ခရီးမတ်တတ်လမ်းခုလပ်၌

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
သြဂုတ် ၃၀၊ ၂၀၁၂

ရဲဘော်တိုက်မောင်းနှင့် ရဲဘော်များ

ဆရာမင်းသုဝဏ်၏ သူ့မှာတမ်းကဗျာကို ဟိုးအရင်က အခါခါဖတ်ပြီး အခါခါ ခံစားဘူးပါသည်။ ယခုဒီကဗျာကို မရွတ်ဆိုချင်ပါ။ ရွတ်ဆိုလိုက် တိုင်း ရင်နင့်ရသောအဖြစ်က နှလုံးအိမ်ကို လာလာတိုးဝှေ့နေသည်။ တိုးဝှေ့ ထိခိုက်နိုင်လောက်သော တကယ့်အဖြစ်အပျက်က ကိုယ့်အ တွက် ဖြစ်ထွန်းနေပြီ။ သူငယ်ချင်းငယ်ပေါင်းတယောက်၏အဖြစ်အပျက်တို့ကို မသိရှိခင်က ကဗျာအပေါ်ခံစားချက်သည် အများသူငါနှင့် ဆိုင်သောခံစားမှုအဆင့်သာရှိခဲ့သော်လည်း သူဇာတ်ကြောင်းသိရှိပြီးနောက် ကဗျာပါစာသားက ကိုယ်တစ်ဦးတည်းကို လာပြီးရည်ရွယ်နေသလို ခံစားလာရသည်။ မမျှော်လင့်ပဲ လိုချင်သောဇာတ်လမ်းတခုလုံးကိုရလိုက်တော့ ရင်ထဲကထိရှမှုကနေ စာသားတွေအဖြစ်ပါ ရေးချဖို့ ဖြစ်လာ ရပြန်သည်။

သြဂုတ်လ ၁၈ ရက်နေ့ကို ကျောင်းသစ်တက်ပွဲပင့်ဖိတ်သဖြင့် နော်ဝေနိုင်ငံကို ၁၅ ရက်နေ့ကတည်းက ရောက်လာသည်။ ရွှေဝါရောင်ဦးထာဝရ နှင့် ဒကာ၊ ဒကာမတို့က ဧည့်ဝတ်ကျေစွာ ကြိုဆိုကြသည်။ ရောက်လာသူ ဒကာဒကာမတွေနှင့် မိတ်ဆက်စကားပြောရင်း မမျှော်လင့်သော ဇနီးမောင်နှံ နှင့်ဆုံတွေ့ခွင့်ရလိုက်သည်။

“ဒကာနာမည်က ”
“တပည့်တော်နာမည် ခင်ဇော်ပါဘုရား။ တောင်ကြီးကပါ တောခိုတော်လှန်ရေးထဲပါပြီး ဒီဘက်ရောက်လာတာပါ”

သူ့ဒကာမပါ အနီးနားရှိနေသည်။
“တပည့်တော် ဇနီးနာမည်က နန်းမူလို့ခေါ်ပါတယ်ဘုရား”

တောင်ကြီးဆိုသဖြင့် စိတ်ဝင်စားသွားသည်။ ကျောင်းသားတပ်သို့ဝင်ရောက်ခဲ့ပုံကို သူကပြောပြနေစဉ် ကိုယ်က တစုံတခုဆီ စိတ်က ဆက် စပ်တွေးနေမိသည်။

“ခင်ဗျား ၆၀၁ ကလား”

စကားဖြတ်ပြီး ရုတ်တရက် စိတ်ဝင်တစားမေးလိုက်မိသည်။ ကိုယ်မေးလိုက်သောမေးခွန်းအဆုံးမှာ သူက ဝင်းလက်တောက်ပသော မျက် လုံးအစုံဖြင့် အားရဝမ်းသာစိုက်ကြည့်နေသည်။ နောက် သူသိချင်သောအဖြေတခုကို သူရှာဖွေတွေ့ရှိသလိုမျိုး စကားကိုဆိုလာသည်။

“အရှင်ဘုရား စာရေးလားဘုရား”

စာရေးကြောင်းခေါင်းငြိမ့်ပြလိုက်တော့ သူကော သူ့အမျိုးသမီးပါ အားရဝမ်းသာနှင့် “ညက တပည့်တော်ဒကာမနဲ့ စကားပြောဖြစ်တယ်။ ငါတို့သိချင်တဲ့ ဆောင်းပါးရေးတဲ့ဦးဇင်းကို အခု ကြွလာတဲ့ဦးဇင်းများသိမလား မသိဘူး မေးကြည့်ရင် ကောင်းမယ်လို့”

၆၀၁ နှင့် ပတ်သက်ပြီး စိတ်ဝင်တစား မေးလိုက်သော မေးခွန်းကို ကြားကတည်းက သူလဲ အမြဲတမ်းရှာဖွေ သိချင်နေသော ဘုန်းတော်ကြီးကို သူတွေးနေပုံရသည်။ သူက ဟိုးအရင်က ရေးခဲ့ဘူးသောဆောင်းပါးသုံးပုဒ်ကို ပြောပြနေသည်။ ထိုဆောင်းပါးများက (၆၀၁) တပ်ရင်မှူး ဗိုလ် တိုက်မောင်းအကြောင်း။ ဗိုလ်တိုက်မောင်းဆိုတာက ဦးဇင်းနှင့် ငယ်ပေါင်းကြီးဖော် ကဗျာရေးဖက်၊ နိုင်ငံရေးလက်တွဲဖော်။ အမြဲတမ်း အများအတွက်သာ စိတ်ထဲထည့်ထားတတ်သူ။ စွန့်လွှတ်ပေးဆပ်မှုကိုသာ သူလေ့ကျင့်စရာအဖြစ် ပြင်ဆင်နေသူ။ ၈၈ မတိုင်ခင်ကတည်းက နေ့စဉ် သူ့ဘဝနှင့် သူ့အလုပ်ကို အရိုးသားဆုံးသော ရှင်သန်ခြင်းဖြင့် တသားတည်းထားသူ။ သူ့စိတ်ထဲမှာ အမြဲတမ်းရှင်သန်နေတာက ကဗျာနှင့်နိုင်ငံရေး။ နိုင်ငံရေးခရီးကြမ်းကြီးကိုဖြတ်သန်းလျှက် ခရီးရှည်မှပြန်အရောက် သူ့အတွက် လုပ်ပေးစရာတွေများစွာက စိတ်ထဲနေရာ ယူလာသည်။ အညတြရ အသက်ပေးခဲ့ရသူတွေထဲ သူလဲအပါအဝင်မဟုတ်လား။ ယုံကြည်ချက်က သူခေါင်းချရာ တောင်တန်းတွေလိုမြင့် မားခဲ့သူ။ အမိမြေကို တွယ်တာတတ်ပုံကို နောက်ဆုံးအချိန်အထိပြသခဲ့သူ။ ဒီလို အချက်အလက်တွေက တခုပြီးတခု ရရလာ။ ထိုကဲ့သို့ သူများပြောသော အချက်အလက်ကို အလိုလိုလက်ခံပြီးသား။ သူ့အကြောင်းသူ့စိတ်ဓာတ်ကို သူများထက်ပိုသိနေသူမို့ သူ့ကိုသူများတွေ ထက်ပိုနှမြောသည်။ ဘယ်နေရာရောက်ရောက် ဘယ်သူနဲ့တွေ့တွေ့ သူ့အကြောင်းပြောသူတိုင်း သူ့တပ်သားတွေအားလုံးက သူ့ကို တလေး တစား တန်ဖိုးထားကြသည်။ နောက် တကယ့်သူတို့၏ ခေါင်းဆောင်ကောင်းတယောက်ကို အားကိုးတကြီးရှိတာကိုတွေ့ရသည်။

“အရှင်ဘုရား ငုရင်ပြင်ကိုကြည့်လိုက်ဘုရား။ ကိုတိုက်မောင်းကိုဂုဏ်ပြုထားတာ”

ဦးဇင်းကသိကြောင်းပြောပြပြီး ကိုတိုက်မောင်နှင့်ပတ်သက်သည့် စာတွေစုနေကြောင်း ကိုယ်တိုင်လည်း ရေးမှာဖြစ်သလို အတူနေခဲ့သူတွေ က အနီးကပ်မြင်ခဲ့ရသော သူတို့၏ခေါင်းဆောင်အကြောင်းကိုရေးစေလိုကြောင်း ပြောပြသည်။ ဒီစာတွေကို စုပြီးမကြာခင်စာတအုပ် ထုတ် ချင်တာကိုပါပြောပြတော့ သူတို့ဇနီးမောင်နှံက ထိုဖြစ်ပေါ်လာမည့်စာအုပ်အတွက် ကုန်ကျငွေကို သူတို့တာဝန်ယူချင်ကြောင်းကိုပါ ပြော လာကြသည်။ သူတို့ဇနီးမောင်နှံက ကိုတိုက်မောင်းနှင့် အတူတူနေခဲ့ရသူတွေ။ ဒီလို အတူတူနေခဲ့သူတွေ၏ သူတို့တပ်ရင်းမှူးအပေါ် အ လေးထား တန်ဖိုးထားကြသည်မှာ အထူးအဆန်းတော့မဟုတ်။ အလှအပတွေကို စာဖွဲ့ကြတော့။ ခပ်ဝေးဝေးက မြင်တဲ့အလှ၊ အနီးကပ် မြင်တဲ့အလှဟု သရုပ်ခွဲတတ်ကြသည်။ တချို့က အဝေးက အမြင်မှာသာလှနေကြပြီး အနီးကပ်ကြတော့ အလှပျောက်သွားတတ်တာတွေ ရှိသည်။ တချို့ကအဝေးမှာအရုပ်ဆိုးသည်ဟုထင်ရသော်လည်း နီးလေ လှလာလေဆိုသော အလှတွေလည်းရှိသည်။ ကိုတိုက်မောင်း၏ သိက္ခာသမာဓိကတော့ နီးလေ အလှကိုပိုမြင်ရလေဆိုသော အတန်းအစားထဲကဖြစ်၏။ ဒီတော့ ဇနီးမောင်နှံနှစ်ဦးသား သူတို့ တပ်ရင်းမှူး အကြောင်းကိုအားပါးတရ ပြောကြတာကြည့်ပြီး၊ မရှိတော့ပြီဖြစ်သော မိတ်ဆွေအတွက် ကျေနပ်အားရသော ဝမ်းသာမှုတွေဖြစ်ရသလို အခု လိုအချိန်မှာ အသက်ထင်ရှား ရှင်လျှက် နေစေလိုသော နှမြောတသ ဝမ်းနဲ့မှုတို့ရောပြွမ်းသောစိတ်ခံစားမှုက ရင်ထဲ ပြည့်ကျပ်လာပါတော့သည်။

ကိုခင်ဇော်က သူ့တပ်ရင်းမှူးအကြောင်း အားပါးတရပြောရင်း သူ့ထံတွင် သိမ်းဆည်းထားသော ကိုတိုက်မောင်း လက်ရေးနှင့်စာများ၊ ကို တိုက်မောင်းဓာတ်ပုံများရှိကြောင်းကို ပြောလာသည်။ သူတမြတ်တနိုးသိမ်းထားတာကိုက သူရဲ့တပ်ရင်းမှူးအပေါ် ဘယ်လောက်တန်ဖိုးထား ကြောင်းပေါ်လွင်နေသည်။ ပုံတိုင်း ပုံတိုင်းက ဇာတ်ကြောင်းတွေ တခုစီနှင့်။

ရဲဘော်တိုက်မောင်း နောက်ဆုံးခရီးက သစ်ပင်

“ဒီနေရာကနေ ထိုင်းကဆေးရုံကိုရောက်အောင် မလွယ်ဘူးဘုရား”

ဗိုလ်တိုက်မောင်း၏ နောက်ဆုံးခရီးနှင့် သူ၏ဝိညာဉ်ကို ချွေချပစ်မည်ဖြစ်သော သစ်ပင်ကြီးပုံကို လွမ်းမောတသစွာ လက်ညှိုးထောက်ရင်း သူပြောပြနေသည်။

“ကားအချိန်မီရလိုက်ရင် မသေဘူးဘုရား”

နောက်ဆုံး သူသေမည်ကိုသေချာသိသော ဗိုလ်တိုက်မောင်းက သူ့အလောင်းကို မြန်မာ့မြေပေါ်တွင်သာ မြှုပ်နှံရန် တောင်းဆိုခဲ့သည်။ သူ အမိမြန်မာပြည်ကို သေပြီးတောင် ချစ်နေမြဲဆိုတာကို သက်သေပြခဲ့သည်။ အမိမြန်မာပြည်၏ ပြည်သူအားလုံး လွတ်မြောက်ရေးကို အာသာ ပြင်းပြင်း သူလိုလားခဲ့သည်။ အတူနေစဉ် သူဦးဆောင်ခဲ့မှုကို တမ်းတမ်းတတဖြစ်ဆဲ ဇနီးမောင်နှံဆီက ဗိုလ်တိုက်မောင်းနှင့်ပတ်သက်သော ဓာတ်ပုံများ။ သူကိုယ်တိုင်၏လက်ရေးစာများကို မပျောက်မပျက် ထိမ်းသိမ်းထားသည်။ အခုဒါတွေကို လာရောက်ပြီးပေးအပ်နေသည်။

“ဦးဇင်း စာရေးပါဘုရား”

သူပြောပြနေသည့်အချက်အလက်တွေက ကိုတိုက်မောင်းအပေါ် သူတို့လင်မယား တသသနှင့် တလေးတစား ပြောရလောက်သည်ချည်း။ သူစိတ်ထဲက မမေ့ပျောက်သေးသောဇာတ်လမ်းများကို သူက လွမ်းလွမ်းဆွေးဆွေးပြောပြနေသည်။ ဘေးက နားထောင်နေသော သူ့ဇနီး သည်က လိုအပ်သည့်နေရာ မေ့နေမည်ထင်သည့်အရာတို့ကို ဝင်ဝင်ထောက်ပေးသည်။

သူ့မိတ်ဆွေ ကဗျာဆရာ ကံထွန်းသစ်ကို ဗိုလ်တိုက်မောင်းနဲ့ပတ်သက်တာတွေ ရထားပြီဆိုတာပြောပြလျှင် ဘယ်လောက်များ ဝမ်းသာနေ မည်မသိ။ ဆရာတော် ကံထွန်းသစ်ကျောင်းမှာ အရေးတော်ပုံကာလ နားခိုရင်း သူယုံကြည်ရာလမ်းကို ရွေးချယ်ခဲ့သော ၈၈ ၏နေ့ရက်များအား ကံထွန်းသစ်နှင့်ဆုံတိုင်း ပြောမကုန်ခဲ့။ သူ့မိတ်ဆွေကဗျာဆရာ တော်လှန်ရေးသမားကြီး၏ဘဝ နောက်ဆုံးအချိန်မတိုင်ခင် လူသားဆန်ဆန် နေထိုင်ခဲ့သည်များသာ သူ့နားနှင့် တိုက်ရိုက်နားထောင်ရလျှင် ပါးစပ်အဟောင်းသားနှင့်ဖြစ်နေမှာကို မြင်ယောင်နေမိသည်။