ကဗျာ ကမာပုလဲ

နွေဦးအတု (Kama Pale)

ဒီနွေဦးဟာ
သူရူးတယောက်ရဲ့ ရာဇဝင်ပဲ …။

ရာဇဝင်ဆိုတော့
ဘုန်းတော်ဘွဲ့တွေ မှိုလိုပေါက်မယ် …။

ရာဇဝင်ဆိုတော့
အမိန့်တော်တွေ ချမှတ်မယ် …။

ရာဇဝင်ဆိုတော့
ဆောင်ကြာမြိုင် မှတ်တမ်းတွေ ရှိမယ် …။

ရာဇဝင်ဆိုတော့
နန်းတွင်းလုပ်ကြံမှုတွေကလည်း သွေးချောင်းစီးလို့ …။

ဒီနွေဦးဟာ
မင်းဆိုးမင်းညစ်တွေရဲ့ ကောက်ကြောင်းပန်းချီကား၊

ဒီနွေဦးဟာ
မျက်လှည့်ဆရာ လက်ထဲက ထမီစုတ်၊

ဒီနွေဦးဟာ
စုဖုရားက သီပေါကို ဆက်သနေတဲ့
ကွမ်းတယာ နဲ့ ဗျစ်ရည် တမုတ်။

ဒီနွေဦးဟာ
ကျွန်စော်နံနေတဲ့ အတ္တချစ်စိတ်၊

ဒီနွေဦးဟာ
ဗြောင်ကျလွန်းတဲ့ သရုပ်ပျက် သစ္စာဖောက်မှု။

ဒီနွေဦးဟာ
ရန်သူကို ကျေးဇူးရှင်အဖြစ်နဲ့
အိမ်ပေါ်တင် ပွဲတော်တည်စေတယ်၊

ဒီနွေဦးဟာ
ပြည်သူတွေရဲ့သွေးခင်းလမ်းပေါ်
ကတ္တီပါအုပ်လို့ လမ်းသလားနေတယ်၊

ဒီနွေဦးဟာ
လွတ်မြောက်ရေးကို
စိတ်ကူးယဉ် ဇာပန်းထိုးတယ် …။

ဒီနွေဦးဟာ
လူယုံသတ်ခံလိုက်ရတဲ့ တော်လှန်ရေး။

ဒီနွေဦးဟာ
သရဖူ အစုတ်တလုံးနဲ့
အစစ်အမှန်တွေကို ငြင်းပယ်
အကျင့်ပျက်ခြစားမှုနဲ့ မင်းမူတယ်။

ဒီနွေဦးကို
ယုံကြည် မျှော်လင့်နေခြင်းဖြင့် … ။ ။

ကမာပုလဲ

၂၂၀၈၂၀၁၂

(ကိုဦးမသန္တာဘလော့ဂ်က ဒီဇိုင်းကို ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts