သရော်စာ

“တကယ်လားဟင် တကယ်လားဟင်” (Gyaw Dee)

ဂျော်ဒီး၊ သြဂုတ် ၁၇၊ ၂၀၁၂

          ဂျီးဒေါ်တယောက် ကိုယ့် ဖာသာကိုတောင် မယုံချင် ။ငါ ဘယ်လိုလုပ်ပြီး ဒီလို ခန်းနားကြီးကျယ် တောက်ပပြောင်လက်  စက်စက်ယိုနေတဲ့  ခန်းမကြီးထဲကို ရောက်နေရပါလိမ့် ။ တခါမှမခြုံစဖူး  အိနြေ္ဒရရအသာချထားတဲ့  ပုဝါနှစ်စကလည်း လှချက်တော် ။နေပါဦး…အခုရောက်နေတဲ့ ခန်းမကြီးက… ဟိုရွာလူကြီးဆော်ကြမ်းရဲ့ မှုန်ရီေ၀၀ါး  ၀ါးတားတားသတင်းစာတွေထဲမှာ ခဏခဏတွေ့ဖူးတဲ့ ဂျီးဒေါ်တို့ မိုးမခရွာရဲ့ ရွာထောင်စု လွှတ်တော်ကြီးပါလား ။

အမယ် ငါ့ ဘေးနားမှာ ခေါင်းပေါင်းစ တလူလူ နဲ့  ။ဘယ်သူများလဲ မှတ်တယ်။ ဆိုက်ကားမာစတာ ကိုစာကလေး ပါလား။

“စာကလေး … တို့တွေ  ဒီအထဲကိုဘယ်လို လုပ်ရောက်နေရတာလဲဟဲ့ ။ဘာဝေမှာ တဲ့လဲ…”

လို့   ဂျီးဒေါ်က တိုးတိုးတိတ်တိတ် မေးမိတော့
            “ကျုပ်တို့က  မိုးမခရွာလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့  ရွာထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေလေ ဂျီးဒေါ်ကလည်း.။ ကျုပ်တို့က  အရင်လို သူများဝေတာ လှူတာတွေ စောင့်နေရတဲ့ ငမွဲတွေ မဟုတ်တော့ဘူးဗျ”
               ဆိုက်ကားမာစတာ စာကလေးက ဂျီးဒေါ့်ကို မသိရန်ကော၊ တုံးရန်ကောဆိုတဲ့ ပုံစံနဲ့ ပြန်ငေါက်တာခံလိုက်ရသေးတယ် ။

ပြောနေတုန်းမှာပဲ ခန်းမကြီးထဲကို   ရွာနောက်ခြမ်းက ဦးလေပန်းတယောက် ၀တ်ရုံမဲမဲ ကြီးကို ခြုံပြီး  ခေါင်းပေါင်းစကြီး တလူလူနဲ့ ၀င်လာပြန်တယ် ။ဘာတွေလဲဟ ။
         “ကလေးတွေကြည့်နေတဲ့   ဓါတ်ရှင်တွေထဲက  bat man ဆိုလား bad man ဆိုလား အဲဒီအကောင်ကြီးကျနေတာပဲ”  

လို့  နှုတ်က အလိုလို ရေရွတ်ရင်း စိတ်ထဲမှာ …

  “အမယ် ငါတောင် ဘိုလိုစကားလုံးတွေ ညှပ်ပြောတတ်နေပါလား ။အင်းလေ … စာကလေးပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာကြီးဖြစ်နေပြီ ဆိုတော့၊ ဒွတ်ဒက်ရွှတ်ရှက်တတ်ဖို့  သင်တန်းတွေတက်ခဲ့ရ၊  တိုဖယ်တွေ၊ ရှည်ဖယ်တွေဖြေခဲ့ ရတာလားမသိ”

လို့  ဇဝေဇ၀ါ တွေးမိသေးတယ် ။

“ဒုန်းးးးးး”    

အမယ်လေး … ကလူကလူ  … ငါ့လိပ်ပြာ ငါ့ဝမ်းထဲ ပြန်ဝင်စမ်း။ ဘာသံကြီးလဲ  လို့  ဟိုဟိုဒီဒီကြည့်တော့ အနီးကဆိုက်ကားမာစတာ စာကလေးက  

“မိုးမခရွာထောင်စု လွှတ်တော်ဥက္ကဌကြီး စကားပြောတော့မယ်ဆိုတဲ့သဘော ။သူ့ရှေ့မှာ ရွာထိပ် ပန်းပဲဖိုက အဓမ္မလုထားတဲ့  ခြောက်ပေါင်တူုကြီးနဲ့  ထုလိုက်တာဗျ”

လို့  လေသံတိုးတိုးလေးနဲ့  သတိပေးတယ် ။ရွာထောင်စု လွှတ်တော်ဥက္ကဌကြီး ဦးလေပန်းက  ညောင်နာနာလေသံလေးနဲ့  မခို့တရို့ပြောရှာတယ် ။

“ ဒီနေ့  ကျနော်တို့ မိုးမခ ရွာထောင်စု လွှတ်တော်ရဲ့ ရွာထောင်စုအဆင့်ကော်မတီ ဖြစ်တဲ့ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကော်မတီ”ကို ဖွဲ့စည်းပါမယ်။ ကော်မတီဥက္ကဌအဖြစ်  မိုးမခရွာရဲ့  သောင်းပြောင်းထွေလာမဲဆန္ဒနယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကြီး ဂျီးဒေါ် ကို တာဝန်ပေးအပ်လိုက်ပါတယ်။”

“ဖြောင်း ဖြောင်း…ဖျောက် ဖျောက် ဖြောင်း ဖြောင်း ဖျောက် ဖျောက်”

(လက်ခုပ်သံ များထဲမှ ဖျောက် ဖျောက် သံကား….အိပ်ငိုက်ရင်း က သမ်းကာ ၀ါးတီးလိုက်ရသော အသံ)

“ ဟိုက် ငါကဘယ်လိုလုပ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကော်မတီ ဥက္ကဌ ဖြစ်ရပြန်တာပါလိမ့် ”  လို့  အလန့်တကြားရေရွတ်မိတော့  ဂျီးဒေါ်နံဘေးက  ဆိုက်ကားမာစတာ စာကလေးက

“ဂျီးဒေါ်ပဲ  တချိန်လုံးကန်စွန်းရွက်ရေလုံပြုတ်ပဲ  စားနေရတဲ့ဘ၀က လွတ်ချင်တယ်၊ လွတ်ချင်တယ်နဲ့ ကြွေးကြော်နေတာကိုးဗျ။ အခု ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကော်မတီ ဥက္ကဌကြီး တာဝန်ပေးအပ်ခံရတာ ကိုယ့်ကြွေးကြော်သံနဲ့ ကိုက်တာပေါ့ ဗျာ။ နောက်ပြီး ဂျီးဒေါ်က ကျနော်တို့  ဆင်းရဲသားတွေကို တကယ်ကိုယ်ချင်းစာနိုင်တဲ့ဘ၀တူ ။နောက်ပြီး ဆင်းရဲနွမ်းပါးမှုကိုတကယ် လျှော့ ချချင်စိတ်ရှိတဲ့သူဆိုတော့ အတိုင်းထက်အလွန်၊ တံခွန်ကုက္ကားပေါ့ဗျာ”

  ထိုစဉ် အအေးမိနေသော ကြောင်နာကလေးအသံနှင့် ဦးလေပန်းက  ဆက်လက် ကြေညာပြန်သည်။

“ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကော်မတီ  အတွင်း ရေးမှူးအဖြစ်…ဆိုက်ကားမာစတာ ကိုစာကလေး၊ အဖွဲ့ဝင်များအဖြစ် ကန်စွန်းရွက်သည် ဒေါ်ဆိတ်မ။ ခ၀ါသယ်ဒေါ်ဆောင်း၊ ဗေဒထိပ်သီး
ဆြာရစ်ကြီး… ။ ရွာဆော်လေး ဖိုးထက် ။ ရွာရဲ့အမျိုးသမီးဒီမိုကရေစီအဖွဲ့ဝင် အဒေါ်တူမယ်ညို ….။ အူနှိပ်သည် ဒေါ်စောငို၊ လက်တွန်းလှည်းဆရာ ကူမိုးကြိုး ။ကွက်စိပ်ဆရာ ဦးဇာနည်ဝင်း….”
               “ဟယ်…တို့လက်လုပ်လက်စား ဘော်ဒါတွေတသီကြီး ကော်မတီဝင်တွေဖြစ်နေပါလား ။ ၀မ်းသာစရာကြီး။ တို့ ဆင်းရဲသားတွေလောက် ဆင်းရဲနွမ်းပါးမှု ပပျောက်စေချင်တာ ဘယ်သူရှိမတုံး။ အခွင်အရေးရတုံး ကြိုးစားကြမယ်ဟေ့”

ဂျီးဒေါ်က   အားတက်သရော ကြွေးကြော်မိလေသည် ။နိ့ …  ကိုယ့်မိုးမခရွာက ငမွဲဘော်ဒါတွေချည်းကိုး …။ အားရှိသွားတာပေါ့။  ဂျီးဒေါ်တို့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကော်မတီ တဖွဲ့လုံး ၀မ်းသာအားရ ကြွက်စိကြွက်စိလုပ်နေရာ အနီးအပါးက “တမတ်တန်း”တွင် အိပ်ငိုက်နေသော ရွာထောင်စုလွှတ်တော်  တမတ်သားအစုအဖွဲ့ မှ လွှတ်တော်အမတ်ကြီး တယောက်မှာ လန့် နိုး သွားလေသည် ။ ပါးစောင်မှာစီးကျနေသော သွားရေစီးကြောင်းကို အစိမ်းရောင်အင်္ကျီလက်မောင်းနှင်ပွတ်သုတ်လိုက်ရင်း

 “ဒီအဆိုကို ကန့်ကွက်ပါတယ်။ကန့်ကွက်ပါတယ်”  ဟု  အသံနက်ကြီးနှင့် ကယောင်ကတန်း ထအော်လေရာ ရွာထောင်စုလွှတ်တော်ဥက္ကဌကြီး ဦးလေပန်းတယောက်   သူ့ တွင်ရှိသော အမြီး ၂ခွ အနက် ကျွဲမြီးရောနွားမြီးရော တိုသွားကာ စားပွဲပေါ်မှခြောက်ပေါင်တူကြီးကို  

“ ဒုန်း”

ခနဲထုလိုက်ရင်း

“မိုးမခရွာထောင်စုလွှတ်တော်ဥက္ကဌ ကိုယ်တိုင် တာဝန်ပေးအပ်ထားတဲ့ ကော်မတီကို ကန့်ကွက်ရင် ကဖျက်ယဖျက်တွေလုပ်နေရင် မိုးမခရွာသမ္မတကြီးဆီ တိုင်ရမယ်။ ကိုယ့်သဘောနဲ့ ကိုယ် နှုတ်ထွက်မလား ။”
        တမတ်သားအစုအဖွဲ့မှ ကိုယ်စားလှယ်ကြီးမှာ အိပ်ချင်မူးတူးလေသံကြီးဖြင့်  ဂျီးဒေါ်တို့လူသိုက်ကို လက်ညှိုးထိုးကာ  

“သူတို့  အဆိုတင်တာမှတ်လို့  ကန့်ကွက်မိတာပါ။ ….၀ါးးးး ။ ကျနော်ပိုင်ဆိုင်တာဆိုလို့  အိမ်ကဟာကြီးပဲ ရှိပါတယ်။ ဟိုဟို ဒီဒီ ကုမ္မဏီ ကုမ်ပနက် လုပ်ကွက်တွေက သားသမီးတွေပိုင်တာပါ ။ဟို လယ်မြေဧက ထောင်ချီတွေကတော့  လယ်သမားတွေဆီက မတရားသိမ်းထားတာပါ ။အခု ပြန်ပေးတော့မှာက အရှုံးပေါ်နေလို့ပါ…။အဲလေ လယ်သမားတွေအကျိုးကို ရှေးရော နောက်ရော ရှူလို့ပါ … ၀ါးးးးးဟားးးးးး”  

ဟုသမ်းဝေရင်း  ကယောင်ကတန်း ပြောမိပြောရာ ပြောရှာလေ၏။

ထိုစဉ်ရွာ လူကြီး ဆော်ကြမ်းတယောက် ခေါင်းပေါင်းစကလေး  ငေါက်တောက်ငေါက် တောက်နှင့် ထကာ

 “ကျနော်ကိုယ်တိုင် တီထွင်ဖန်တီးစီရင် မပြီးသေးသော  ကလီကမာ မီဒီယာဥပဒေကြီးကို မိုးမခရွာထောင်စုလွှတ်တော်ကြီးဆီ  မတင်ပြနိုင်သေးမီ… အပုတ်နံ့  တလှိုင်လှိုင်  စာပေကင်ပေတိုင်အဖွဲ့ကို မလိမ့်တပတ်နဲ့  ဖျက်သိမ်းမယောင်ယောင်ပြုပြီး    အမြုံသေ စာနယ်ဇင်းကော်မတီရယ်လို့   အစားထိုးပြောင်းဖွဲ့ မယ့်အကြံကို ဆော်လဘန်ဝိုင်းတေကြပါတယ် ။ဒါ့ ကြောင့်   အမြုံသေစာနယ်ဇင်းကော်မတီကို လက်မခံဘူးဆိုရင် စာပေကင်ပေတိုင်ကို ဆက်ထားမယ့် အဆိုကို ဒီလွှတ်တော်ကိုတင်ပါတယ်.။လွှတ်တော်မှ ဆုံးဖြတ်ပေးပါရန်ပန်ကြားပါတယ်”

  “ကန့် ကွက် ပါတယ် ”

“ကန့် ….ဂွက်…ပါ ဒယ်”  

“ ကုလားကြီးလဲ မလိုချင်ဘူး ။အရာကြီးလဲ မလိုချင်ဘူး။ လုံးးးးးးး ၀ ကန့် ကွက်ပါတယ်”  

မိုးမခ ရွာထောင်စု လွှတ်တော်ခန်းမကြီးတခုလုံး ကန့်ကွက်သံများ ပွက်လောရိုက်သွားသည်။ ကြည်လိုက်တော့ အမယ် … ခေါင်းပေါင်းစတလူလူနဲ့ သာဂိတို့ “တင်မယ်တကဲကဲ
မီဒီယာဂဒု”က  မီဒီယာလောကသားတွေကိုး။  လွှတ်တော်ထဲ သတင်းယူဖို့  ရောက်နေတာမဟုတ်ပဲ သူတို့ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတာကိုး ။ရွာလူကြီးဆော်ကြမ်းက  စန္ဒမုခိ bဘီလူးမကြီး၏ မျက်ထောင့် နီကြီးမျိုးဖြင့် မီဒီယာလွှတ်တော်ကိုယ်စားလှယ်များကို  ကြည့်ကာ  အမဲသားတွဲကိုဆွဲတော့မည့်  သရဲပြိတ္တာကြီးကဲ့သို့ ကြိမ်းဝါးလိုက်လေသည် ။

“ဒင်းတို့ဂျာနယ်တွေကို  ရာသက်ပန် ပိတ်ပစ်လိုက်ရနော် ဟင်းးးးး”

ရွာလူကြီး ဆော်ကြမ်းနောက်တွင်  ရပ်နေရရှာသော ၀ါရင့် သတင်းစာဆရာကြီး ဦးမောင်ဝံသာနုကား…မျက်စိမျက်နှာ မကောင်းလှပေ ။ပြည်သူ့ခေတ်အတွက် အဲလေ  ပြည်သူ့အတွက်မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ရရေး သယ်ပိုးဖို့ကြိုးစားရင်း၊ ဖွားဇာတာအလိုအရ  ငရုပ်သီးနဲ့  တွဲထောင်းခံရတဲ့ ကြက်သွန်ဘ၀ မကြာခဏရောက်ရောက်နေရလို့ စိတ်ထဲမှာကလိကလိ။ ရှေမှာ ပိတ်ရပ်နေသော လူပုသလောက် ကတိမတည် ပလီပလာ ကူလီကူမာနိုင်လှသော
ရွာလူကြီး ဆော်ကြမ်းကိုသာ ရော်နယ်ဒိုကစ်နဲ့  ကျုံးကစ်ပစ်လိုက်ချင်ဟန်ရှိနေသည် ။

သာဂိတို့  မီဒီယာအမတ်များကား  ရွာလူကြီးဆော်ကြမ်း သရဲကြိမ်းကြိမ်းသည်ကို  မှင်စာလေးရောင်နီပမာ  မခန့်လေးစားစွာ သဘောထားကြအပြီး  

“ကန့် ကွက်ပါတယ်”  

ဟူသော အသံကြီးကို  ပြိုင်တူမြည်ဟီးလိုက်လေရာ ရှေးရှေးမဆွက အလွန်တရာတိတ်ဆိတ်ခြောက်သွေ့၊ အိပ်မွေ့ချရာ   မိုးမခရွာထောင်စုလွှတ်တော်မဟာကြီး အတွင်းမှ  အမတ်မင်းအချို့သည် အိပ်မက်ကမ္ဘာမှ နိုးထကာ တသမ်းတ၀ါး ထောက်ခံကြ ပြန်လေသည်။

”ထောက်ခံပါတယ်၊ ထောက်ခံပါတယ်။ သူတို့ကန့်ကွက်တာကို ထောက်ခံပါတယ်”

အနှီကဲ့သို့   ရှေးကနှင့်မတူ သက်ဝင်လှုပ်ရှား စည်ကားလာသောလွှတ်တော်ကြီးရဲ့  တိုးတက်မှု အခြေအနေအ၀၀ကို ကမ္ဘာက သိမြင်ရင်တော့ ပိတ်ထားတဲ့ တံခါးတွေဖွင့်ပြီး  ငါ့ သားလေးနံမယ်နဲ့ လုပ်ထားတဲ့ ငါ့စီးပွါးရေးလုပ်ကွက်တွေ  အသက်ဝင်ရချည့်ရဲ့လို့  တဆက်တသီကြီးတွေးကာ ဥက္ကဌ ဦးလေပန်းတယောက်   ကျေနပ်ပီတိတဝေေ၀ရှိနေလေသည်။စိတ်ထဲမှလည်း  စွာကျယ်စွာကျယ် ဂျပုဆော်ကြမ်း တယောက် သူပိုင်သတင်းစာတွေထဲကနေ    လွှတ်တော်ကလက်နဲ့ ရေးတာတွေကို ခြေနဲလိုက်ဖျက်နေပြီး  ပမာမခန့်လုပ်နေတာတွေ ကလဲ့စားချေပြီးသား  ရပြီဟဲ့လို့ ကျေနပ်တွေး တွေးရင်း

“နောက်ဆုံးပေါ်  အသံနဲ့ မဲခွဲတဲ့စနစ်အရ ရွာလူကြီးဆော်ကြမ်းရဲ့အဆိုရော အခြောက်ပါ ရှုံးနိမ့် သွားပါပြီခင်ဗျား ”

ဟု ညောင်နာနာမအောင်မမာ ကြေညာလိုက်လေသည်။ တဆက်တည်း

“ဒီကနေ့အတွက် မိုးမခရွာထောင်စုလွှတ်တော် အစည်းအဝေးကို ဒီမှာ ခေတ္တရပ်နားပါမယ် ဒုန်း … ”

ဟုကြေညာပြီး သကာလ  လင်းနို့လူသားဝတ်ရုံ မဲမဲကြီး တလွှားလွှားနှင့် ခန့်ညားစွာ လမ်းလျှောက်လာရင်း ဂျီးဒေါ်တို့အနီးသို့အရောက်တွင်  လစန္ဒာကဲ့သို့သော  ချိုင့်ခွက်ပေါသော မျက်နှာကြီးကို ကကတစ် ပြုံးလေးဆင်လိုက်ကာ   “ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကော်မတီဥက္ကဌကြီးရဲ့ အရည်အချင်းကို ပြသဖို့အခွင့်ကောင်း ရပါပြီ။ လိုအပ်တာများ ရှိရင် ပြောပါခင်ဗျာ ’’

ဟု ထူးဆန်းစွာ အူလိုက်လေ၏ အဲလေ ဖော်ရွေလေ၏။

ဂျီးဒေါ်တို့လူသိုက်ကား  ရလာတဲ့အခွင့်ထူးကို  အသုံးချကာ  ဘ၀တူ ဆင်းရဲသားလူထုတရပ်လုံးအကျိုးကို မျှော်ရည်ပြီး တယောက်တချက် အလုအယက် တောင်းဆိုကြလေသည်။

“ကျနော်တို့  ဆင်းရဲသားတွေဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်ဖို့အတွက်  အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပါ”

“ကျမတို့  သက်ကြီးရွယ်အို တွေကို နိုင်ငံတော်က  ဘယ်လို စောင့် ရှောက်မှုတွေ ပေးနိုင်မလဲ”

“ ဆင်းရဲသားတွေအတွက် အရင်းအနှီးရရှိအောင် အတိုးနှုန်းသက်သက်သာသာနဲ့   ငွေ … ချေး … ချေး …”

“ဟိုးးးးး ဒါတွေ အရမ်းတောင်းဆိုနေစရာ မလိုပါဘူး။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကော်မတီအနေနဲ့  ဆင်းရဲသားတွေ ဆင်းရဲငတ်ပြတ်ပြီး အသက်တိုရင် ဆင်းရဲနွမ်းပါးမှုလျှော့ချပြီးသား ဖြစ်မှာပါ။ ဒီလျှော့ချနှုန်းကို ဂျီးဒေါ်တို့အနေနဲ့ ထိန်းညှိစောင့်ကြပ်  မတ်တပ်ရပ်ကြည့်နေရင် ရပါပြီ။ သွားမယ်နော် ”

ပြောပြောဆိုဆို   ဦးလေပန်းတယောက် ၀တ်ရုံမဲမဲကြီး တဖားဖားနှင့် ဟယ်ရီပေါ်တာ ဇာတ်ကားမှ စုန်းအိုကြီးလို  ပျံတက်ပျောက်ကွယ်သွားလေသည်။
             ဂျီးဒေါ်တို့တသိုက်ကား  ရှေ့ ဆက်ရမည့် လွှတ်တော်ခရီးကြမ်းတွင် လှိုင်းကြီးလှေအောက်ရောက်ဖို့  အတော်ကလေးကြိုးပမ်းရမည်ဟု သဘောပိုက်မိပြီးကာ အသီးသီး ကီသွင်းခတ်ကွင်းပြင်ကြစို့လို့  တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြရင်း  မိုးမခရွာထောင်စု “လွှတ်တော်တွင်း”မှ  “လွှတ်တော်ပြင်ပ”သို့  ထွက်ခွါလာကြသည်။
           လွှတ်တော်ပြင်ပတွင်ကား ပြီးခဲ့လေသော ကမ္ဘာကျော် “နေ့နိုင်ညရှုံး”  ၂၁၀၀ မဲခိုးပွဲကြီးတွင် ၀င်ရောက် အရွေးခံပြီး ခွက်ခွက်လန်အောင်  ခွေးရှုံးဝက်ရှုံးခဲ့ကြရှာသည့် ဒီမိုကရေစီ ကစဥ့်ကလျားအင်အားစု တပ်ပေါင်းစုပါတီများမှ  ခေါင်းဆောင်ကြီးများကို ရွစိရွစိ ကွိကွိကွကွနှင့် တွေ့ လိုက်ရလေသည်။

သူတို့  လက်ထဲတွင် စုတ်ပြတ်ပေကျံ နေသော ခွက်စုတ်ကလေးများကို ကိုင်ရင်း

“ခင်ဗျားတို့ချည်း လွှတ်တော်ထဲဝင်နေကြတာ မကျေနပ်ဘူးဗျ။ ကျုပ်တို့လဲ အချိုးကျစနစ်နဲ့  လွှတ်တော်ထဲဝင်ချင်တယ်။ ကျုပ်တို့ကို အချိုးကျစနစ်နဲ့ အချောင်မဲလေး  စွန့် ကြဲကြပါခင်ညာ”  

ဟုသနားစရာ… တစာစာ တကျီကျီ တောင်းစားနေကြရှာလေသည်။

မီဒီယာမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကြီး သာဂိကား စိတ်ချဉ်ပေါက်စွာဖြင့် 

“  ဘာအချိုးကျမဲနဲ့ အချောင်လိုချင်နေတာလဲ။ မဲလိုချင်ရင်  ကိုယ့်ပါတီကို အချိုးကျအောင် တည်ဆောက်။ ပြည်သူ့ဆီက မဲကို တရားသဖြင့်ရအောင် ယူပေါ့ဗျ”  

ဟု ဟောက်လိုက်သည်။

ဂျီးဒေါ်ကား  အမျိုးသမီး ဖြစ်သည်ကတကြောင်း အဖွါးကြီးဖြစ်သည်က တကြောင်း  တစာစာတောင်းဆိုနေရှာသော   ဒီမိုကရေစီကစဥ့်ကလျားပါတီများမှ ခေါင်းဆောင်ကြီးများကို သနားကရုဏာသက်လှသည်ဖြစ်ရာ တိုးတိုးလေး ကပ်ကာ အကြံပေးလမ်းညွှန်လိုက်လေသည်။

“ အချိုးကျ စနစ် နဲ့  မဲရချင်ရင်  ဟိုးက တမတ်သားအုပ်စုက ဘောင်းဘီစိမ်းစိမ်းကြီးတွေ ဆီကိုသွား၊ နည်းနာလေး ဘာလေးတောင်း ။သူတို့ဆီက  မဲကြွင်းမဲကျန်၊ မဲအနံအဆော်လေးတွေ  မျှကိုက်ကြပေါ့ကွယ်”

“ကိန် ကိန် ကိန်”
       ( ဒီအဖြစ်အပျက်တွေက  တကယ်လား၊ တကယ်လား … ဟင်။ အင်းးးး ဇာတ်ကို ဘယ်လိုသိမ်းရ ပါ့  ။ ဂျီးဒေါ်အိပ်မက်က လန့်နိုးလိုက်ရမလား ဟင်။ ရှုပ်ပါတယ် ကွာ။ စာတမ်းထိုးလိုက်မယ်။)

(ပြီးပါပြီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts