ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၄) – Mar Mar Aye


မာမာအေး
သြဂုတ် ၁၁၊ ၂၀၁၂

 

“ပြန်လည်ဆုံတွေ့ကြရာဝယ်၊ အမှန်တကယ် ဘုံဓလေ့ဘ၀မှာကွယ်၊ သံသရာတကွေ့ တွေ့ကြပြန်ရာဝယ်”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပတ်ကဘဲ မာအေးပြောပြချင်တဲ့ ဂီတဥပဒေ၊ ဂီတမူပိုင်ခွင့် ဆိုတာတွေအကြောင်းဆီကို မရောက်မရှိဖြစ်ရအောင်၊ သက်တန့်ပေါ်မှာ ကစားမယ်အရွယ်က အလုပ်စာချုပ်မှာ လက်မှတ်ထိုးရပုံကို ပြောလို့တောင် မကုန်သေးဘဲ ခဏလေး တေးထားရဘို့အကြောင်း ပေါ်လာလို့ပါရှင်။

တကယ်ပါဘဲ အခု မေလ ၉ ရက်ကနေ ၁၇ ရက်နေ့အတွင်းမှာ မာအေး လော့(စ)အိန်ဂျလိ(စ)ကို သွားခဲ့ပြီး ဘုရားထီးတင် ကုသိုလ်ဝင်ခဲ့တာကိုတောင် ဥပဒေအကြောင်း ပြောဖို့ ဖေါက်ထားတဲ့လမ်း၊ ကွာလှန်းသွားမှာစိုးလို့ သောတရှင်တို့ကို ပြန်ဖေါက်သည်မချသေးဘဲ ခေါက်ထားခဲ့၊ ဥပဒေအကြောင်းဆီ တည့်တည့်ချီ ဦးတည်ထားကါမှ၊ နည်းနည်းလေး ရှေ့ကျတဲ့ ဂန္တ၀င်တေးတပုဒ် “သံသရာတကွေ့ဝယ်” သီချင်းရဲ့ မူလတေးသံရှင် “ကိုတင်ထွဋ်” ကိစ္စနဲ့ လွမ်းစရာလေးတွေ ဖြစ်လာပြီ ဆိုတော့ သူ့အကြောင်းလေးဖြတ်ပြောပေးရတော့မပေါ့။

ချစ်ဆွေတို့လဲ မာအေးအကြောင်း အတော်အတန် သိနေပြီဘဲ၊ ကိုယ့်အပေါင်းအသင်း ဘယ်လောက်ရင်းရင်း၊ သင်းနောက်က မိဘညာတကါ ဘယ်အရပ်ကပါ – မမေးပါဘူး၊ ခုလဲ ထုံးစံအတိုင်းဘဲလေ အကိုတင်ထွဋ်တယောက် ဘယ်တုန်းက အမေရိကရောက်နေသလဲ ဆိုတာကို နှစ်ခါသုံးခါ ဆုံခဲ့ပေမဲ့ မမေးခဲ့ဘူး၊ အခု သူမရှိတော့ဘူး တဲ့၊ ဘယ်သူ့ကို မေးရပ့ါမလဲ … ကဲလေ အလွမ်းပြေ ကိုယ်သိတာလောက် ပြောရတာပေါ့နော်။

အဆိုတော် ကိုတင်ထွဋ်ကို မာအေး ဆယ့်လေးငါးနှစ် အရွယ်ထဲက တွေ့ခဲ့ခင်ခဲ့ရတာပါ။ လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်ကြီးရဲ့ ခြေရင်းမကျတကျ၊ ထရန်စပို့လင်း လို့ ခေါ်ခဲ့ကြတဲ့ လမ်းကလေး ဗဟန်းစောင်းတန်းဘေး တောင်ဖက်ခြမ်းက ကိုယ်ပိုင်တိုက်ဇရပ်ကြီးတတိုက်ပေါ်မှာ စတွေ့ရတာပါရှင်။ သူတင်မက သူတို့ညီအကိုတသိုက်လဲ ပါပါတယ်။

“အသဲစကါး” သီချင်းနဲ့ အောင်မြင်နေတဲ့ “ကိုစိန်ဝင်း” နဲ့ “ကြယ်ပွင့်လေးများ မချစ်ဝံ့ပြီ” သီချင်းနဲ့ ကျော်ကြားတဲ့ ပျဉ်းမနားကိုမြင့်က ညီအကိုတော်တွေပါ၊ ၀မ်းကွဲတွေပေါ့။ ကိုစိန်ဝင်းရဲ့ ကြီးကြီးဆင့် အရိပ်မှာ ခိုဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားကြီးတွေဘ၀မှာ ဂီတ၀ါသနာတူ စန္ဒရားကိုလှထွတ်နဲ့လဲအတူတွဲ အတူနေဖြစ်နေတာကြောင့် အကိုလှထွတ်ဆီမှာ သီချင်းသွားတက်တဲ့ မာအေးနဲ့ပါ မောင်နှမညီအကိုတစုလို နေခဲ့ကြတာပါဘဲရှင်။ သူတို့အားလုံး မာအေးထက်ကြီးတာကြောင့် အကိုစိန်ဝင်း၊ အကိုတင်ထွဋ်၊ အကိုလှထွတ်လို့ ခေါ်ခဲ့ပါတယ်။ ပျဉ်းမနားကိုမြင့်ကျတော့ အကိုမြင့်လို့ မခေါ်ဖြစ်ဖူးရှင့်။ ကိုမြင့်ဘဲ ခေါ်မိခဲ့တယ်။ သူက ပိုပျော်တတ်လို့ ထင်ပါရဲ့၊ အဲ သူတို့ဦးလေး ဆိုတဲ့ “ကိုခင်လတ်”လဲ တွေ့ပါတယ်။ သူက ဓါတ်ပြားတွေအများကြီးဆိုခဲ့တဲ့ အဆိုတော်ကြီးဖြစ်ပါတယ်။ အသား မလတ်တလတ် အရပ်က ပိန်ရှည်ရှည်မို့ ဂီတလောကမှာ “ဒေါက်ကြီး” လို့ ခေါ်ကြတော့ မာအေးလဲ အကိုဒေါက်ကြီးလို့ ခေါ်လိုက်တာပေါ့။

ကိုတင်ထွဋ်ဟာ သူတို့ထဲမှာ စကါးအနည်းဆုံးနဲ့ နုတ်ခမ်းစေ့ပြီး ပြုံးတဲ့အပြုံးမျိုး အမြဲ ဆင်ထားတဲ့မျက်နှာပိုင်ရှင်ပါ။ စင်ပေါ်မှာသီချင်းဆိုတဲ့အခါ မျက်လုံးကို အပေါ်လှန်ကြည့်နေသလို မျက်နှာကို မော့ထားတတ်ပါတယ်။ အရှက်ကြီးတာကတော့ သိတ်သေချာတာဘဲ။ သူ့အကြောင်း တစွန်းတစ မသိရအောင် မာအေးတို့လို ငပြောင်ငလှောင်တွေကြား နေသွားခဲ့နိုင်တာသာကြည့်တော့။

မာအေးတို့ဂီတလောကမှာ တင်ထွဋ်က နှစ်ယောက်ရှင့်။ နောက်တင်ထွဋ်က မာအေးသူငယ်ချင်း အဆိုတော် ကိုကြည်တိုးရဲ့ အကိုကြီးပါ။ အဲဒီတယောက်က စန္ဒရားဆရာ၊ သီချင်းရေးဆရာ၊ တက္ကသိုလ်ဖန်ရှင်တွေမှာလဲ တက်တတ်တာမို့ မကြာခဏမှားတတ်ခဲ့ကြပါတယ်။

ကိုတင်ထွဋ်ရဲ့ သီချင်းတွေအားလုံး နာမည်ကြီးပါတယ်။ “ချစ်ရေးဖြင့်ဘယ်မပိုင်”၊ “မောတို့ကမ္ဘောဇ”၊ “သစ္စာပွင့်ပန်းလန်းရာမြေ” နဲ့ “သံသရာတကွေ့ဝယ်” တို့ကို လူသိများပါတယ်။ ကိုလှထွတ်နဲ့သူတို့ညီအကိုတွေ “သီရိထံတျာ” အပျော်ထမ်းအဖွဲ့ ထောင်ပြီး အသံလွှင့်ကြပါတယ်။ အကိုလှထွတ် မန္တလေးတက္ကသိုလ်မှာ ပြောင်းသွား ကျောင်းတက်တဲ့အခါ မာအေးလဲ သူတို့ဆီ မရောက်တော့ပါဘူး။ အကိုတင်ထွဋ်ဟာလဲ ကျောင်းပြီးတာနဲ့ နိုင်ငံအပြင်ထွက်တယ်လို့ဘဲ ကြားခဲ့ရတာပါ။ အမေရိကန်ကို ရောက်မှ သူ့ကို LA မှာ ပြန်တွေ့ရပါတယ်။ ရောက်တာမကြာသေးဘူး ဆိုတာလေါက်ပဲ သိရတာပါ။ ဒီကြားမှာ အိမ်ထောင်ပြုသေးလား၊ ဘာလားတောင် ပြောသွားတာ မဟုတ်ပါဘူး။ သူ့မှာလဲ နှလုံးရောဂါရှိတယ်လို့ ပြောဖြစ်ပါတယ်။ လူက ဒါလေါက်ကြီးကျမသွားသေးပါဘူး။ LA ကို မာအေးသွားရင် သီချင်းဆိုဘို့ကူဘို့မို့လား၊ သူရောက်လာခဲ့တာ တွေ့ရင် မာအေးက ဇွတ်ဆွဲတင်တာ၊ ဆိုခိုင်းခဲ့တာပါ။ မာအေးနှိပ်စက်တာနဲ့ ခမျာ နှစ်ခါလားမသိ ဆိုပြခဲ့ရှာသေးတယ်။

ခုတော့ ရွှေမရှိ မျိုးမရှိ အသိအိမ်မှာ သွားရင်းလည်ပတ်ရင်းနဲ့ အိပ်ခဲ့တာ အကေါင်းသားပါ၊ အဲဒီမိတ်ဆွေအိမ်မှာ ခါတိုင်းလဲ လာလည်ရင်း အိပ်တတ်တယ် ထင်ပါရဲ့၊ ပုံမှန်ဆို ကိုတင်ထွဋ်က မနက် ၆ နာရီခွဲလောက်ဆို နိုးတတ်တါ တဲ့၊ အဲဒီနေ့က ထွက်မလာဘူး တဲ့၊ မနက် ကိုးနာရီခွဲလေါက်ကျတော့ ၀ုန်းကနဲ အသံကြားလို့ ပြေးကြည့်ကြတော့ လဲနေတယ် တဲ့။ ဒါကြောင့် 911 ခေါ်ပြီး ဆေးရုံပို့ပေမယ့် မမှီတော့ပါဘူး တဲ့။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်ကဆိုတော့ (မေ ၂၃) ကပေါ့။ သတင်း အတိအကျ အခု ရလာတော့ ပိုတောင် စိတ်မကေါင်းဖြစ်မိပါသေးတယ်ရှင်။ မာအေးက ၁၆ ရက် ဗုဒ္ဓဟူးနေ့ကမှာ LA က ပြန်ခဲ့တာပါ။ ထီးတင်ပွဲအတွက် လင်္ကါကဗျာရေးဖို့တွေပါ လုပ်ရ၊ စောင်းနဲ့ သီချင်းတိုက်နေရတာနဲ့ သူ့ကို သတိမရအားခဲ့ဘူး၊ မမေးဖြစ်ခဲ့ပါဘူး။ ခါတိုင်းလို အနေကြာရင်တော့ ရှာဖြစ် ပြောဖြစ်မှာပါ။ ခုတော့ တပါတ်ကလေး ကွာတာလေးဟာ သံသရာတကွေ့ ပြန်တွေ့မှ ပြောခွင့်ရတော့မယ်ပေါ့နော်။ ကိုယ့်နိုင်ငံမှာလို ပြေးလာလို့က မရ၊ ဒုက္ခ ဒုက္ခ၊ အဝေးကဘဲ ဆုတောင်းနေခဲ့ရတော့တယ်။
ဒီသီချင်းလေးကို ကြားရင် အကိုတင်ထွဋ်ကို သတိတရ အမျှဝေလိုက်ပါတော့ ချစ်စွာသော သောတရှင်တို့ရယ်။

(သံသရာတကွေ့ဝယ် – ကိုတင်ထွဋ်)

အပြုံးနဲ့ ဆုံတွေ့ရခြင်းနိဒါန်းအစမှာတော့ – အမုန်းဆိုတာ မကြားလိုပြန်တယ်၊ မေတ္တာသင်္ကေတနဲ့ သီကုံးရေးဖွဲ့ရရင်ဖြင့်၊
အကြောင်းကံလို့ဘဲထင်တယ် ချစ်တဲ့သူရယ်၊ မမျှော်လင့်ဘဲတွေ့ ဆုံကြတဲ့အဖြစ်မို့လဲကွယ်၊
မယုံနိုင်လောက်အောင်သာဘဲဖြစ်ခဲ့ရသူမှာကွယ်၊ ပြန်လည်ဆုံတွေ့ကြရာဝယ်၊ အမှန်တကယ် ဘုံဓလေ့ဘ၀မှာကွယ်၊ သံသရာတကွေ့ တွေ့ကြပြန်ရာဝယ် xxx
ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လယ်ရှာတယ်၊ သက် – သက်ပိုင်ညှာဦးရယ်၊
ကြည်းနူးမှုအပြုံးနဲ့ ယှက်လှယ်ကါရယ် တဦးကိုတဦးကကွယ် ကြင်နာယုယကာဘဲ ပျော်မဆုံးနိုင်တယ်၊ ဘ၀တသက်တာဝယ်၊ အပျော်ရွှင်ဆုံးနေ့တွေလို့များ၊ အစဉ်များတင်စားထားချင်တယ် xxx

ဘုရားမြတ်ထံပါးဝယ် လျှောက်လည်ကြတယ်၊ နှစ်ယောက်သားတွဲလို့ ရင်ပြင်ပေါ်ဝယ်
ဘ၀သံသရာအဆက်ဆက်၊ မပျက်တန်းပေါင်း၊ ပေါင်းရစေသားလို့၊ ဆုပန်ရွယ်ကြသေးတယ် xxx
အသိသက်သေတည်ထား၊ သည်စကါးများရယ် တည်စေကြောင်းနဲ့ ထပ်လောင်း
တောင်းဆုချွေကာရယ်၊ သို့ပါသော်ကွယ် xx အကြောင်းကံများကရယ် နှောင်းဖို့ဖန်လာတယ်၊ ဘုံဘ၀ကြုံရလေတယ်ကွယ်၊ မလွှဲသာလွန်းလို့ခွဲရသူမှာကွယ်၊ မေရယ်ပြုံးစမ်းကွယ်၊
မေ့ကေါင်းစရာအတိတ်ရယ်လို့ မမှတ်ယူလေနဲ့တကယ်၊ ရွှေ့ပြောင်းကါ နှောင်း … နှောင်းကွယ် xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts