကောင်းမြင်ခံစားမှုဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ဇန်နဝါရီလ ၆ ရက်မှ သြဂုတ် ၃၁  ရက်နေ့အတွင်း မိမိသဘောဆန္ဒအရ နုတ်ထွက်သွားသူ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၄ ဦးပဲရှိပါတယ်။ ဒုတိယသမ္မတ ၁ ဦး ( သီဟသူရဦးတင်အောင်မြင့်ဦး)နဲ့ ပြည်ထောင်စုဝန်ကြီး ၃ ဦး ( ဦးကျော်စွာခိုင်၊ ဦးခင် မောင်မြင့်၊ ဦးဇော်မင်း) ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးတွေဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ မဟုတ်ဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ အရ “ပြည်ထောင်စုအစိုးရအဖွဲ့” ကို

            –  နိုင်ငံတော်သမ္မတ

            –  ဒုတိယသမ္မတများ

            –  ပြည်ထောင်စုဝန်ကြီးများ

            –  ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းသည်လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ဒုတိယဝန်ကြီးများ ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်မဟုတ်သကဲ့သို့ ပြည်ထောင်စုအဆင့်လည်းမဟုတ်ပါဘူး။

သမ္မတဟာ ပြည်ထောင်စုဝန်ကြီးခန့်အပ်ရာမှာ ပြည်ထောင်စုလွှတ်တော်သို့ အသိပေးအကြောင်းကြားပြီး၊ ပြည်ထောင်စု လွှတ်တော်ရဲ့သဘောတူညီမှုကိုရယူရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (က) မှ (ဋ)ထိ ကိုကြည့်ပါ။

ဒုတိယဝန်ကြီးခန့်အပ်ရာမှာတော့သမ္မတဟာပြည်ထောင်စုလွှတ်တော်ရဲ့သဘောတူညီချက်ယူစရာမလိုပါဘူး။ (ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီး ခန့်အပ်/ ရွှေ့ပြောင်းမည်ဆိုလျှင် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြညှိနှိုင်းရ မည်) ဒါကြောင့် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးခန့်အပ်မှုကွာခြားပါတယ်။အဆင့်နေရာ၊တာဝန်နဲ့လုပ်ပိုင်ခွင့်မှာလည်း များစွာခြား နားပါတယ်။

 ဒုတိယဝန်ကြီးဆိုတာ “ပြည်ထောင်စုဝန်ကြီးများအား အထောက်အကူပြုရန်” သာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄ ပုဒ်မခွဲ (က) မှ (စ)ထိ ကိုကြည့်ပါ။

လက်ရှိအနေအထားအရ “ပြည်ထောင်စုအစိုးရအဖွဲ့” အောက်မှာ ဝန်ကြီးဌာန (၃၃) ခုရှိပြီး ပြည်ထောင်စုဝန်ကြီး (၂၉) ဦးက စီမံကွပ်ကဲနေပါတယ်။ ဒုတိယဝန်ကြီး (၃၉) ဦးရှိပါတယ်။

ပြည်ထောင်စုဝန်ကြီး ၂၉ ဦးအနက် ဝန်ကြီးဌာန ၂ ခုကို ကွပ်ကဲစီမံတဲ့ ပြည်ထောင်စုဝန်ကြီး (၅) ဦးရှိပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးကျော်ဆန်း၊ ဦးအောင်ကြည်၊ ဦးအုန်းမြင့်၊ ဦးတင့်ဆန်း တို့ဖြစ်ပါတယ်။ ဦးသိန်းစိန်ရွှေ့ပြောင်းလုပ်တာဟာ ဦးကျော်ဆန်း၊ ဦးအောင်ကြည်၊ ဦးအုန်းမြင့်၊ ဦးတင့်ဆန်း တို့ရဲ့ဝန်ကြီးဌာနတွေပဲဖြစ်တယ်။ “ခေါင်းပြောင်း” လိုက်တာပါ။

ဗိုလ်သိန်းဌေးကို သူ ထိလို့မရပါဘူး။ ဗိုလ်သိန်းဌေး၊ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့ လူပဲ။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့အပိုင်စားနေရာတွေဖြစ်တယ်။ ဦးသိန်းစိန် ရွှေ့ချင်သလိုရွှေ့လို့ မရဘူး။ ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၂၃၅ ပုဒ်ခွဲ (ဂ) ပုဒ်မခွဲငယ် (၂) ကိုကြည့်ပါ။

 ဝန်ကြီးဌာန (၃၃)ခုရှိတဲ့ အနက် ဒုတိယဝန်ကြီး(၁) ဦးစီသာ ခန့်အပ်ထားတဲ့ဝန်ကြီးဌာန (၂၁) ခုရှိပြီး ၊ ဒုတိယဝန်ကြီး (၂) ဦးစီ ခန့်အပ်ထားတဲ့ ဝန်ကြီးဌာန (၉) ခုရှိပါတယ်။ ဒုတိယဝန်ကြီးခန့်အပ်ထားခြင်းလုံးဝမရှိတဲ့ ဝန်ကြီးဌာန (၃) ခုရှိပါတယ်။

ဒုတိယဝန်ကြီး (၂) ဦးစီ ခန့်အပ်ထားတဲ့ ဝန်ကြီးဌာန (၉) ခု

၁။ ကာကွယ်ရေးဝန်ကြီးဌာန

၂။ နိုင်ငံခြားရေးဝန်ကြီးဌာန 

၃။ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

၎။ ဆောက်လုပ်ရေးဝန်ကြီးဌာန

၅။ စက်မှုဝန်ကြီးဌာန

၆။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန

၇။ ပညာရေးဝန်ကြီးဌာန

၈။ ကျန်းမာရေးဝန်ကြီးဌာန

၉။ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီးခန့်အပ်ထားခြင်းလုံးဝမရှိတဲ့ ဝန်ကြီးဌာန (၃) ခု

၁။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန

၂။ သတ္တုတွင်းဝန်ကြီးဌာန

၃။ သမ္မတရုံးဝန်ကြီးဌာန

ဒါ့ကြောင့် လောလော ဆယ်လစ်လပ်နေတဲ့ ဝန်ကြီးဌာန(၁၀)ခုမှာ ဘယ်သူတွေကို  ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စု လွှတ်တော်နဲ့ညှိပြီး သမ္မတဦးသိန်းစိန်ကခန့်ထားမလဲ။ ဘယ်ပါတီကဘယ်သူတွေ ပြည်ထောင်စုဝန်ကြီးဖြစ်လာမလဲ။ အရင်လိုကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကလူတွေပဲ ပြည်ထောင်စုဝန်ကြီးဖြစ်လာမှာလား စတဲ့အချက်အလက်တွေကို စောင့်ကြည့်ကြရပါလိမ့်မယ်။ သိပ်ကြာကြာ စောင့် ရလိမ့်မယ်လို့ မထင်ပါဘူး။ ဒီစာရင်းကို ပြည်ထောင်စုလွှတ်တော်ထံတင်ပြ သဘောတူညီချက်ယူရမယ့်ကိစ္စဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ၉ ဦးနေရာရွှေ့ပြီး၊  ဒုတိယဝန်ကြီး အသစ် ၁၉ ဦးခန့်လိုက်တယ်၊  ပြည်ထောင်စုဝန်ကြီး ၂ ဦး သူတို့ ဆန္ဒ အရ နုတ်ထွက်သွားကြပါတယ်။

ဒါကြောင့် ဦးသိန်းစိန်ရဲ့ “အရွှေ့အပြောင်း” ပြီးနောက် ပုံပေါ်လာတဲ့ ဝန်ကြီးဌာန (၃၃) ခုမှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးရဲ့စုဖွဲ့ထားမှုဟာ အောက်ပါဇယားအတိုင်းဖြစ်ပါတယ်။

စဉ်

ဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး

ဒုတိယဝန်ကြီး

၁။

ကာကွယ်ရေးဝန်ကြီးဌာန

ဒုတိယဗိုလ်ချုပ်ကြီးလှမင်း

ဗိုလ်ချုပ်ကျော်ညွန့်၊ ဗိုလ်မှူးကြီးအောင်သော်

၂။

ပြည်ထဲရေးဝန်ကြီးဌာန

ဒုတိယဗိုလ်ချုပ်ကြီးကိုကို

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ရဲချုပ်ကျော်ကျော်ထွန်း

၃။

နယ်စပ်ရေးရာ ဝန်ကြီးဌာန

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး

ဗိုလ်ချုပ်ဇော်ဝင်း

၎။

နိုင်ငံခြားရေးဝန်ကြီးဌာန 

ဦးဝဏ္ဏမောင်လွင်

ဦးမောင်မြင့်၊ ဒေါက်တာမျိုးမြင့်၊ ဦးသန့်ကျော်၊ ဦးဇင်ယော်

၅။

ပြန်ကြားရေးဝန်ကြီးဌာန

ဦးအောင်ကြည်

ဦးသန်းဆွေ၊ ဦးရဲထွဋ်

၆။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ဦးမြင့်လှိုင်

ဦးအုန်းသန်း၊ ဦးခင်ဇော်

၇။

ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန

လစ်လပ်

ဦးဝင်းသန်း၊ ဒေါက်တာလင်းအောင် ၊ ဒေါက်တာမောင်မောင်သိမ်း

၈။

ဆောက်လုပ်ရေးဝန်ကြီးဌာန

လစ်လပ်

ဦးစိုးတင့်၊ ဦးကျော်လွင်

၉။

အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

လစ်လပ်

ဒေါက်တာကံဇော်၊ ဦးဆက်အောင်၊ ဒေါက်တာဒေါ်ခင်စန်းရီ

၁၀။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

ဦးဝင်းမြင့်

ဒေါက်တာပွင့်ဆန်း၊

၁၁။

ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန

ဦးသိန်းထွန်း

ဦးသောင်းတင်

၁၂။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး

လစ်လပ်

ဦးဘုန်းဆွေ၊

၁၃။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန

ဦးဝင်းထွန်း

ဦးအေးမြင့်မောင်၊ ဒေါက်တာဒေါ်သက်သက်ဇင်

၁၄။

မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန

ဦးအုန်းမြင့်

ဦးခင်မောင်အေး

၁၅။

သတ္တုတွင်းဝန်ကြီးဌာန

ဦးသိန်းထိုက်

လစ်လပ်

၁၆။

သမဝါယမဝန်ကြီးဌာန

ဦးကျော်ဆန်း

ဦးစိုးဝင်း

၁၇။

အလုပ်သမားဝန်ကြီးဌာန

လစ်လပ

ဦးမြင့်သိန်း

၁၈။

ပို့ဆောင်ရေးဝန်ကြီးဌာန

ဦးဉာဏ်ထွန်းအောင်

ဦးဝင်းရှိန်

၁၉။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

လစ်လပ်

ဦးဌေးအောင်

၂၀။

စက်မှုဝန်ကြီးဌာန

ဦးအေးမြင့်

ဦးသိန်းအောင်၊ ဦးမျိုးအောင်

၂၁။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန

လစ်လပ်

သူရဦးသောင်းလွင်၊ ဦးသန့်ရှင်း

၂၂။

စွမ်းအင်ဝန်ကြီးဌာန

ဦးသန်းဌေး

ဦးထင်အောင်

၂၃။

အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

လစ်လပ်

ဦးမြင့်ဇော်၊

၂၄။

အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ဦးခင်မောင်စိုး

ဦးအောင်သန်းဦး

၂၅။

ပညာရေးဝန်ကြီးဌာန

ဒေါက်တာမြအေး

ဦးအေးကြူ၊ ဦးဘရွှေ၊

၂၆။

ကျန်းမာရေးဝန်ကြီးဌာန

ဒေါက်တာဖေသက်ခင်

ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒေါက်တာဝင်းမြင့်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေး

၂၇။

ယဉ်ကျေးမှုဝန်ကြီးဌာန

လစ်လပ်

ဒေါ်စန္ဒာခင်၊ ဦးသန်းဆွေ

၂၈။

သာသနာရေးဝန်ကြီးဌာန

သူရဦးမြင့်မောင်

ဒေါက်တာမောင်မောင်ဌေး၊

၂၉။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

လစ်လပ်

ဒေါက်တာကိုကိုဦး၊

၃၀။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ဦးခင်ရီ

ဦးကျော်ကျော်ဝင်း၊ ဗိုလ်မှူးချုပ်ဝင်းမြင့်

၃၁။

အားကစားဝန်ကြီးဌာန

ဦးတင့်ဆန်း

ဦးအေးမြင့်ကြူ၊ ဦးသောင်းထိုက်

၃၂။

သမ္မတရုံးဝန်ကြီးဌာန

ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း ဦးလှထွန်း၊ ဦးတင်နိုင်သိန်း

ဦးအောင်သိမ်း

၃၃။

မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး

ဦးဟန်စိန်၊ ဦးချန်မောင်

ဇယားကိုကြည့်ပြီးအခုလိုပြောနိုင်ပါတယ်။

– ပြည်ထောင်စုဝန်ကြီး (၂၇) ဦး

– ပြည်ထောင်စုဝန်ကြီး နေရာ (၁၀) နေရာလစ်လပ်

– ဒုတိယဝန်ကြီး (၅၄) ဦး

– ဒုတိယဝန်ကြီး (၁) နေရာလစ်လပ်

`          – ပြည်ထောင်စုဝန်ကြီးအများဆုံးစံချိန်တင်ထားတဲ့ ဝန်ကြီးဌာန – သမ္မတရုံးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီး ၆ ဦး ရှိပါတယ်)

– ဒုတိယဝန်ကြီးအများဆုံးစံချိန်တင်ထားတဲ့ ဝန်ကြီးဌာန –  နိုင်ငံခြားရေး ဝန်ကြီးဌာန (ဒုတိယဝန်ကြီး ၄ ဦးရှိပါတယ်)

            အကယ်၍ လစ်လပ်နေသော ပြည်ထောင်စုဝန်ကြီး (၁၀) နေရာနဲ့ ဒုတိယဝန်ကြီး (၁) နေရာကို ထပ်မံဖြည့်စွက်ခဲ့မယ်ဆိုရင်။ ဝန်ကြီးဌာန (၃၃) ခုအတွက် ပြည်ထောင်စုဝန်ကြီး (၃၇) ဦး၊ ဒုတိယဝန်ကြီး (၅၅) ဦး ရှိလာမှာဖြစ်ပါတယ်။

ဝန်ကြီးဌာနတွေ၊  ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဖောင်းပွမနေဘူးလား။ ပြည်သူ့ဘဏ္ဍာတွေ မကုန်သင့်ပဲ ကုန် အောင်ခမ်းအောင် လုပ်နေသလို ဖြစ်မနေဘူးလား။ လွှတ်တော်ကိုယ်စားလှယ်များ ဆန်းစစ်အဖြေရှာ မေးခွန်းထုတ်ဖို့သာဖြစ်ပါကြောင်း။

ညွန်း

– သမ္မတရုံးအမိန့်အမှတ် (၂၁/၂၀၁၂) ( ၂၂/၂၀၁၂) (၂၃/၂၀၁၂)( ၂၄/၂၀၁၂)( ၂၅/၂၀၁၂)(၂၇/၂၀၁၂)( ၂၈ /၂၀၁၂)

– သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၁၂)-  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာတည်းအဖွဲ့မှ စုဆောင်းပြုစုသည်၊

– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

ဝန်ကြီး ၂ ဌာနကိုင် ပြည်ထောင်စုဝန်ကြီးများ

၁။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး             နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂။ ဦးကျော်ဆန်း                                    ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

၃။ ဦးအောင်ကြည်                                 အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၎။ ဦးအုန်းမြင့်                            သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန

၅။ ဦးတင့်ဆန်း                                      ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အားကစားဝန်ကြီးဌာန 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ဘယ်တော့လဲ ဘယ်မှာလဲ စစ်မှန်တဲ့ ဒီမိုကရေစီ စစ်မှန်တဲ့ အပြောင်းအလဲ (Tu Maung Nyo)
  1. တကယ်တတ်တကယ်သိသောလူများသာအကြီးအကဲလုပ်သင့်ပါတယ် …..တတ်သိသောဒုတိယ၀န်ကြီးများခန့်အပ်ပေမယ့် ရှေ့က၀န်ကြီးလုပ်ချင်တာလုပ်နေရင်ဘာမှတိုးတက်လာမယ်မထင်ပါဘူး.. ကျွန်တော်ကတော့ ဆက်သွယ်ရေးနဲ့ပတ်သတ်တဲ့လုပ်ငန်းလုပ်နေတော့ဆက်သွယ်ရေး အကြောင်းတော့တော်တော်များများသိပါတယ်။ ဆက်သွယ်ရေးမှ လုပ်ထားတဲ့လုပ်ငန်းတွေငွေတွေမရပါဘူး ။ ငွေမရလို့ပြောတာ မဟုတ်ပါ ရှေ့သို့လုပ်ဆောင်ရန်လုပ်ငန်းများလုပ်၍ မရပါ။ ပြည်သူများဆီမှတော့ဆက်သွယ်ရေးမှကောက်ခံပြီးပါပြီ ကျွန်တော်တို့ကတော့ ၂၀၁၁ခုနှစ်ဒီဇင်ဘာလအထိဘဲရပါသေးတယ်။ ၀န်ကြီးခွင့်ပြုချက်မရသေးလို့ပြောပါတယ်။ ဒီဝန်ကြီးက engineer လား accountant လား .ပြည်သူတွေသက်သာဖို့နဲ့ အဆင်ပြေဖို့ဆိုရင် လုပ်ပါ ကျွန်တော်တို့လည်းပါဝင်ပါမယ် အခုဟာက သူရှယ်ယာပါတဲ့ ရတနာပုံတယ်လီပို့ကိုဘဲ ပိုက်ဆံချပေးတယ် လုပ်ကိုင်ခွင့်တွေပေးတယ်ဆိုတော့မဟုတ်သေးဘူး ဗျာ .. ရတနာပုံတယ်လီပို့က ၀န်ဆောင်မှုပိုကောင်းလာမယ် ပိုသက်သာလာမယ်ဆိုရင် တော့ပေးပါဗျာ မြန်မာပြည်မှာ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး မြန်မာပြည်မှာ လူဖြစ်ရကျိုးလေးတော့နပ်ချင်တယ်

  2. – တကယ်တတ်တကယ်သိသောလူများသာအကြီးအကဲလုပ်သင့်ပါတယ် …..တတ်သိသော ဒုတိယ၀န်ကြီးများခန့်အပ်ပေမယ့် ရှေ့က၀န်ကြီးလုပ်ချင်တာလုပ်နေရင်ဘာမှတိုးတက်လာမယ်မထင်ပါဘူး..
    ဆုံးဖြတ်ချက်တွေပေးတဲ့နေရာ၊ လုပ်ငန်းတွေကိုလမ်းညွန်၊ ပေါ်လစီချတဲ့နေရာတွေမှာရှိတဲ့ ၀န်ကြီးတွေက သေသေချာချာမသိရင် အလုပ်လုပ်ရတာ အရမ်းခက်ပါတယ်။ ခေတ်ပေါ်တွေကိုပဲလိုက်နေရင်မဖြစ်၊
    ခေတ်တွေနောက်ကျနေပြန်ရင်လည်းမဖြစ်ပါဘူး၊ လုပ်ငန်းတွေမှာ တော်တော်များများသိဖို့ဆိုတာ
    ဌာနထဲမှာ သေသေချာချာလုပ်တဲ့သူမှသိမှာပါ။ သိတဲ့သူက ပြောပေမယ့် အပေါ်ကလက်မခံရင်မခက်ပါဘူးလား။
    – တကယ်စည်းစနစ်ကျတဲ့၊ သေချာတဲ့၊ လုပ်ငန်းပေါ်စိတ်ဝင်စားတဲ့သူတွေကိုဘဲ ဖြစ်စေချင်ပါတယ်။

  3. တကယ်တော့ အမျိုးသမီးတွေကို ၀န်ကြီးအဆင့်ထိ မပေးနိုင်ပါဘူး။ အရပ်သားတွေကို ဘယ်ပေးပါ့မလဲ။
    အရောင်ပြလောက်ပဲပေးမှာပေါ့။ တကယ်ဆို ဌာနထဲမှာ အကြာကြီးလုပ်လာပြီး အကြောင်းသိတွေကို ပေးရင် အောင်မြင်မှာပေါ့။

Comments are closed.