သြဂုတ် ၂၅၊ ၂၀၁၂
ကျွန်တော်တို့ ပြည်ထောင်စုကြီးထဲက ကချင်တိုင်းရင်းသားတွေရဲ့ဒေသမှာ တကျော့ပြန် ပြည်တွင်းစစ်မီးတောက်လောင်နေခဲ့တာ (၁) နှစ် ကျော်ခဲ့ပါပြီ။
ကျွန်တော်တို့ စစ်ဘေးနဲ့ဝေးနေတဲ့ဒေသတွေ၊ မြို့ပေါ်ကပြည်သူတွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရပေမယ့် စစ်ဘေးဒုက္ခကြုံ နေကြရတဲ့ ကချင်ဒေသကပြည်သူတွေခမျာမှာတော့ ကျီးလန့်စာ စားဘဝနဲ့ ယမ်းငွေ့တွေအူ ကျည်ဆံတွေပလူပျံနေတဲ့ကြားက အမေတကွဲ သားတကွဲ မိသားစုတွေဖရိုဖရဲနဲ့ သွေးတွေ၊ မျက်ရည်တွေ အလူးလူးနဲ့ ခြေဦးတည့်ရာ ပြေးရှောင်ပုန်းနေကြရရှာပါတယ်။
သူတို့ဟာ ကျွန်တော်တို့ရဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေပါ ပြည်ထောင်စုဆိုတာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကြီးနဲ့တူပါတယ်။ ခန္ဓာကိုယ်ရဲ့ လက်ဖျား ခြေဖျားလေးတွေ ထိခိုက်ဒဏ်ရာရရင် ခန္ဓာကိုယ်ကြီးရဲ့ အသည်းနှလုံးကပါ နာကျဉ်ခံစားရမှာပါ။
ဒါကြောင့် ခန္ဓာကိုယ်ကြီးရဲ့ လက်ဖျားခြေဖျားလေးတွေနဲ့တူတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ အစွန်အဖျားနယ်စပ်ဒေသတွေက တိုင်း ရင်းသားပြည်သူတွေ ဒုက္ခရောက်နေတာဟာ ကျွန်တော်တို့ အားလုံးဒုက္ခရောက်နေသလို ခံစားရ စာနာနားလည်ရမှာပါ။ သူတို့ရဲ့ဒုက္ခတွေကို ကျွန်တော်တို့ မေ့မထား သင့်ပါဘူး။
အဲဒါကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို “အများပြည်သူအတွက် … အများပြည်သူကောင်းမှု” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများ ပြည်သူအလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ အမြဲတမ်းကူညီပေးနေတဲ့ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ဝေးလံခေါင်းပါးပြီး အဆက်အသွယ်ပြတ်နေတဲ့ တရုတ်ပြည်နယ်စပ် ကချင်ဒေသက တိုင်းရင်းသားဒုက္ခသည်တွေကို သွားရောက်ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့ “ကချင်ငြိမ်းချမ်းရေးကွန်ယက်” အဖွဲ့နဲ့ဆက်သွယ်ပြီး (၁၂.၈.၂ဝ၁၂) ရက်နေ့မှာ ရန်ကုန်မြို့ကနေ မူဆယ်မြို့ ကိုထွက်ခွာခဲ့ကြတယ်။ ကျွန်တော်တို့နဲ့အတူလိုက်ပါလာတဲ့အဖွဲ့တွေကတော့ “အဖြူရောင်တွဲလက်များအဖွဲ့”၊ “ကလေးချစ်သူများကွန်ယက်(မန္တလေး)”၊ “ရိမ်းဖောအမျိုးသမီးများအဖွဲ့”၊ မော်ဒန်ဂျာနယ်နှင့် ကုမုဒြာဂျာနယ်မှ မီဒီယာသမားများအပါအဝင် အဖွဲ့ဝင် (၁၂) ယောက် လိုက် ပါလာကြပါတယ်။
မူဆယ်ကနေ “ကြယ်ဂေါင်” ဆိုတဲ့ တရုတ်ပြည်နယ်စပ်မြို့ကိုကူးပြီး တရုတ်ပြည်ထဲကနေ “ဂျာဆူ ကောင်” ဆိုတဲ့ တရုတ်+ကချင်နယ်ခြား စခန်းကနေ ကချင်ပြည်နယ်ထဲက “လိုင်ဇာ” ဆိုတဲ့ နယ်စပ်ဒေသမြို့ကို ရောက်ခဲ့ကြတယ်။
တရုတ်နဲ့ကချင်ဒေသနယ်စပ်မှာ ကျွန်တော်တို့ဘက်က အလွယ်တကူ လက်လှမ်းမမီတဲ့ ဒုက္ခသည်စခန်းပေါင်း (၂၇) ခု ရှိနေပါတယ်။ ပြီး တော့ တရုတ်ပြည်ထဲမှာလည်း (၉) ခုလောက်ရှိတယ်လို့ သိခဲ့ရပါတယ်။
ကျွန်တော်တို့ လိုင်ဇာမြို့ကိုရောက်ပြီးတော့ ဒေသခံ ငြိမ်းချမ်းရေးအဖွဲ့တွေ ဒုက္ခသည် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေး နွေးလက်တွဲပြီး ဒုက္ခသည်စခန်းတချို့ကို သွားရောက်လေ့လာပြီး အားပေးကူညီပေးခဲ့ကြတယ်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လှူဒါန်းလိုက်တဲ့အလှူငွေ သိန်း (၂ဝဝ) ကျပ်သည် ဒုက္ခသည်စခန်းပေါင်း (၂၇) ခုမှ ဒုက္ခ သည်စခန်း (၇) ခုရှိ ဒုက္ခသည်နှစ်သောင်းအတွက် အခြေခံအစားအစာဖြစ်တဲ့ ဆီ၊ ပဲတို့သာ ဖြည့်ဆည်းလှူဒါန်းပေးနိုင်ခဲ့ပါတယ်။
တကယ်တော့ ဒုက္ခသည်စခန်းပေါင်း (၂၇) ခုတွင် ဒုက္ခသည်ပေါင်း ခြောက်သောင်းကျော် ခုနှစ်သောင်းနီးပါးဟာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ စားဝတ်နေရေးမပြည့်စုံ မလုံလောက်တဲ့ဒုက္ခတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။
ပြီးတော့ မိဘမဲ့ကလေးတွေနဲ့ မိတကွဲ၊ ဖတကွဲဖြစ်နေရှာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်များစွာအတွက် ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ တွေးမိရင်လည်း ရင်မောစရာကောင်းလှပါတယ်။
အဲဒီကလေးတွေဟာ တစ်နေ့ကျွန်တော်တို့အရွယ် ကျွန်တော်တို့နေရာရောက်လာမယ့် ကလေးတွေပါ။ ကျွန်တော်တို့လူ့ဘောင် ကျွန်တော် တို့ လူ့ပတ်ဝန်းကျင်ကိုဖန်တီးမယ့် ကလေးတွေပါ။ သူတို့ညံ့ရင်၊ သူတို့ပညာမတတ်ရင် သူတို့ဖန်ဆီးမယ့် ကျွန်တော်တို့လူ့ဘောင်၊ ကျွန်တော် တို့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ဟာ ကောင်းလာဖို့ သာယာအေးချမ်းဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ ပစ်မထားရက်ပါဘူး။
ကျွန်တော်တို့ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ “ဂျေရန်းခ” ဒုက္ခသည်စခန်းနှင့် “ဖုန်လုန်ယန်” ဒုက္ခသည်စခန်းသို့ (၁၆.၈. ၂ဝ၁၂) ရက်နေ့ “နုခေါင်းပါ” ဒုက္ခသည်စခန်းသို့ (၁၈.၈.၂ဝ၁၂) ရက်နေ့၊ မိုင်ဂျာယန်မြို့ရှိ “ပါကထောင်” ဒုက္ခသည်စခန်းသို့ (၁၉.၈.၂ဝ၁၂) ရက်နေ့များမှာ တောတောင် အထပ်ထပ်ကိုဖြတ် ခက်ခက်ခဲခဲဖြင့် သွားရောက်လေ့လာကြည့်ရှု့ပြီး ဒုက္ခသည်တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ကလေးငယ်များကို နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပါတယ်။
အပြန်ခရီးမှာတော့ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိပြီး ဒုက္ခရောက်နေတဲ့ ကချင်တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ သူတို့ရွာ သူတို့နေရပ်ဒေသ၊ သူတို့ပြန်ပြီး အေးအေးချမ်းချမ်းဖြင့် တောင်ယာလုပ် ကလေး ငယ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းသွားကြ ညီညီညာညာနဲ့ စာအံနေကြတဲ့ အသံတွေမြင်ကွင်းတွေကို စိတ်ကူးယဉ်ပြီး ဆုတောင်းနေမိပါတယ်။
ရန်ကုန်ကို ချောချောမောမောဖြင့် ပြန်ရောက်ပြီးရင် သူတို့အတွက် နောက်ထပ်ကူညီနိုင်ဖို့ ကြိုးစား မယ် သူတို့ရဲ့ဒုက္ခတွေ သူတို့ရဲ့ဘဝတွေကို မေ့နေကြတဲ့ သူတွေသိအောင် ကူညီနိုင်အောင်ပြောပြမယ်လို့ စဉ်းစားလာခဲ့တာ လားရှိုးမြို့အဝင်ရောက်တော့ ကျွန်တော်တွေးထားသလို ရန်ကုန်ကို ချောချောမောမော မရောက်နိုင်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီအားပေးပြီးအပြန် ကျွန်တော်တို့ကိုယ်တိုင် ရေဘေးဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။ လားရှိုးမြို့အဝင်က (AT) ချောင်း၌ တောင်ပေါ်မှ အရှိန်အဟုန်ပြင်းထန်စွာစီးဆင်းလာတဲ့ တောင်ကျရေကြောင့် ကားရော လူများပါ ဖြတ်ကူးလို့မရတာနဲ့ လားရှိုးမြို့ အဝင်လမ်းဘေးအိပ်၊ လမ်းဘေးစားပြီး (၂ဝ/၂၁.၈.၂ဝ၁၂) ရက်နေ့တွေကို ဖြတ်သန်းခဲ့ရပါတယ်။
အများနည်းတူ ကျွန်တော်လည်းပြည့်လျှံနေတဲ့ ချောင်းရေတွေကို ကမ်းစပ်ကနေ သက်ပြင်းတချချ ငေးကြည့်ရင်း ကဗျာလေးတစ်ပုဒ်က ကျွန်တော့်ရင်ထဲမှာ မွေးဖွားလာခဲ့ပါတော့တယ်။
လူတွေက
ရေတွေကို မမြင်ဖူးသလို ဝိုင်းကြည့်နေကြတယ် …။ကမ်းလုံးညွှတ်နေတဲ့
လူတွေ ကားတွေနဲ့ ငါနဲ့
လားရှိုးမြို့ကြီးနဲ့
ကိန္နရီ ကိန္နရာ ချောင်းခြားသလို
ကမ်းတဖက်စီခြား
အလွမ်းဇာတ်ကားရိုက်နေရတယ် …။
မနေ့တနေ့ကတော့
ယမ်းငွေ့တွေအူ
ကျည်ဆံတွေ ပလူပျံနေတဲ့ကြားက
သားတွဲလွဲ သမီးတွဲလွဲ
မိအိုဖအိုတွေ လက်ကိုဆွဲလို့
မျက်ရည်စက်လက်နဲ့ … အသက်လုပြေးလာခဲ့ရတဲ့
မနောမြေ တောထူထူထဲက
မနောဖြူတဲ့ ဒုက္ခသည် ပြည်သူတွေကို ကူညီဖို့
ငါတို့သွားခဲ့ကြတယ် … ။
“F.F.S.S (Ygn)”
“ကချင်ငြိမ်းချမ်းရေး ကွန်ယက်”
“ကလေးချစ်သူများကွန်ယက်” နဲ့
“အဖြူရောင်တွဲလက်များ ” ဆိုတဲ့
နှလုံးသားချင်းတူတဲ့ အဖြူရောင်ချိုး (ဂျိုး) ငှက်တွေ
ကရုဏာရှေ့ရှု့တဲ့
“မော်ဒန် … ကုမုဒြာ” မီဒီယာသမားတွေ
အမျိုးသမီးများအရေး ရတက်မအေးသော
“ရိန်းဖောအမျိုးသမီးများအဖွဲ့” က
တက်ကြွနိုးကြားတဲ့ နိုင်ငံရေးသမားတွေ
ကျောသား ရင်သား … ဘာသားမှမခွဲ
တောထဲတောင်ထဲအထိ
မပြယ်သေးတဲ့ ယမ်းငွေ့တွေကြားထဲအထိ
ရဲရဲဝံ့ဝံ့ … စွန့်စွန့်စားစား ငါတို့ပျံသန်းသွားခဲ့ကြတယ် … ။
သံလွင်ခက်တွေ အမြဲစိမ်းလန်းနေစေဖို့
ငါတို့တွေ (တတ်စွမ်းသမျှ) ကြိုးပမ်းခဲ့ကြတယ် … ။
အပြန်ခရီးတထောက်
လားရှိုးကိုအရောက်မှာတော့ …
စစ်ဘေးဒုက္ခသည်တွေဆီကအပြန်
ငါတို့ကိုယ်တိုင် ရေဘေးဒုက္ခခံရ
တစ်နေ့နဲ့ တစ်ညလုံးလုံး
လမ်းဘေးအိပ် လမ်းဘေးစားဘဝနဲ့
ပိုက်ဆံမပေးဘဲ ရထားတဲ့အချိန်တွေကို
ပိုက်ဆံပေးပြီး ဖြုန်းနေရ
တကယ့် အမှတ်တရပါပဲ
နေ့စွဲက … သြဂုတ်လ ၂ဝ/၂၁ ၊ ၈ ၊ ၂ဝ၁၂ ခုနှစ်။ ။
မိုးခြိမ်းညံ
(ဦးမြတ်ဆွေ)