ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

နာရေးကူညီမှုအသင်း ကူညီလှုပ်ရှား ဆောင်ရွက်မှုများ

နာရေးကူညီမှုအသင်း – ရန်ကုန်
သြဂုတ် ၂၇၊ ၂၀၁၂

● မြန်မြန်ပေးမြန်မြန်ဆပ်

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၄) ကြိမ်မြောက် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကြုံတွေ့နေရသောအခက်အခဲများကို ကူညီဖေးမမှုခြေလှမ်း အဖြစ် ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၄.၈.၂ဝ၁၂ ရက်နေ့တွင် သွားရောက်ကြမည်ဖြစ်သည်။ နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ ရှေ့ပြေးအဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိပြီး ဒုက္ခသည်များအား ကူညီဖေးမရန်အတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို ကြိုတင်စီစဉ်ပြီးဖြစ်နေလေသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ၂၂. ၈.၂ဝ၁၂ ရက်နေ့တွင် ကြိုတင်ရောက်ရှိနေသော် ရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်းကာ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကူညီဖေးမကြမည် ဖြစ်သည်။

ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၉.၈.၂ဝ၁၂ ရက်နေ့တွင်လည်း ပြည်ပနိုင်ငံသို့ သွားရောက်ရမည်ဖြစ် သည်။ ပြည်ပနိုင်ငံသို့သွားရောက်ရန် ပြင် ဆင်ရခြင်း၊ ရခိုင်ပြည်ရှိ ဒုက္ခသည်များထံသို့ သွားရောက်ကူညီခြင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ငန်းတာဝန်များ မအား လပ်သည့်ကြားမှ ၂၃.၈.၂ဝ၁၂ ရက် နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် လူမှုရေးလက်တွဲဖော် အသင်းသား/သူများနှင့်အတူ တိုက်ကြီး မြို့ နယ်၊ တာခွတာဆုံအနီးရှိ “အေးချမ်းသာ” လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ သွားရောက်ခဲ့ကြသည်။ တာခွလမ်းဆုံမှ သရက်ချောင်း လမ်းအတိုင်း အနည်းငယ်ဝင်လိုက်သည်နှင့် “အေးချမ်းသာ” ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်းအား လယ်ကွင်းစိမ်းစိမ်းတွေကြား ထင်ရှားစွာ တွေ့မြင်ရတော့သည်။ ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်ကြတော့မြည့် အနာဂါတ်၏ သားကောင်း၊ သမီး ကောင်းရတနာများတို့၏ မေတ္တာပို့သံ၊ ကဗျာရွတ်သံတို့သည် လောကဓံကိုရင်ဆိုင်ရန် အသင့်အနေအထားနှင့် တိုက်ပွဲခေါ်သံအလား ကြုံးဝါးနေကြသည်ဟု ထင်မှတ်၍ အံ့သြမှင်သက်နေမိတော့သည်။ အနာဂတ်ကို ပိုင်စိုးကြမည့် ကျောင်းသားလူငယ်များ၏ စည်းလုံးညီညွှတ်မှု၊ စည်းကမ်းပြည့်ဝမှု၊ ဝတ်စား ဆင်ယဉ်မှုတို့သည် ဒီမိုကရေစီနိုင်ငံတော်အတွက် ဂုဏ်ယူစရာ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များအတွက် အတုယူစရာ “စည်းကမ်းဟူသည် လူ၏တန်ဖိုး” ဟူသော ကျွန်တော်တို့ ငယ်စဉ်ကပင်ရင်းနှီးခဲ့သည့် ထိုစာသားလေး၏ အဓိပ္ပါယ်အားပေါ်လွင်စေရန် ထင်ဟပ်ပေးနေသလိုပင် ခံစားမိတော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် ကျယ်ပြန့်လာသော လူမှုဒုက္ခများအားဖေးကူသည့် နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကယ်ဆယ်ရေးများကို အပြေးအလွှား မနားမနေ ပေးဆပ်နေသည်ကို မြင်ရပြန်တော့ ကျွန်တော့်၏ စိတ်ထဲတွင် ပေါ်ပြူလာဂျာ နယ်၏ အယ်ဒီတာချုပ် ကိုမျိုး (မြန်မာစာ) မှ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မျိုးဆက်သစ်လူငယ်များ အ တွက် ရေးဖွဲ့ထားသည့် “မြန်မြန်ပေး … မြန်မြန်ဆပ်” ဟူသော ကဗျာလေးကို ရေရွတ်မိပါတော့သည်။

မြန်မြန်ပေး … မြန်မြန်ဆပ်
…………
မျိုးဆက်အတွက် မငဲ့
တစ်ဘဝစံစိတ်နဲ့ …
တာ့တာ .. ဘိုင့်ဘိုင် လုပ်ရင်တော့
သေရင်ပြီးတာပဲ။

မျိုးဆက်အတွက်စဉ်းစား
(ကိုယ့်အလှည့်မှာများ)
ကောက်ရိုးပွေ့သွားမိခဲ့တယ်ဆိုရင်တောင်
ရောက်ခဲ့၊ လျှောက်ခဲ့ရာလမ်းတစ်လျှောက်
အမှိုက်ပြစ်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး
မသေခင် မသွားခင်လေး
သမိုင်းပေးတာဝန် ကျေခွင့်ရတာ မဟုတ်လားဗျာ …
(ကျွန်တော်တို့လည်း)

ဘာကြာတော့မှာမို့လဲ ….
ပေးစရာရှိတာ မြန်မြန်ပေး
ဆပ်စရာရှိတာ မြန်မြန်ဆပ်
မပေးဆပ်ခင်၊ တာဝန်မကျေမီများ
မြေကြီးက ပြောလိမ့်မယ်
သားရေပေါ်အိမ် … သားရေနားစားသူတို့ …
နှောင်းလူတို့က ဆိုလိမ့်မယ်
တစ်ဘဝစံ စိတ်ထားနဲ့
လူ့ရွာမှာ လမ်းသလားခဲ့သူကြီးလို့ . . . .

ဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ
F.F.S.S (Ygn)

● ကျွန်တော်တို့က လူတွေပါဗျာ

၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုတို့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွား ရောက်ခဲ့ပြီး စစ်တွေမြို့သို့ကြိုတင်ပြီး ရှေ့ပြေးရောက်ရှိနေကြသော နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများ ဖြစ်ကြသော ဦးကျော် ဝင်း၊ ဦးရောဘတ်အောင်၊ ဦးထွန်းထွန်းဝင်း (ပန်းသီး) နှင့် နာရေးကူညီမှုအသင်း (စစ်တွေ) အဖွဲ့သားများ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်းများသို့ သွားရောက်ကူညီလှူဒါန်း အားပေးစကားများ ပြောကြားခဲ့ကြသည်။

စစ်တွေမြို့သို့ရောက်ရှိသည်နှင့် စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့်နောက် ဓညဝတီ ဘောလုံးကွင်း ၊ မင်းဂံကွက် သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက်(နာဇီအနီး)၊ ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား ဆန်အိတ်များလှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့်မေတ္တာပို့သမှုများကို ပြုလုပ်ပေးခဲ့ကြသည်။ ထိုဒုက္ခသည်စခန်းများတွင် အိမ်ထောင်စုပေါင်း (၄၃၂) စု၊ လူဦးရေပေါင်း (၁၇၂၈)ဦး ကျော်ခန့်တို့သည် နေရေး၊ စားရေး၊ ကျန်းမာရေး စသည်တို့နှင့်ကြုံတွေ့နေမှုများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။ ယောကျာင်္းဖြစ်သူ အသတ်ခံရ၍ လသားအရွယ်က လေး ငယ်လေးအား ချီပိုးထားသော မိခင်တစ်ဦး၊ မိဘမဲ့ကလေးငယ်များ၊ သားသမီးမဲ့မိအိုဖအိုများ၊ အိုးအိမ်မီးလောင်ပျက်ဆီးခဲ့ရသော အခြေအနေမဲ့ဒုက္ခသည်များစသည့် ဘဝပေါင်းမြောက်များစွာပျက်စီးခဲ့ရသော မိသားစုဝင်များတို့၏ ကြေကွဲ ဖွယ်ရာဘဝများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။

ထိုကဲ့သို့ဘဝပေါင်းများစွာဆုံးရှုံးခဲ့ရသော ရခိုင်ဒေသရှိဒုက္ခသည် များထဲတွင် မြန်မာ၊ ရခိုင်၊ ဟိန္ဒူ စသည့် ဗုဒ္ဓဘာသာဝင်များအားလှူဒါန်းကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်း မေတ္တာပို့သပေးခဲ့ခြင်းတို့သည် ဒုက္ခသည်အပေါင်းအားလုံးအတွက် လောကဓံကိုရင်ဆိုင် နိုင်သည့်အင်အားများပေါ်ပေါက်စေခဲ့သည်။ ထို့ပြင်စစ်တွေမြို့ရှိ ရွှေဂရုနာ အခမဲ့ ဆေးပေးခန်းသို့လည်း သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီး ဦကျော်သူ၊ ဒေါ်ရွှေဇီးကွက်တိုမှ အလှူငွေ (တစ်သိန်းကျပ်)၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အလှူငွေ (ခုနှစ်သိန်းကျပ်)၊ အသင်းသား ဖြစ်သူ ဦးကျော်ဝင်းမှ အလှူငွေကျပ် (ငါးသောင်း) တို့ကို လှူဒါန်းခဲ့သည်။ ထို့နောက် ညနေ ၅နာရီအချိန်တွင် နာရေးကူညီမှုအသင်း(စစ်တွေ)နှင့်မောင်းတောမြို့၊ အမျိုးသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း၊ ဒုက္ခသည်ကူညီရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် အတွင်းရှိ ကူညီစောင့်ရှောက်ရေး ကိစ္စများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းစဉ်များ၊ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများနှင့် တာဝန် သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူတတ်မှု စသည့် လူမှုရေးကိစ္စရပ်များအား ပွင့်လင်းစွာဆွေးနွေးပွဲအား ကျင်းပခဲ့ကြသည်။ ဥက္ကဌဦးကျော်သူသည် ပြည်ပခရီးသို့ သြဂုတ်လ ၂၉ ရက်နေ့တွင် ထွက်ခွာရတော့မည်ဖြစ်၍၊ ဒေါ်ရွှေဇီးကွက်နှင့် ဦးဖြိုးကိုကိုတို့နှင့်အတူ ၂၀၁၂ခုနှစ်၊သြဂုတ်လ၊ ၂၅ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ ကျန်ရစ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် သြဂုတ်လ ၂၆ရက်နေ့ တွင် ရန်ကုန်မှ သင်္ဘော၊ မော်တော်ကားတို့ဖြင့် ကြိုတင်၍ စစ်တွေမြို့သို့ ပို့ထားသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်း များအား ဘူးသီးတောင်၊ မောင်းတောမြို့များရှိ ဒုက္ခသည်များထံသို့ ဆက်လက်ချီတက်ကာ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ပေးဆပ်သွားမည်ဖြစ်ပါသည်။

ရန်ကုန်မြို့သို့ အပြန်ခရီးလမ်းကြောင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မီးလောင်လွင်ပြင်များ၊ မိမဲ့ဘမဲ့ ဖြစ်သွားသော ကလေးငယ်များ၊ အိုးအိမ်အဝတ်အထည် ပစ္စည်းဥစ္စာများ ပျက်ဆီးဆုံးရှုံးသွားကြရသော မိသားစုဝင်များ၏ ပုံရိပ်များသည် ကျွန်တော်တို့အတွက် စိတ်အစဉ် တွင် မေ့ဖျောက်၍မရနိုင်အောင် စွဲလန်းမိကာ ငြိမ်းချမ်းရေးကို တောင့်တမိပြီး တစ်ချိန်က ကျွန်တော်ရေးဖွဲ့ထားခဲ့သော “ ကျွန်တော်တို့က လူတွေပါဗျာ ” ဟူသော ကဗျာ စာပိုဒ်အား မြင်ယောင်မိတော့သည်။

ကျွန်တော်တို့က လူတွေပါဗျာ
…………
တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊
သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊
အာဃာတတွေ ဘယ်လောက်ထားထား၊
အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊
ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့ မြင်ကွင်းလေးတွေက ငြိမ်းချမ်းမှုကိုရစေတယ်လေ။

သူတို့က တိရစ္ဆာန်တွေပါ။ အခု … ကျွန်တော်တို့က လူတွေပါဗျာ။
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။
တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။
မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။
ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။
ကျွန်တော်တို့က လူတွေပါဗျာ . . . . ။ ။

(ကျော်သူ)

● ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယနေ့(၂၅-၈-၂၀၁၂)ရက်နေ့ မနက်(၁၀)နာရီတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ အလယ်တိုက်ကြီးတွင် ကျင်းပကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီက ကြိုးပမ်းကျင်းပခြင်း ဖြစ်ပြီး၊ ဝါကျွတ်အီး(ဒ်)ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပနေကျ ပုံစံမျိုးထက် ပြည့်စုံကောင်းမွန်သော အထူးအစီစဉ် တစ်ရပ်အဖြစ် မန္တလေးမြို့၊ လေးပြင်လေးရပ်ရှိ မဟာထေရ်ဆရာတော်ကြီး အပါး(၃၀)ကျော်တို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှူဒါန်းသည့် ဆွမ်းကပ်ပွဲကိုပါ ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းတောင်းခြင်း အစီစဉ်ကိုပါ ဖြည့်စွက်ကျင်းပခဲ့ကြောင်း သိရပါတယ်။

မူလက မန္တလေးမြို့၊ ၆၄-လမ်းနှင့် ၇၂-လမ်းထောင့်၊ အိုရီယန်တယ်ဟောက်(စ်)ခန်းမ၌ ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ခွင့်ပြုချက်မရလို့ နေရာရွှေ့ကျင်းပခြင်း ဖြစ်ကြောင်း၊ တောင်ပြင်ထီးလင်းတိုက် ဇောတိကာရုံ အုဋ်ကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ အမှူးပြုသော သံဃာတော်(၄၀)ပါးနှင့် ဘာသာပေါင်းစုံ ကိုယ်စားပြု ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ၊ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ကြောင်း သိရပါတယ်။

တောင်ပြင်ထီးလင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇောတိကာဘိဝံသ မထေရ်မြတ်ကြီး သြဝါဒပေးအပြီးမှာ ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(စွမ်းအားလျှပ်စစ်)၊ ခရစ်ယာန်ဘာသာမှ ဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာမှ ဦးသိန်းဝင်းအောင် (အမရပူရ)၊ ဗဟာအီဘာသာလူငယ်တို့က အသီးသီးဆုတောင်း မေတ္တာပို့သကာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလျှောက်ထားကြပါတယ်။

သံဃာတော်များကို ဆွမ်းကပ်၊ သင်္ကန်းကပ်အပြီးမှာ ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးကြပါတယ်။

ဒီပွဲမှာ အရှင်ဝီရသူက ကိုယ်တိုင်ရေးစာအုပ်(၅၀)ကို ဘာသာရေးခေါင်းဆောင် အသီးသီးအား လက်ဆောင်ပေးခဲ့ပါတယ်။ အရှင်ဝီရသူပေးတဲ့ စာအုပ်က “သေနေ့မင်္ဂလာ တရားတော်” ဖြစ်ပါတယ်။ ဘာသာလူမျိုး ဘယ်လိုပဲကွဲကွဲ သေခြင်းတရားကို ရင်ဆိုင်ရမှာတော့ အတူတူပဲ ဖြစ်လို့ ဒီတရားစာအုပ်ကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဒီတရားတော်ကိုလည်း ဖြစ်ကြီးနားထောင်မှာ ရေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒီပွဲနှင့်ပက်သက်လို့ အရှင်ဝီရသူကို မေးရာမှာ “ကြည်နူးစရာပါ။ ဘာသာရေး ခေါင်းဆောင်တိုင်းက သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်း ငြိမ်းချမ်း ရေးအတွက် ဆုတောင်းသွားကြတယ်။ သူတို့ဆန္ဒအတိုင်းတကယ်လုပ်ဖို့ လိုသလို သူတို့ဘာသာဝင်တွေကလည်း သူတို့လို လိုက်နာပြုကျင့် ဖို့လိုတယ်။ ဒါဆိုရင် ဒီပွဲကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မန္တလေးမြို့ကြီး ငြိမ်းချမ်းရေး၊ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး၊ ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးတွေဟာလည်း အလိုလိုပြီး ပြည့်စုံသွားမှာပါ”လို့ ဖြေကြားသွားပါတယ်။

အကြိမ်ကြမ် ပွဲပျက်ခဲ့ရခြင်းနှင့် ပတ်သက်လို့လည်း အရှင်ဝီရသူက အခုလို မှတ်ချက်ချသွားခဲ့ပါတယ်။

“အဆိုအမိန့် တစ်ခုရှိတယ်ဗျ။ အဲဒါက- မုန်တိုင်းပြီးရင် လေပြေလာစမြဲတဲ့။ အခုလို လေပြေလေးနှင့် ထိတွေ့ရတော့ အအေးဓာတ်ရတာပေါ့ဗျာ။ မုန်တိုင်းဒဏ်ခံရကျိုးနပ်တာပေါ့။”

“နောက်တစ်ခုက- မိုးရွာခါနီးမှာ နေပူရှိန်ဟာ ပိုပြင်းလာတတ်တယ်တဲ့။ ဒီလို မိုးလေးတွေရွာစေချင်လို့ ပိုပြီးပူပြတာပဲလို့ပဲ အောက်မေ့ မိတယ်။”

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကြီးကျင်းပဖို့ ပြင်ဆင်ရာမှာ သုံးကြိမ်တိတိ ပျက်ပြားခဲ့ရကြောင်း၊ ပထမအကြိမ် ဈေးချိုဟိုတယ်နှင့် ဒုတိယနှင့် တတိယအကြိမ် အိုရီယန်တယ်လ်ဟောက်(စ်)မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီလို ပျက်ပြားရတာနှင့်ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအပေါ် အမျိုးမျိုးအဖုံဖုံ ဝေဘန်မှုများ ရှိနေကြောင်း သိရပါတယ်။

ဘာသာရေးပေါင်းစုံ ပေါင်းစုံရာမှာ ပြဿနာဖြစ်မှာကြောက်လို့ ခွင့်မပြုတာလို့ လုံခြုံရေးဘက်က တွေးသလို ဘာသာပေါင်းစုံ ပေါင်းစုံမိသွားမှာကို မလိုလားလို့ ဖျက်ဆီးတာဆိုတဲ့ နိုင်ငံရေးဘက်ကလည်း ထင်မြင်ယူဆနေတာတွေ ရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မန္တလေးမြို့ကြီးမှာတော့ မဖြစ်စဖူး အဖြစ်ထူးတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အခက်အခဲ အမျိုးမျိုးကြားထဲမှ အားခဲလို့ ဆောင်ရွက်ကြတာ အခုဆိုရင် လုံးဝပြီးစီး အောင်မြင်သွားပြီ ဖြစ်ကြောင်းပါခင်္ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts