ကဗျာ မောင်စွမ်းရည်

အနုမြူဗုံး ပိတ်ပစ်ပါ (Maung Swan Yi)

အနုမြူဗုံး ပိတ်ပစ်ပါ
မောင်စွမ်းရည်၊ သြဂုတ် ၁၅၊ ၂၀၁၂
“အနုမြူဗုံး ပိတ်ပစ်ပါ။
စစ်ကို မလိုပါ၊ စစ်ကို မလိုပါ
ငြိမ်းချမ်းရေးသာ၊ ငြိမ်းချမ်းရေးသာ
ပေးသာ ပေးကြပါ” တဲ့။
တခါတုန်းက
ငါတို့ ငယ်စဉ် သီချင်းသင်ခဲ့
ရဲဘော်မြတ်လေး သီချင်းရေးလို့
ရဲဘော်မာမာအေး တေးသီကြွေးခဲ့
ဘကြီးမှိုင်းနဲ့ လူတိုင်းတူယှဉ်
မိုးစွန်တမွတ် ချိုးဖြူလွှတ်လို့
လွတ်လပ်ခွင့်ရေး၊ ငြိမ်းချမ်းတေးကို
သီကြွေးသံပြိုင်၊ မိုးယံတိုင်ခဲ့
နိုင်ငံ သိမ့်သိမ့် တုန်ဖူးပြီ။
အို မျိုးဆက်သစ်တို့
မျိုးဆက်သစ်တို့ ချိုးဖျက်ရစ်သူ
စစ်ပျိုးသူပဲ
“ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”
စစ်ဖန်တီးသူ၊ ကျူးကျော်သူကို
စစ်ဖန်တီးသူ၊ ဖိနှိပ်သူကို
စစ်ဖန်တီးသူ၊ ဘယ်သူမဆို
စစ်ပျိုးတဲ့ခေတ်၊ ဘယ်ခေတ်မဆို
လူကို လူက မသတ်ရအောင်
လူက လူကို ရန်မမူအောင်
လူကို လူက ကာကွယ်ကြစို့
ငြိမ်းချမ်းရေးတွက် လက်ချင်းဆက်စို
ချိုးငှက်သိန်းသန်း မိုးယံလွှမ်း
ယမ်းခိုး ကင်းစင်ပါစေသတည်း။
၂၀၁၁။ စက်တင်ဘာ ၉
(မြန်မာပြည်က ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ထပ်မံအလေးဂရုပြုတဲ့ အနေနဲ့ ဖော်ပြပါတယ်)
ပန်းချီ မင်းကျော်ခိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts