ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

နာရေးကူညီမှုအသင်း (ရန်ကုန်) Website ဖွင့်ပြီ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
သြဂုတ် ၂၉၊ ၂၀၁၂

Website သည် တစ်ကမ္ဘာလုံးကို ဖြန့်ချိပေးနေတဲ့ ကွန်ရက် (World Wide Web) တစ်ခုဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး (United Nations) မှ ၂ဝ၁ဝ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာကြေညာစာတမ်း (Geneva Declaration on Internet Freedom) ကို ပြဋ္ဌာန်းခဲ့သည်။ ထိုကြေညာစာတမ်းတွင် အင်တာနက် (Internet) သည် အတွေးအခေါ်များ ဖလှယ်ရာနှင့် ကူးလူး ဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာနေရာလေးတစ်ခု (auniversal space) ဖြစ်သည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီအနေ အ ထားနှင့် စီးပွားရေးအခြေအနေများကို ထောက်ထားစရာမလိုပဲ လူအချင်းချင်း အပြန်အလှန်နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုထားသည်။

 

၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းပိုင်ဝက်ဘ်ဆိုဒ်အား စတင်လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း အခမ်းအနားအား နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT) မှ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် ဝက်ဘ်ဆိုဒ် ရေးဆွဲလှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်ကြောင်း၊ အသင်းသည် (၁၂) နှစ်တာကာလရောက်ရှိသော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်မရှိခဲ့ချေ။ နာဂစ်မုန်တိုင်း အချိန် ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်နေရာဒေသများသို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပစ္စည်းများတို့အား အလှူရှင်များ လှူဒါန်းနိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစားခဲ့ကြောင်း၊ နောက်ပိုင်း၌ Update မလုပ်နိုင်ခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်တစ်ခါထပ်ကြိုးစားကြောင်း၊ ယခုအချိန် သည် စတုတ္ထအကြိမ်မြောက် ကြိုးစားခဲ့ခြင်းဖြစ်ပြီး မိမိတို့အသင်းအတွက် အရမ်းလိုအပ်နေသည့် အရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍လှူဒါန်းခြင်း၊ အသုံးချခြင်းများကို တင်ပြရန်အရေးကြီးပါကြောင်းနှင့် အသင်းအတွက်လိုအပ်လျှက်ရှိသော Website ကို လှူဒါန်းပေးခဲ့သော TNT ကုမ္ပဏီအားလည်း အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်း ခြင်းနှင့်ပတ်သက်၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင်လည်း Website မရှိသေးသည်အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်ခြင်းကြောင့် ဝက်ဘ်ဆိုဒ်ပုံစံအကြမ်းပြသပေးခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကိုတို့မှလည်း အစစအရာရာ ကူညီပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက်သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင်ပါကြောင်း၊ ဝက်ဘ် ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှုလိုချင်ကြပြီး အလှူရှင်များသည်လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု များအား သိရှိနိုင်စေရန် အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သည့်အချက်အလက်များအား ကဏ္ဍအသီးသီးဖြင့် အသေးစိတ်ဖော်ပြပေးထားကြောင်း၊ မကြာမီကာလ အတွင်း အင်္ဂလိပ်ဘာသာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်းဝက်ဘ် ဆိုဒ်လိပ်စာနှင့် အသုံးပြုပုံအဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်းသမားများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့အား မိတ်ဆက်ပြသ ပေးခဲ့ပြီး မီဒီယာများ၏မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန် ကုန်) ၏ အများပြည်သူတို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတစ်ခုတည်းတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီးတို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှုများအား ကြည့်ရှု့နိုင်တော့မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် www.ffssyangon.org ဟူ၍ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S (Ygn) နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အချိန် မရွေးရောက်ရှိနိုင်တော့မည်ဖြစ်သည်။

“အင်တာနက် (Internet) ကို လွတ်လပ်စွာအသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီ ဆန်သောလူ့ဘောင်ကို အပြည့်အဝခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။”

(ဂျီနီဗာကြေညာစာတမ်း ၂ဝ၁ဝ၊ မတ်လ ၉ရက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts