ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၅) – Mar Mar Aye

မာမာအေး
သြဂုတ် ၁၉၊ ၂၀၁၂

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့တပါတ်ကျော်မှာတုန်းက ဥပဒေကိစ္စ ပြောချင်လို့ ပဒေသာဓါတ်ပြားကုမ္မဏီနဲ့ စာချုပ်ချုပ် အသံသွင်းဘို့လုပ်တဲ့အကြောင်းကို စထားပြီးသားမို့ ဆက်ပြောသွားရအောင်ပါနော်။

စာရွက်ရဲ့ နဖူးစီးမှာ နိုင်ငံတော်တံဆိပ်ခေါင်း ငါးကျပ်တန် ရိုက်ထါးတဲ့ စာရွက်မျိုး (၂) ရွက်မှာ၊ စာပိုဒ်တွေက အများကြီးဥစ္စာ၊ ဘာတွေလဲ မမှတ်မိပါဘူး၊ ကိုယ်ဘာလုပ်ပေးရမှာလဲ ဆိုတဲ့ အချက်တွေကိုဘဲ ခေါင်းထဲစွဲအောင် အကြမ်းမှတ်ထားလိုက်ပါတယ်။

အဲဒါတွေကတော့ ပဒေသာကုမ္မဏီက မာအေးကို ဓါတ်ပြားချပ်ရည်(၂၀)တာဝန်ယူ အသံသွင်းဖြန့်ချိပေးမယ်၊ ဓါတ်ပြား(၁)ချပ် (နှစ်မျက်နှာ)အတွက် အနုပညာကြေး(၅၀ိ/-) ပေးမယ်၊ ဓါတ်ပြားတခြမ်းစာဆိုရမယ့် သီချင်းနဲ့ စုံတွဲသီချင်းဆိုရင် တ၀က်ကြေး (၂၅ိ/-) သာ ပေးမှာဖြစ်တယ်။ ဒီဓါတ်ပြားအချပ်(၂၀)အတွက် ကျသင့်တဲ့အနုပညာကြေးကို ဓါတ်ပြား(၂၀)လုံး သွင်းဖြစ်သည်ဖြစ်စေ၊ ပြည့်အေါင် အသံမသွင်းနိုင်သည်ဖြစ်စေ၊ ပဒေသာကုမ္မဏီက ပေးမယ်ဆိုတာတွေက အဓိကပါဘဲ။
(၃)နှစ်စာချုပ်ချုပ်ခဲ့ရတာပါ။ ဒီစာချုပ်(၃)နှစ်အတွင်းမှာ မာအေး တခြား ဘယ်ကုမ္မဏီနဲ့မှ ဓါတ်ပြားသွင်းခွင့်မရှိပါဘူး။ မာအေးဖက်က ပျက်ကွက်မှုရှိရင် တရားဥပဒေအရ အရေးယူမယ်၊ ပေးလျော်ရမယ်လို့ သိရပါတယ်။

မာအေးက ဆယ့်လေးငါးနှစ်လောက် ရှိသေးတဲ့ ကလေးအရွယ်ပါ။ ဓါတ်ပြားကို စပြီးမြင်ဖူးလိုက်တဲ့အချိန်က ‘ငါ ဓါတ်ပြားအဆိုတော်လုပ်မယ်’ လို့ ဆုံးဖြတ်ထားတာ အေါင်ပြီ ဆိုပြီးတော့ ရင်ထဲမှာ ဘုရားပွဲလှည့်နေတာ။ ပျော်နေတာပေါ့ရှင့်။ ဓါတ်ပြားတချပ်ကို (၅၀ိ/-) တနှစ်ကို အပြား(၂၀) ဆိုတော့ ငွေတစ်ထောင်၊ သုံးနှစ်စာချုပ်ချုပ်တော့ ကျပ်သုံးထောင်ကြီးများတောင် ရမှာပါလား – ဟားဟား – တွက်ရေးနဲ့စက်သူဋ္ဌေးဖြစ်နေတာလေ။ ဒါဟာ တဖက်သတ်စာချုပ် ဖြစ်နေမယ် ဆိုတာလဲ မသိဘူး။ ကလေးသူငယ် (၁၈)နှစ် မပြည့်သေးတဲ့သူကိုလဲ ဒီလို စာချုပ်ပေချုပ်တွေ လုပ်လို့မရဘူး၊ တရားမ၀င်ဘူး ဆိုတာလဲ နားမလယ်ပါဘူး။ အူမြူးခဲ့တာ အမှန်ပါဘဲ။ ဓါတ်ပြားတွေသွင်းပေးနေခဲ့တာပါဘဲ။ အမိအဖကလဲ ရိုးသား၊ ဆွေမျိုးတွေကလဲ အေးအေးသမားတွေ ဆိုတော့ ဘာမှမသိ ဘာမှ မပြော၊ မာအေးသဘော – ပျော်နေရင်ပြီးရော ဆိုတာမျိုး ဘာစောဒကမှ မတက်တတ်ကြဘူး၊ ၀င်မပါကြပါဘူး။

မာအေးရဲ့ ဓါတ်ပြားသီချင်းဈေးကွက်ဟာ ရောင်းမလေါက်ထဲမှာပါရှင်။ သူများဓါတ်ပြား (၉ိ/-) ရောင်းဈေးမှာ ကိုယ့်ဓါတ်ပြားက (၁၂ိ/-) ဈေးတင်ထားတာပါ။
မာအေး အသံလွှင့်ထားတဲ့ “မောင်ရင်လေါင်းနဲ့ ကွမ်းတောင်ကိုင်” နဲ့ “သာချို” သီချင်းများဟာ ရိုးရာရှင်ပြုပွဲမှာ အချစ်အကြောင်းကလေးကိုပါ ရောစွက်ရေးသားထားတဲ့ တေးများဖြစ်လို့ လူကြိုက်များနေတဲ့အချိန်နဲ့ ကိုက်ညီနေတာမို့ ပဒေသာကုမ္မဏီက ဇါတ်လမ်းတွဲသဘောထုတ်ဖို့ စီစဉ်တဲ့အခါ ဂီတစာဆိုလင်းခေးလုင်က အဆိုတော်မြင့်မြင့်သန်းနဲ့ အသံလွှင့် ဆိုခိုင်းထားပြီးတဲ့ “သပြေတောရွာ” သီချင်းကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် သာချို(၃)ပြားတွဲဓါတ်ပြား ဖြစ်သွားရတာပါဘဲ။ တချပ်စီ ခွဲမရောင်းပါဘူး။ တတွဲကို (၁၅၀ိ/-) အထိ ဈေးတင်ရောင်းခဲ့ပါတယ်။ မမှီလိုက်သူတွေအတွက် နမူနာ နားထောင်ခိုင်းလိုက်ရဦးမယ်။ ကျေးလက်အလှူတို့ သဘာဝ ပျော်စရာကေါင်းတဲ့ မြန်မာ့ဓလေ့ကို တွေ့ပါလိမ့်မယ်။
‘သပြေတောရွာ’ ဆိုတာ ဦးလင်းခေး ဖန်တီးထားတဲ့ နေချင်စရာနေရာလေးပါဘဲ။

(သပြေတောရွာမှ)

ကျမတို့ သပြေတောရွာ၊ သာသာယာယာ နွေရာသီမှာ လှူကြတန်းကြတာ (ညအခါ) ၂ xx ဦးရေချမ်းရဲ့ အလှူမှာ၊ ကါလသါး ကါလသမီးတွေ၊ ကြော်ကြချက်ကြကါ၊ ပျော်ကြပျက်ကြတာ၊ ၀ိုင်းဖွဲ့စုံညီစွာ xx ကုမ္မာရီပျိုတသင်းတို့ အချင်းချင်း လှောင်ကြတာ ပြောင်ကြတာ (ဟိုချောင်ထဲမှာ)၂ xx တော်တော်ဘဲ ကဲတဲ့မောင်ပါ xx ဆေးတန်ကြီးလဲပြုတ်ကျဦးမယ်တော့ –

အလှူမှာ လာကူ လုပ်အားပေးကြတာ ရွာဓလေ့ပေါ့ရှင်။ ပျော်ပျော်ရွှင်ရွှင် တသွေးထဲလိုခင်လာကြတဲ့သူတွေချည်းမို့ မောင်ရင်လောင်း သာချိုနဲ့ ကွမ်းတောင်ကိုင်လေးညိုထွေးတို့ မေတ္တာဇါတ်ကြောင်းကိုလဲ ကေါင်းကေါင်းကြီးသိနေကြတော့ စောင်းမြောင်းကြည်စယ် ရွှဲတိုက်တဲ့ဆီ တွန်းတွန်းတိုက်တိုက် – ညိုထွေး မကြိုက်နိုင်တာ ရွေးဆိုစေတာမျိုးနဲ့ စလိုက်တာလဲ ခံစားကြည့်စေချင်ပါတယ်။

(မောင်ရင်လောင်းနဲ့ကွမ်းတောင်ကိုင်မှ)

သာသနာ့အမွေခံယူမနှေး … တစ်လတာဒီအရေး၊ ကြည်ကြည်ပေးပါ့လုံမကညာ … ရွှဲ (အလိုတော့) ရမ်းယောင်ကါ ကွမ်းတောင်လွတ်တော့ မလို ညိုထွေးခမျာ xx သာချိုမောင်ရင်လေါင်း မြင်းပေါ်က ငဲ့စောင်းပါလို့ ကြည့်ကါကြည့်ကါ၊ အဲဒီအခါမှာ ပြောဆိုရွတ်တာက “မတွယ်တာ ဆယ်ခါလွှတ်မှာ၊ တသက်လုံးဘဲ နေချင်နေ၊ ကျုပ်အပူ တပြားမှ မပါ” (သနားစရာ)၂ xx မြမျက်ရည်လည်မဆုံး ဗျုံးနိုင်ပေ့ ကိုရွှေဗျော xx တောနိုင်ပေ့ ကိုရွှေနှဲ …. ရွှဲသံကသာ * သပြေတောရွာ xx

နောက်ဆုံးဓါတ်ပြား “သာချို” သီချင်းမှာကျတော့ ရှင်လောင်းသာချိုဟာ အမိမဲ့ကလေးမို့ ရွာက သနားစာနာကြတဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။

ချစ်သူလေးကလဲ မောင်ရှင်လောင်းကို နောက်ဆံမတင်းပါနဲ့ မဖေါက်မပြန် သစ္စာနှံထားပါမယ်လို့ သူငယ်ချင်းတွေ မကြားတကြား ကြိတ်မှာတာလေးနဲ့ အဆုံးသတ်ထားပါတယ်။ ဒါကို တချို့ အကြောင်းမသိတဲ့သူတွေက အံ့သြစွာ မေးကြပါတယ်။ ရှင်လောင်းကလဲ ချစ်သူရည်းစားနဲ့ပါလား တဲ့။ တကယ်တော့ ရှေးက ကိုယ့်ရင်သွေးကို သင်္ဃန်းကေါင်းကေါင်းနိုင်တဲ့အရွယ် သင်္ဃန်းတောင်းတွေ ဘာတွေလဲ ပီပီသသ အလွတ် ရွတ်နိုင်တဲ့အရွယ်ကျမှ ရှင်ပြုပေးတာ များပါတယ်။ ဆယ့်လေးငါးနှစ် လူပျိုပေါက်ဆိုတော့ ရည်းစားသနာထားတတ်ပြီပေါ့ရှင်။ တောတွေမှာ မြေဇာဖြစ်ရတာလေးလဲ ဆရာလင်းခေးက ထည့်စပ်သေးတယ်ရှင့်။

* (သာချိုမှ)

မရှိတဲ့ကြား အမိမဲ့သား သနားစရာမို့ အများသဟာတို့ဖြေလဲမပြေပါ၊ ကြေကွဲနေရှာ xx ဒီနှစ်တော့ ကိုရေချမ်းရယ်၊ သားကလေးကိုသာ ရှင်ပြုရမယ်လို့၊ အားခဲရှာတဲ့ ဒေါ်ဒေါင်းခမျာ xx သားရှင်လောင်းကိုမှ မမြင်ရလေရှာ မြေဇာဖြစ်ရတာ xx


သာချိုဆံချပြီးတဲ့အခါ သင်္ဃန်းဆင်မြန်းအသွင်ဆန်းလာ xx သပိတ်ကိုပိုက် ကျောင်းကိုလိုက်၊ ကိုဟ၀ှါ နောက်ဆံမတင်းပါနဲ့၊ ပျိုကညာ ဖေါက်ပြန်မယွင်း ပါတဲ့ညိုထွေးကမှာ xx ဘေးနားက ပျိုတသင်း အတွေးများလို့ သူတို့ချင်း တို့ရင်းဆိတ်ရင်း ဗျာများနေကြတာ သပြေတောရွာ xx

 

 



ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

 


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts