သူတို့အာဘော်

ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ (Shwe Pyi Soe)

သမ္မတကြီး / လွှတ်တော်ဥက္ကဌကြီး … ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ။

(အပိုင်း – ၂ )

ရွှေပြည်စိုး၊ သြဂုတ် ၁၃၊ ၂၀၁၂

            ပြီးခဲ့တဲ့အပတ် ၂၀၁၂ – ၇- ၃၀ ရက်နေ့စွဲနဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းက သမတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုကို ဆန့်ကျင်၊ကန့်ကွက်၊ဝေဖန်မှု၊NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု၊ကုလသမဂ္ဂ၊ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA  တို့ကိုမယုံကြည်ကြောင်း ပုတ်ခတ်မှုတွေအကြောင်းကိုဝေဖန်ရေးသားထားပါတယ်။

    ဒီတပတ်မှာတော့- အောင်သိန်းလင်းဆိုတာ ဘယ်သူလဲ၊ ဘာကြောင့်သူများကိုတိုက်ခိုက် ပုတ်ခတ်တာလဲ၊ ရည်ရွယ်ချက်ကဘာလဲ —– စတဲ့အကြောင်းတွေကိုလက်လှမ်းမီသလောက် စုဆောင်းပြီးတင်ပြမှာဖြစ်ပါတယ်။

            (အောင်သိန်းလင်းအကြောင်းအချို့ကို ပြည်သူ့အမြင်စာစဉ်၊ မိုးမခ၊ ယနေ့မြန်မာ နဲ့ ဟစ်တိုင် သတင်းဌာနတွေမှာ အလျဉ်းသင့်သလို ဖေါ်ပြထားပြီးဖြစ်ပါတယ်။)

(က) အောင်သိန်းလင်းဆိုတာဘယ်သူလဲ

            သူဟာ တောင်ဥက္ကလာပ ဇါတိ၊ ဗိုလ်မှူးချုပ်ဟောင်းဖြစ်တယ်။ ၂၀၀၃ မှ၂၀၁၁ ထိ ရန်ကုန်မြို့တော်ဝန်ဖြစ်ပြီး အခုလက်ရှိမှာ တောင်ဥက္ကလာပ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါတီဗဟိုအလုပ်အမှုဆောင်နဲ့ ရန်ကုန်တိုင်းကြံ့ဖွံ့အသင်းကိုယ်စားလှယ်ဖြစ်တယ်။

            သူဟာ လူလိမ်လူညာလူယုတ်မာ၊ ဖြတ်စား လာဘ်စားသူခိုးအကြီးစား အဖြစ် ထင်ရှားကျော်ကြားလျက်ရှိပါတယ်။

            သူဟာ သူ့ရာထူး၊ သူ့လစာနဲ့ တင့်တောင့်တင့်တယ်၊ ထည်ထည်ဝါ၀ါနေနိုင်၊ စားနိုင်ပါလျက်နဲ့

” ဘာ့ကြောင့် ရိုးသားတဲ့ပြည်သူတွေအပေါ် လိမ်ညာ လှည့်စား ယုတ်မာရသလဲ၊ မိမိဌာနနဲ့တိုင်းပြည်အပေါ် ဘာကြောင့် သစ္စာမရှိရတာလဲ”

လို့ဆန်းစစ်ကြည့်တဲ့အခါ ဗီဇကြောင့်၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် လို့ပြောရမှာဖြစ်တယ်။

– ဗီဇကြောင့် လို့ပြောရာမှာ – သူ့ရဲ့ပင်ကိုယ်ဗီဇ မကောင်းလို့ ခုလို သူများအပေါ်နဲ့ တိုင်းပြည်အပေါ် လိမ်ညာလှည့်စားတာ၊ ဖြတ်စားလာဘ်စားသူခိုးအကြီးစားဖြစ်နေတာလို့ပြောရင်မှားမယ်မထင်ပါ။

– ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် လို့ပြောရာမှာ – တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလို အကျင့်ပျက်နားနီးအကျင့်ပျက်၊ သူခိုးနားနီး၊ သူခိုးဖြစ်လာတာ အဆန်းမဟုတ်ပါ၊နဂိုဗီဇလည်းပါပါတယ်။

အကျင့်ပျက် န၀တ၊ နအဖ စစ်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းလောက်ထဲမှာ သူတယောက်ပါဝင်ပါတယ်။န၀တ၊ နအဖ စစ်အုပ်စု တခုလုံးနီးနီး နည်းတူ အောင်သိန်းလင်းဟာလည်း လိမ်ညာလှည့်စား၊ ဖြတ်စား လာဘ်စားလုပ်ပြီး နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားတဲ့ စာရင်းထဲမှာပါဝင်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ပြီး အစစအရာရာ ဈေးကြီးနေချိန်မှာ သူတို့လစာနဲ့ နိုင်ငံခြားဘဏ်များစွာမှာ သွားပြီး လျှို့ဝှက်အပ်နှံနိုင်စရာ အကြောင်းမရှိပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ပတ်ပြီး ဖြတ်စားလာဘ်စားလုပ်တာရယ်၊ နိုင်ငံတော်ဘဏ္ဍာနဲ့သယံဇာတရောင်းရ ငွေတွေကို ပြည်သူတွေမသိအောင် ခိုးဝှက်တာရယ်ကြောင့် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။

မြို့တော်ဝန်ဆိုတာ

ရန်ကုန်မြို့တော်ဝန်ဆိုတာ ရန်ကုန်တိုင်းတခုလုံးရဲ့ သက်ဦးဆံပိုင်ဘုရင်တဆူအတိုင်း လုပ်တိုင်းဖြစ်ပါတယ်။ လုပ်တိုင်းဖြစ်လို့ ဖြစ်တိုင်းလုပ်သလို လိုတိုင်းရလို့ ရတိုင်းလို နေသူဖြစ်ပါတယ်။

 အောင်သိန်းလင်းရဲ့ ဖြတ်စားလာဘ်စား၊ခိုးဝှက်မှုများ၊ မတရားလုပ်မှုများ။

    သူဟာပြည်သူလူထုအပေါ်၊ဌာနအပေါ်၊ တိုင်းပြည်အပေါ် သစ္စာမဲ့လွန်း၊ယုတ်မာလွန်းလို့ မပြောချင်ပေမယ့် အများသိထားရအောင် အဓိကကျတဲ့ သာဓက ကြီိးအချို့ကိုသာတင်ပြပါမယ်။

 အောင်သိန်းလင်း နဲ့ နာရေးကူညီမှုအသင်း။ 

အောင်သိန်းလင်းနဲ့ ရွေးကောက်ပွဲအကြို။

အောင်သိန်းနဲ့ရွေးကောက်ပွဲကာလ။

အောင်သိန်းလင်းနဲ့ဖြတ်စား၊လာဘ်စားသူခိုးကြီးများ။ 

အဆစ် အနေနဲ့ သူနဲ့သူ့မိသားစု အကြောင်းဖြစ်ပါတယ်။

အောင်သိန်းလင်းနဲ့ နာရေးကူညီမှု အသင်း။

ရန်ကုန်နာရေးကူညီမှုအသင်းဟာ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်မင်းသား ဦးကျော်သူ ၂၀၀၁ ခု – ဇန္န၀ါရီလ-၁ရက်နေ့ ကစတင်တည်ထောင်တဲ့အသင်းပါ။အသင်းတည်နေရာက ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်၊ သုဒဿနလမ်းရှိ ဗြဟ္မ၀ိဟာရကျောင်းတိုက်မှာဖြစ်ပါတယ်။

            ဒီအသင်းဟာ မရှိနွမ်းပါး ဆင်းရဲသားတွေရဲ့ မီးသင်္ဂြိုလ်တဲ့ကိစ္စကို အခမဲ့ ကူညီပေးတဲ့အသင်းပါ။ ဘယ်သူမှ မလုပ်ချင်၊မလုပ်နိုင်တဲ့ အသုဘကိစ္စကို ဦးကျော်သူက အခမဲ့ မေတ္တာစေတနာနဲ့ ကူညီပေးတဲ့အတွက်အောင်မြင်မှုရရှိပါတယ်။

            ၂၀၀၇ခု မတ်လ-၂ရက်နေ့မှာ နာရေးကူညီမှုအသင်းကတဆင့် သုခ အခမဲ့ဆေးခန်း ကို စေတနာရှင် ဆရာဝန်များ၊ သူနာပြုများ၊ လုပ်အားပေးများရဲ့ အကူအညီနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆေးခန်းဟာလည်း ဦးကျော်သူရဲ့မှန်ကန်သောဦးဆောင်မှု၊ ဆရာဝန်၊သူနာပြု၊ လုပ်အားပေးအကူအညီများရဲ့ မွန်မြတ်သောစေတနာ၊ သဒ္ဒွါတရားထက်သန်သော ငွေကြေးအလှူရှင်များရဲ့ ပံ့ပိုးမှုကြောင့် ၅/၆နှစ်အတွင်းမှာ မရှိဆင်းရဲသားများရဲ့ အားကိုးအားထားမှုနဲ့ ပြည်သူတရပ်လုံး ယုံကြည်မှုများလည်း ရရှိခဲ့ပါတယ်။ဒါကြောင့် သူ့ဆေးခန်းလည်းနှစ်တိုတိုနဲ့တိုးတက်အောင်မြင်ခဲ့ပါတယ်။

 ကောက်ရိုးပုံစောင့် တိရစ္ဆာန်စိတ်နဲ့ အောင်သိန်းလင်း။

            မှန်ကန်သော ဦးကျော်သူရဲ့ ဦးဆောင်ဦးရွက်ပြုမှု၊ ဆရာဝန်များ၊ သူနာပြုများ၊ ၀န်ထမ်းနဲ့ လုပ်အားပေးများနဲ့ ပြည်တွင်းပြည်ပက ငွေကြေးအလှူရှင်များရဲ့ ကူညီပံ့ပိုးမှုတို့ကြောင့် နာရေးကူညီမှုအသင်းရော သုခ အခမဲ့ဆေးကုခန်းပါ တပြိုင်တည်း တိုးတက်ခဲ့ပါတယ်။ အဲလို တိုးတက်လာတာကို မနာလိုဝန်တိုတဲ့သူမျာလည်း ပေါ်ထွက်လာပါတယ်။ အဓိကမနာလိုသူကတော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဆိုသူဖြစ်ပါတယ်။

            သူဟာ သူကိုယ်တိုင်လည်းဘာမှမလုပ်နိုင်၊ ဦးကျော်သူလုပ်လို့အောင်မြင်တာကိုဂုဏ်ယူရမယ့်အစါး၊ ကူညီအားပေးရမယ့်အစါး၊ ကေါက်ရိုးပုံစောင့်တိရစ္ဆာန်လို မနာလိုစိတ်ဝင်ကာ ဦးကျော်သူရဲ့ လုပ်ငန်းတွေကို ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံစည်ပါတော့တယ်။ ဦးကျော်သူလုပ်ငန်း ပျက်စီးတာနဲ့အမျှ မရှိဆင်းရဲသားအများစုပါ ဒုက္ခရောက်ရတော့မယ့်အရေးကိုမတွေး၊ လူသားချင်းကိုယ်ချင်းစာစိတ်မရှိတော့ဘဲ၊ ဦးကျော်သူကို ရန်သူလိုသဘောထားပြီး ကျော်သူ ဘ၀ပျက်အောင်လုပ်တာဟာ အလွန်ရိုင်းစိုင်းလှပါတယ်။ သူလုပ်လို့ ကျော်သူဘ၀မပျက်နိုင်ပါ၊ ဒုက္ခရောက်ရမှာက ရာနဲ့ထောင်နဲ့ချီတဲ့ဆင်းရဲသားတွေသာဖြစ်တယ်။

            ကောက်ရိုးပုံစောင့်ခွေးဟာ ကောက်ရိုးပုံနားကပ်လာတဲ့အခြားတိရစ္ဆာန်ကိုဟောင်လွှတ်ပေမယ့် သူ့ရဲ့အရှင်သခင်ကိုတော့ သူခိုး၊ လူဆိုးဘေးက ကါကွယ်စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် အောင်သိန်းလင်းကတော့ သူ့ကိုထမင်းကျွေးနေတဲ့ပြည်သူတွေကို မကါကွယ်ပေးတဲ့အပြင် အန္တရယ်ပြုနေတော့ သူဟာ ကေါက်ရိုးပုံစောင့် တိရစ္ဆာန်ထက်ဆိုးတဲ့လူလို့ပြောရင် လွန်မယ်မထင်ပါ။ သူရဲ့ရွံစရာကောင်းတဲ့ လုပ်ရပ်ကိုကြည့်ပါ။

 နာရေးကူညီမှုအသင်းကို သိမ်းဖို့ ကြိုးစား။

            ရန်ကုန်နာရေးကူညီမှုအသင်းမှာ ပြည်တွင်းပြည်ပက အလှူရှင်များလှူထားတဲ့ ငွေသန်းပေါင်းများစွာ ရှိမှန်းသိနေတဲ့ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ လည်းဖြစ်၊ ငွေဆိုရင်ငန်းငန်းတက်လိုချင်နေတဲ့ အောင်သိန်းလင်းဟာ ရှေးဦးစွာ နာရေးကူညီမှုအသင်း ကို သိမ်းယူရန်စီစဉ်ပါတယ်။ ကံအားလျှော်စွာ အစိုးရရဲ့ ကနဦးကြိုးပမ်းမှုတွေ ဘူးပေါ်သလိုပေါ်ပြီးတဲ့နောက် အာဏာပိုင်တွေ လွှဲပြောင်းယူမယ့် အစီအစဉ် ရုပ်သိမ်းသွားပါတယ်။ ( Irrwaddy- 1-12-2007)

            ဒါဟာ အောင်သိန်းလင်းရဲ့ ပထမဆုံးအကြိမ် လူ့စိတ်ပျောက်သွားပုံ ပေါ်လွင်စေတာဖြစ်တယ်။

            အောင်သိန်းလင်းဟာ နာရေးကူညီမှုအသင်းသိမ်းလို့ ဝေစုမတည့်လို့ ရုပ်သိမ်းလိုက်ရပေမယ့် အဲဒီအသင်းဖျက်ဆီးဖို့ဆက်ကြိုးစားပါတယ်။ကြိုးစားပုံတွေက –

နာရေးအသင်းနဲ့ သုခဆေးခန်းဖယ်ခိုင်း။

ရန်ကုန်နာရေးကူညီမှုအသင်း နဲ့ သုခ အခမဲ့ဆေးခန်းတို့ဟာ နေသားတကျဖြစ်လာချိန်မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မူလ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗြဟ္မ၀ိဟာရကျောင်းတိုက်ကနေ မြောက်ဒဂုံကို ပြောင်းရွှေ့ခိုင်းပါတယ်။ ဒါတင်မက ထိုကျောင်းတိုက်ဆရာတော် ဦးနန္ဒမာလာ က လည်း အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ဆေးခန်းရော နာရေးအသင်းပါ ထားခွင့်မပြုတော့ပါ။ ( ခေတ်ပြိုင် ၊ ၁၅- ၉-၂၀၀၈ )

နာရေးကူညီမှုအသင်းနဲ့သုခဆေးခန်းကို ၂၀၀၉ -၇ -၁၉ ရက်နေ့တွင် မြောက်ဒဂုံသို့ ပြောင်းေ၇ွှ့သွားသည်။

ဒါဟာအောင်သိန်းလင်းရဲ့ ” မစားရတဲ့အမဲ သဲနဲ့ပက်”တဲ့လုပ်ရပ်တခုဖြစ်သလို အသင်းရော ဆေးခန်ပါ ဖျက်ဖို့လုပ်တဲ့ လူယုတ်မာ အောင်သိန်းလင်းရဲ့  ဒုတိယခြေလှမ်းဖြစ်ပါတယ်။ ဒါနဲ့မပြီးသေး၊ အားမရသေးပါ။

 အသင်းကား မထားရ။

နာရေးကူညီမှုအသင်းနဲ့ သုခ အခမဲ့ဆေးခန်းကို သင်္ဃန်းကျွန်းကနေ မြောက်ဒဂုံပြောင်းရွှေ့ပြီးပေမယ့် ” အသင်းပိုင်ကား ( နိဗ္ဗာန်ယာဉ်)တွေကို ရေဝေးသုဿန်မှ အပ ဘယ်မှာမှ မရပ်နားရ”လို့ ရန်ကုန်တိုင်းစည်ပင်သာယာ က ၂၀၀၉- ဖေဖေါ်ဝါရီ ၂၈ ရက်နေ့နောက်ဆုံးထားပြီးရွှေ့ရမယ်လို့ အမိန့်ထုတ်တယ်။ (ဒီဗွီဘီ၊ ၂၅-၂-၂၀၀၉)

အသင်းကတနေရာ၊နိဗ္ဗာန်ယာဉ်၁၆စီးကတနေရာဆိုတော့ယာဉ်မောင်းသူတွေအတွက်သွားရေးလာရေးအခက်အခဲဖြစ်နိုင်တယ်ဆိုတာ လူ့စိတ်ကင်းတဲ့ အောင်သိန်းလင်းက ကိုယ်ချင်းမစာပါ။

ဒါဟာ လူယုတ်မာ အောင်သိန်းလင်းရဲ့ ဦးကျော်သူရဲ့ လုပ်ငန်းပျက်စီးအောင်လုပ်တဲ့ တတိယခြေလှမ်းဖြစ်ပါတယ်။ ဒါနဲ့မပြီးသေးပါ၊

ဆက်ကြည့်ပါ။ နာရေးကူညီမှုအသင်းရဲ့ အသုဘ ယာဉ်အားလုံးကို ၂၀၀၉-၂-၂၈ ရက်နေ့နောက်ဆုံးထားပြီး ရေဝေးသုဿန်မှာ ညအိပ်ရပ်နားရမယ်လို့ အမိန့်ထုတ်တယ်။အဲဒီအမိန့်ထုတ်တာ တလ မပြည့်သေးဘူး၊ နောက်ထပ်အမိန့် တခုထပ်ထုတ်ပြန်ပါတယ်။ အဲဒီ အမိန့်က

” နာရေးအသင်းပိုင်ကားတွေကို ရေဝေးနဲ့ထိန်ပင် သုဿန် ၂ခုမှာ တ၀က်စီခွဲထားရမယ်”

လို့ ရန်ကုန်မြို့တော်စည်ပင်သာယာက ထပ်ပြီးအမိန့်စာထုတ်ပြန်ပါသတဲ့။ (ဒီဗွီဘီ၊ ၁၈-၃-၂၀၀၉)

ဘယ်လိုအညှိုးနဲ့ဦးကျော်သူအပေါ် တိုးတိုးပြီး ဒုက္ခပေးနေလဲမသိပါ။ ဒါကိုကြည့်ရင် အောင်သိန်းလင်းဟာ ” ကေါက်ရိုးပုံစောင့်တဲ့ တိရစ္ဆာန်ထက် ဆိုးတဲ့လူ ဖြစ်နေပြီဆိုတာ ပေါ်လွင်နေပါပြီ၊ ရွံစရာကောင်းတဲ့အောင်သိန်းလင်းပါလား”

ဒါဟာ အောင်သိန်းလင်းရဲ့ လူယုတ်မာဖြစ်ကြောင်းပေါ်လွင်စေတဲ့ စတုတ္ထခြေလှမ်းဖြစ်ပါတယ်။

 ရေမြောင်းတူးစေ ကျော်သူရေ။

ဦးကျော်သူရဲ့ နာရေးအသင်းရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ မအောင်မြင်တဲ့အခါ အသင်းနဲ့ဆေးခန်းကိုရှိရင်းစွဲ သင်္ဃန်းကျွန်းကနေ မြောက်ဒဂုံကိုပြောင်းခိုင်း၊ ပြောင်းပြီးလို့မကြာခင်မှာ အသုဘယာဉ်တွေကို ရေဝေးသုဿန်မှာထားခိုင်း၊ ခိုင်းလို့ တလမပြည့်မီမှာ ရေဝေးနဲ့ထိန်ပင် သုဿန် ၂ခုမှာတ၀က်စီညအိပ်ရပ်နားခိုင်းပြီးပြီ၊ ဒါနဲ့ လည်းမပြီးသေးဘူး။

`မြောက်ဒဂုံမှာ အသစ်ဖွင့်လှစ်တဲ့ နာရေးအသင်းနဲ့ သုခဆေးခန်းရှေ့မှာ ၅ ပေအကျယ်၊ ၅ပေအနက် ရေမြောင်းတခုတူးဖို့ မြို့နယ်စည်ပင်သာယာကအမိန့်ထပ်ထုတ်တယ်။ မတူးရင် အဆောက်အဦးကိုသုံးခွင့်မပေးဘဲ တရားစွဲဖို့ရှိတယ်လို့အကြောင်းကြားတယ်။

မလုပ်ရင် ပုဒ်မ ၂၈-၂၉ နဲ့တရားစွဲဖို့ ပုဒ်မ ပါတပ်ပေးလိုက်တယ်။ ဒီပုဒ်မ ၂ခုက ငွေဒဏ်၊ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်။  (ဒီဗွီဘီ၊ ၁၀ အောက်တိုဘာ-၂၀၀၉)

            ကဲ – ဘယ့်နှယ့်လုပ်ကြမလဲ စာဖတ်ပရိသတ်တို့ရေ။ မပူပါနဲ့ ။သူများနဲ့ မတူတဲ့ကျော်သူက ဒီလောက်တော့ အောင်သိန်းလင်းထက်ဥာဏ်သွားပါတယ်။

” အခြားမြေကွက်တွေမှာ ရေမြောင်းမတူးခိုင်းဘဲ၊ သူ့တဦးတည်းကိုတူးခိုင်းရင် ခြင်မွေးတဲ့ကန် ဖြစ်သွားမှာမို့ ကျန်းမာရေးနဲ့လုံးဝ မကိုက်ညီဘူး”

” အလှူငွေတွေဖြစ်လို့ ဒဏ်ကြေး၊ လျှော်ကြေး မဆောင်နိုင်ဘူး၊ဖမ်းရင်ဖမ်း”

ဆိုပြီးပြောလိုက်တယ်။

ဒါဟာလည်း အများအကျိုးဆောင်တဲ့ ဦးကျော်သူအပေါ် မလိုမုန်းထား၊ အငြှိုးပွါးနေတဲ့ လူယုတ်မာအောင်သိန်းလင်းရဲ့ ယုတ်မာမှုကိုထင်ရှားစေတဲ့ ပဉ္စမခြေလှမ်းဖြစ်ပါတယ်။

 တရားစွဲပြီ နာရေးအသင်းကို

            တရာစွဲတဲ့အကြောင်းက ဦးကျော်သူက သူ့ဆေးခန်းရှေ့မှာ ရေမြောင်းတူးခိုင်းတာ မတူးလို့ နာရေးကူညီမှုအသင်းကို ၂၀၀၉-၁၀-၂၉ ရက်နေ့မှာ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲတာဖြစ်တယ်။

ထောင်လေသမျှ ပိန်းကောမ၊ ကျောက်ဆောင်နဲ့တိုးမှဦးကျိုးရ

            လမ်းတံတား၊ ရေမြောင်းဖေါက်တဲ့အလုပ်ဟာ နိုင်ငံတော်အခွန်ဘဏ္ဍာငွေနဲ့ စည်ပင်သာယာ ကလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။အခမဲ့စေတနာ့ဝန်ထမ်းအလုပ်လုပ်နေတဲ့ ဦးကျော်သူကို ဆေးခန်းရှေ့မှာ ရေမြောင်းတူးခိုင်းတာဟာ မြို့တော်စည်ပင်သာယာရဲ့ စည်းမျည်းစည်းကမ်းကို မြို့တော်ဝန်အောင်သိန်းလင်းက သိရက်နဲ့ သက်သက်ခိုင်းတာဖြစ်တယ်။

            တရားစွဲတဲ့အခါမှာလည်း မြောက်ဒဂုံစည်ပင် ကနေ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲတော့ အံချော် နေပါတယ်။ ဦးကျော်သူဘက်ကလည်း မှန်ကန်တဲ့ လမ်းကြောင်းကနေ ဓမ္မဓိဋ္ဌါန်ကျကျတုံ့ပြန်ချေပတဲ့အတွက် မြို့တော်ဝန် ဘာမှမလုပ်နိုင်တော့ဘဲ ပိန်းကောမနဲ့တူတဲ့ အောင်သိန်းလင်းဟာ ကျောက်ဆောင်နဲ့တူတဲ့ ဦးကျော်သူနဲ့တွေ့တော့ ဦးကျိုးသွားရပါတော့တယ်။

 မြို့တော်ဝန် လူစိတ်ပြန်ဝင်။

            မြို့တော်ဝန် အောင်သိန်းလင်းဟာ သူ့ပိုင်နက် နယ်မြေအတွင်းမှာ သက်ဦးဆံပိုင်ဘုရင်လို စေတလုံး သုံးပြီး ” ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်”ဆိုတဲ့အတိုင်း ထင်ရာစိုင်းတဲ့သူပါ။ တောင်ဒဂုံ တရားသူကြီးကလည်း နယ်ကျော်ပြီးစွဲတဲ့စွဲချက်ရယ်၊ နံမည်ကြီးဦးကျော်သူရဲ့ အမှုဖြစ်နေတာရယ်ကြောင့် အမှုကို ကိုင်တွယ်ရခက်နေပါတယ်။

            ပင်ကိုယ်ဗီဇကလည်း မကောင်း၊ လုပ်နည်းလုပ်ဟန်ကလည်းမမှန်၊ ဦးကျော်သူကိုပျက်စီးလိုတဲ့ ဇေါနဲ့ ဥပဒေကိုကျောခိုင်းပြီ ထင်ရာစိုင်းတဲ့ အောင်သိန်းလင်းဟာ မတတ်သာတော့တဲ့အဆုံးကျမှ လူစိတ်ပြန်ဝင်လာပါတော့တယ်။

            မြို့တော်ဝန်က ” အဆောက်အအုံသစ် ဆောက်လုပ်သူများသည် ၅ပေအကျယ်၊၅ပေအနက် ရေမြောင်းတူးရမည် ဟုထုတ်ပြန်သောအမိန့်ကို ၂၀၀၉-နိုဝင်ဘာ ၆ရက်နေ့၊ မြို့တော်ခန်းမမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကန်ထရိုက်တာများနှင့်တွေ့ဆုံပွဲမှာ သူထုတ်တဲ့အမိန့်ကို သူကိုယ်တိုင်ပြန်

ရုပ်သိမ်းလိုက်ကြောင်း”  နဲ့

” နာရေးကူညီမှုအသင်းဆေးခန်းရှေ့မှာ ရေမြောင်းမတူးလို့ နေထိုင်ခွင့်ပိတ်ထားတာကိုလည်း မြို့တော်စည်ပင်က နေထိုင်ခွင့်ပြုလိုက်ကြောင်း”သိရပါသည်။ ( ခေတ်ပြိုင်၊၉-နိုဝင်ဘာ-၂၀၀၉ နဲ့ ဒီဗွီဘီ၊ ၁၂-နိုဝင်ဘာ-၂၀၀၉)

            ခုလောက်ဆိုလူယုတ်မာအောင်သိန်းလင်းအကြောင်းသိကောင်းစရာ အချို့ကိုတင်ပြပြီးပါပြီ။

ရွေးကေါက်ပွဲအကြိုကာလ

            ဆက်လက်ပြီး အောင်သိန်လင်းနဲ့ ၂၀၁၀ ရွေးကေါက်ပွဲ အကြိုကာလအကြောင်းအချို့ကိုတင်ပြပါမယ်။ ရွေးကောက်ပွဲအကြိုကာလတုန်းက အထင်ကရ လိမ်ညာမှုကြီးတခုကိုတင်ပြပါမယ် – သူဟာ လူမျိုးမရွေး၊ အလွှာမရွေးအပေါ် ငွေရဖို့၊ပစ္စည်းရဖို့၊ အာဏာမြဲဖို့ဆိုရင် လိမ်ညာလှည့်စားလာတာဟာ သူမြို့တော်ဝန်ဖြစ်ကတည်းပါ။ ခုနောက်ဆုံးဘာသာရေးကိုခုတုံး လုပ်ပြီး ရွေးကေါက်ပွဲအနိုင်ရဖို့လိမ်ညာတယ်။

            တောင်ဥက္ကလာပမြို့နယ်မှာ မြို့တော်ဝန်အောင်သိန်းလင်းကရွေးကေါက်ပွဲအတွက်စည်းရုံးရေးဆင်းရင်း ” ကြံ့ခိုင်ရေးပါတီဝင် ၅၀၀ စုဆောင်းပေးနိုင်ရင် ဗလီဆောက်ခွင့်ရမယ်” လို့ အစ္စလမ်ဘာသာဝင်တွေကို ထုံးစံအတိုင်းလိမ်ညာလှည်းစားပြီးစည်းရုံးတယ်။ အောင်သိန်းလင်းရဲ့လိမ်ညာလှည့်စားနေကျလှည့်ကွက်ကို အဟုတ်ထင်တဲ့ အစ္စလမ်ဘာသာဝင်များက ကြံ့ဖွံ့ပါတီဝင် ၇၅၀ စုဆောင်းပေးခဲ့တယ်။(အာဖ်အေ၊၂၇-၁၀-၂၀၁၀)

ဒါပေမဲ့ အောင်သိန်းလင်းသာ လွှတ်တော်အမတ်ဖြစ်သွားတယ်၊ အစ္စလမ်ဘာသာဝင်တွေ ဆောက်ခွင့်မျှော်လင့်ထားတဲ့ ဗလီ ဟာဒီနေ့ထိဆောက်ခွင့်မရပါ။ ဒါဟာကေါက်ရိုးပုံစောင့်တိရစ္ဆာန်ထက်ဆိုးတဲ့၊ယုတ်မာစုတ်ပဲ့တဲ့အောင်သိန်းလင်းရဲ့လိမ်ညာလှည့်ကွက်တွေထဲကအချို့သာဖြစ်ပါတယ်။သူ့ရဲ့ဗီဇဆိုး ဥာဉ်ဆိုးတွေကြောင့် သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတယ်၊ သူ့လက်ချက်ကြောင့် ခံလိုက်ရတဲ့ပြည်သူလူထုတွေရဲ့ ဒဏ်ချက်တွေကဒီနေ့အထိအဆုံးမသတ်သေးပါ။

 ရွေးကေါက်ပွဲ ကာလ။

            လိမ်ညာ၊ ကေါက်ကျစ်၊ ယုတ်မာတဲ့ အောင်သိန်းလင်းအကြောင်းအချို့ကိုဖေါ်ပြပြီးပြီ။ ခုရွေးကောက်ပွဲကာလ ကလိန်ကျ ပုံအချို့ကိုဆက်လက်ဖေါ်ပြပါမယ်။

            ၂၀၁၀ ရွေးကေါက်ပွဲမှာ အနိုင်ရရှိရေးအတွက် တောင်ဥက္ကလာပ က အစ္စလမ်ဘာသာဝင် ၇၅၀ ကိုကြံ့ဖွံ့ပါတီဝင်အဖြစ်နဲ့ ကလိန်ကကျစ်လုပ်ပြီးသမာအာဇီဝ မကျသောနည်းနဲ့ယူထားတဲ့အကြောင်း အထက်မှာဖေါ်ပြထားပြီးဖြစ်ပါတယ်။

            လွှတ်တော်အမတ်လောင်း အောင်သိန်းလင်းဟာ သာမန်သဘောရိုးနဲ့ပြိုင်ရင်မနိုင်မှန်းသိတဲ့အတွက် အောက်ပါ ကြံ့ဖွံ့ပါတီဝင် အခြားအမတ်လောင်းများ နည်းတူ မသမာသောနည်းနဲ့ မနိုင်နိုင်အောင်လိမ်ညာလှည့်စားပြီး အနိုင်ယူသွားပါတယ်။

အဲဒီမသမာမှုတွေကတော့ – မဲခိုးယူ၊ မဲလိမ်ယူ၊ငွေနဲ့မဲဝယ်ယူ၊ ပစ္စည်းရောင်းပြီးမဲမျှားယူ၊ ငွေချေးပြီးမဲမျှားယူ၊ ကြိုတင်မဲခိုးယူ၊ လူလဲပြီးမဲထည့်ခိုင်းပြီးယူ၊ လူစားထိုးပြီးမဲထည့်ခိုင်းယူ၊ လူတယောက်ကို အခါခါမဲပြန်ထည့်ခိုင်းယူ၊ ခြိမ်းခြောက်ပြီးမဲယူ၊ အကျပ်ကိုင်ပြီးမဲယူ၊ အမိန့်အာဏာသုံးပြီးမဲယူ၊ ကေါ်မရှင်ဘက်လိုက်၊ ကြံ့ဖွံ့ပါတီက ပယ်မဲ မရှိ၊ အတိုက်အခံပါတီတွေဘက်ကို ပယ်မဲ အများအပြားလုပ်၊ ကာယကံရှင်မသိဘဲ မဲလိမ်ယူ၊ ကြိုတင်မဲစါရင်းကို တကယ်ရှိတာထက် ပိုရေတွက်ယူ…… စတဲ့ မသမာမှုပေါင်းများစွာနဲ့ ကလိန်ကကျစ်လုပ်ပြီး အနိုင်ယူသွားတဲ့ အောင်သိန်းလင်းပါ။ ဒါတွေဟာ ရွေးကေါက်ပွဲ ကာလအတွင်းမှာ ဥပဒေမဲ့ မသမာသောနည်းနဲ့လုပ်တဲ့လုပ်ရပ်တွေပါ။

            နအဖ အစိုးရလက်ထက် ၂၀၁၀- နိုဝင်ဘာလ- ၇ ရက်နေ့ရွေးကေါက်ပွဲမှာစစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ကြံဖွံ့ပါတီဟာ ဘယ်ကမ္ဘာ၊ ဘယ်ေ၇ွးကေါက်ပွဲမှာမှ မရှိတဲ့ ကြိုတင်မဲခိုးယူတဲ့နည်းနဲ့ အခြားမသမာမှုတွေနဲ့ အောင်သိန်းလင်းအပါအ၀င် ကြံ့ဖွံ့ပါတီ အမတ်လောင်းတွေဟာ အနိုင်ယူသွားတယ်ဆိုတာ အများသိစေအပ်ပါသည်။

 အောင်သိန်းလင်းနဲ့ ဖြတ်စား၊လာဘ်စား၊ သူခိုးအကြီးစား။

            ဒီကဏ္ဍမှာ အောင်သိန်းလင်းရဲ့ ရန်ကုန်မြို့တော်ဝန်သက်တမ်းကာလအတွင်းမှာ ( ၂၀၀၃ မှ ၂၀၁၁ ထိ) ဖြတ်စား လာဘ်စား သူခိုးအကြီးစားဖြစ်ကြောင်းကိုသိရှိသမျှ အပိုမပါ အရင်းတိုင်းဖေါက်သည်ချပါ့မယ်။

၁ ။       ။ ရန်ကုန်တိုင်းမြို့တော်ဝန်ဟောင်း အောင်သိန်းလင်းဟာ ရန်ကုန်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြို့နယ်များမှာရာချီနေတဲ့မြေကွက်တွေနဲ့တိုက်ခန်းများစွာကို လာဘ်အဖြစ် ရယူထားကြောင်း လမ်းခင်းမယ်ဆိုပြီး တင်ထားတဲ့ဘတ်ဂျက်ကလည်း အများကြီး၊ ခင်းသွားတဲ့လမ်းးရဲ့ကုန်ကျစရိတ်က အနည်းစုပဲရှိကြောင်း၊ ( ဧရာဝတီ၊ ၉-မတ်လ-၂၀၁၁)

၂ ။       ။ မန္တလေးတိုင်း၊သာစည်မြို့နယ်ရှိ ရန်ကုန်စည်ပင်ပိုင် မြို့တော်ဘိလပ်မြေစက်ရုံ က ကျပ်ငွေသန်းပေါင်းရာနဲ့ချီပြီး အလွဲသုံးစားလုပ်ထားကြောင်း။ ( ဧရာဝတီ၊ ၉-မေလ-၂၀၁၁)

၃ ။       ။ ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်းသည် တာဝန်ထမ်းဆောင်စဉ်က ကျပ်သန်းထောင်ချီကာ ငွေကြေးအလွဲသုံးစားမှုကြောင် ဧပြီလနောက်ပိုင်းမှစ၍ စစ်ဆေးမေးမြန်းရန် အာဏာပိုင်များ၏ ဆင့်ခေါ်ထားခြင်းခံရကြောင်း။ (ဧရာဝတီ၊ ၉-မေလ-၂၀၁၁)

၎ ။       ။ ဗိုလ်မှူးချုပ်ဟောင်းအောင်သိန်းလင်းသည် ၂၀၀၃ မှ ၂၀၁၁ အထိ မြို့တော်ဝန်တာဝန် ထမ်းဆောင်စဉ်အတွင်း၊ မြို့တော်စည်ပင်သာယာကော်မတီပိုင် ငွေကြေးများအား ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြောင်း၊ အလွဲသုံးစားလုပ်ထားသော ငွေကြေးပမာဏမှာ အနည်းဆုံး    ကျပ် သန်းပေါင်း တထောင်ကျော် ( အမေရိကန်ဒေါ်လာ ၂သန်းဝန်းကျင်) ရှိကြောင်းအတည်မပြုနိုင်သော သတင်းအရသိရပါသည်။ (ဧရာဝတီ၊ ၉-မေလ-၂၀၁၁)

၅ ။       ။ လမ်းခင်းသည့် လုပ်အားခငွေ သိန်းထောင်ကျော်ကို အသုံးမပြုဘဲ ထုတ်ယူထားကြောင်း။ ( မိုးမခ၊ ၂၂-၆-၂၀၁၁)

အခုဖေါ်ပြပြီးတာက(က)”အောင်သိန်းလင်းဆိုတာဘယ်သူလဲ”ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ကဏ္ဍအသေးတွေကိုတခုချင်း ဖေါ်ပြထားပါတယ်။အဲဒီ ခေါင်းစဉ်ကြီးအောက်မှာရှိတဲ့ ” ဖြတ်စားလာဘ်စား သူခိုးအကြီးစား” ထဲက ပြည်တွင်းမှာ ဖြတ်စား၊ လာဘ်စားအကြောင်းကို လက်လှမ်းမီသလောက် စုဆောင်းတင်ပြထားပြီးပါပြီ။” သူခိုးအကြီးစားထဲမှာကျန်တာက ခိုးဝှက်ပြီး ပြည်ပဘဏ်တွေမှာ လျှို့ဝှက်အပ်ထားတဲ့ ဘဏ်စာရင်းနဲ့ အောင်သိန်းလင်းမိသားစုစာရင်းဖြစ်ပါတယ်။

            ဒီတပတ်အတွင်းမှာ သူခိုးအကြီးစားထဲက လက်ကျန်နဲ့ (ခ) ဘာကြောင့် သူများကို တိုက်ခိုက်ပုတ်ခတ်တာလဲ၊ နဲ့ (ဂ)ရည်ရွယ်ချက်ကဘာတွေလဲဆိုတာတွေကို အမြန်ဆုံးတင်ပြပါမယ်။ 

အပိုင်း(၃)ကိုဆက်လက်ရှုစားကြပါ။

ရွှေပြည်စိုး

၇-သြဂုတ်-၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

5 thoughts on “ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ (Shwe Pyi Soe)
  1. ဟဲဟဲလမ်းတခြမ်းခင်းအောင်သိန်းလင်းလေ၊နာမည်ကြီးဘဲဗျာ။ရွေးကောက်ပွဲတုန်းက
    ပြည်သူပိုင်ငွေတွေနဲ့လမ်းတခြမ်းခင်းပြီးစောက်ရှက်မရှိကြံ့ဖွတ်ကခင်းပေးသည်ဆိုပြီး
    ကဗျဉ်းထိုးထားတာ၊ရှက်တတ်ရင်လဲသေလို့ရပါတယ်ဗျာ။ရွေးကောက်ပွဲပြီးတော့တဝက်တပျက်လမ်းတွေအများကြီးဘဲ။

  2. အမေရိကန်ဒေါ်လာ ၂သန်းဝန်းကျင်ဆိုတာ.. မြို့တော်စည်ပင်ရဲ့ဘတ်ဂျက်ကနေ ခိုးဝှက်ထားတာသက်သက်ပါ။ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး ဖြတ်စားလာဘ်စားလုပ်တာ၊ စားပြီးနားမလည် အရူးကွက်နင်းသွားတာတွေ၊ ခေါင်းပုံဖြတ် ကော်မရှင်ယူတာ၊ ပေါင်းစားတာတွေက ၂၀၀၃- ၂၀၁၁ ထိ ၉ နှစ်အတွင်း အနည်းဆုံး အသားတင် အမေရိကန်ဒေါ်လာ သန်း၆၀ ထက် မနည်းကြောင်း သူနဲ့ပတ်သက်ခဲ့ဖူးသူတွေနဲ့ စီးပွားရေး အကျိုးတူလုပ်ခဲ့ကြတဲ့ အသိုင်းအ၀ိုင်းမှာ အခိုင်အမာ ပြောဆိုနေကြတယ်။
    USD 60 million= မြန်မာကျပ် သန်းပေါင်း ၆၀၀၀၀ (၂၀၁၀-၂၀၁၁ ပေါက်ဈေး)

  3. တမျိုးလုံးကိုခွေးနဲ့ သားဖေါက်ပြီးမျိုးပျောက်အောင်လုပ်ပေးလိုက်ရင်..နောက်လူတွေ အတွက်စိတ်အေးရမှာ…

  4. အောင်သိန်းလင်းနဲ့ ကြံဖွှံ့ပါတီအမတ်တွေဟာမဲလိမ်၊ မဲခိုး၊ နိုင်ငံပိုင်ပစ္စည်းတွေ ကိုမတရားခိုးယူထားပြီး ခေါင်းပေါင်းစတလူလူနဲ့ လွှတ်တော်ထဲမှာမရှက်မကြောက်ထိုင်နေကြတယ်။ လွှတ်တော်ထဲက ကြံ့ဖွံ့သူခိုးအမတ်တွေကိုကမြင်ချင်တော့ပါဘူး။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကိုတောင်တိုင်းသူပြည်သားတွေသိအောင်မကြေညာရဲတဲ့ကြံ့ဖွံ့အမတ်တွေကိုမြန်မြန်မောင်းထုတ်ကြပါတော့ဗျာ။

Comments are closed.