ရသဆောင်းပါးစုံ

အမှောင်ထဲ လျှောက်ရဲသူပါ (Maung Aung Mon)


အမှောင်ထဲ လျှောက်ရဲသူပါ

မောင်အောင်မွန်၊ သြဂုတ် ၁၂၊ ၂၀၁၂

(၁)

            “ဒေါ်အေးမိ တယ်လီဖုန်း”

            ဌာန ဒုတိယအကြီးအကဲ ဦးသာဦး၏ ခက်ထန်မာကျောသော အသံကိုကြားနေကျမို့ မထူးဆန်း။ ဒေါ်အေးမိထံ ဘယ်သူကများ တယ်လီဖုန်းဆက်ပါလိမ့်၊ အခန်းထဲသ၀င်သွားသော အထက်တန်းစာရေးမ ဒေါ်အေးမိကို အားလုံးငေးကြည့်ကာ အမျိုးမျိုးထင်ကြေးပေးနေကြသည်။ ခင်မင်သူများက ကောင်းသတင်း ဖြစ်ပါစေဟု ဆုတောင်းကြသည်၊ ခင်ပွန်းသည် ဦးစိုးတင်ထောင်က လွတ်လာလို့များလား။ အသံမထွက်ကြဖို့ ရုံးအုပ်ဦးတင်ဝင်းက သတိပေးသည်။

            ဌာနခွဲစာရေးကနေ ခုန်ပျံကျော်လွှားကာ ဒုတိယအကြီးအကဲတက်ဖြစ်သွားသူ ဦးသာဦးကို ဗိုလ်မှူး ထက်ပင်ပိုလို့ကြောက်ကြရသေးသည်။ ဗိုလ်မှူးကိုယ်တိုင်ကလည်း အစစအရာရာ ဦးသာဦးကို လွှဲထားလိုက် တာ ဒါရိုက်လိုင်းတယ်လီဖုန်းအထိ၊ စကားနည်းနည်းသာပြော အလုပ်နည်းနည်းသာလုပ်ပြီး အဲ အခွင့်အရေး ကျတော့ တပြားသားမှ မလျှော့။ အခွင့်အရေးထက် အာဏာကိုပိုမက်သူ ဦးသာဦးအဖို့တော့ စိတ်ကြိုက်ပေါ့။

            စားပွဲပေါ်က တယ်လီဖုန်းခွက်ကို ကောက်ကိုင်ကာ ဒေါ်အေးမိနားထောင်လိုက်၏။

            “ အန်တီနေကောင်းလား၊ ကျွန်တော် ဘစိုးတင်သူငယ်ချင်းပါ၊ အန်တီတို့မိသားစု သုံးယောက်ဓာတ်ပုံလည်း ကျွန်တော့်မှာရှိနေတယ်၊ ဘစိုးတင်တယောက်တည်းပုံ နောက်ကျောမှာ အဖေ့သားကြီး အမေနဲ့တွေ့မှ ပြရမယ်လို့ ရေးထားတယ်၊ တယ်လီုဖုန်းနံပါတ်လည်း  သူပေးသွားပေမယ့် ခုမှ အဆင်ပြေလို့ ဆက်ရတာပါ။ အန်တီနေကောင်းပါစေလို့ ဆုတောင်းပါတယ်၊ ဓာတ်ပုံတွေတော့ ကျွန်တော်ပဲ သိမ်းထားမယ်နော် …”

            အခု သားကဘယ်မှာလဲ။ ပူလောင်နေသည့် ရင်တွင်းကနေ ထွက်လာသောမေးခွန်း နှုတ်ခမ်းနားရောက်တော့ ရပ်သွား၏။ ဦးသာဦးကိုကြောက်လို့မဟုတ်၊ သားသူငယ်ချင်း ဖြေမှာကို မကြားဝံ့လို့ မမေးရဲ တာပါ။ အို သိပါတယ်လေ။ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘယ်လိုသေသွားတာလဲ စတာတွေကိုသာ မသိတာပါ။ သေသွားမှတော့ သိလည်းမသိချင်တော့ပါ။

            ဦးသာဦးက ရုံုးအုပ်ဦးတင်ဝင်းကို လှမ်းခေါ်လိုက်ပြီး သက်သေထူကာ ဒ်ါအေးမိကိုပြောသည်။

            “ ဘယ်သူဆက်တာ၊ ဘယ်သူ့အကြောင်းပြောတာဆိုတာတွေ အကုန်လုံးသိတယ်။ နိုင်ငံတော်အပေါ် သစ္စာဖေါက်ကြသူတွေ၊ နိုင်ငံတော်ကို သစ္စာမဲ့မှတော့ ခင်ဗျားလည်း နိုင်ငံတော်က ကျွေးတဲ့ထမင်း မစားသင့်တော့ဘူး။ အကောင်းဆုံးက ထွက်စာတင်ပါ။ ကိုယ်ရေးကိုယ်တာကြောင့် အလုပ် ဆက်မလုပ်နိုင်တော့လို့ ဒီနေ့ကစပြီးထွက်ခွင့်ပြုပါ။ အကျိုးခံစားခွင့် တစုံတရာမတောင်းခံပါဘူးဆိုတာ ကတိပြုကြောင်းလည်း ထည့်ရေး၊ သုံးနေတဲ့နိုင်ငံတော်ပိုင် ပစ္စည်းတွေကို စနစ်တကျအပ်ပါ။ ဦးတင်ဝင်းက စာရင်းပေါ်မှာ လက်ခံရရှိကြောင်း လက်မှတ်ထိုးပြီးတင်ပြ။ ဌာနကိုတော့ ဘာပွဲရှိလို့ ဘယ်သူနဲ့တွေ့ချင်လို့ဆိုပြီး ဘယ်တော့မှ မလာပါနဲ့။ လစာကိုတော့ ဦးတင်ဝင်းလာပေးလိမ့်မယ်။ ခင်ဗျားကို ဒီ့ထက်မက အရေးယူလို့ ရတယ်မှတ်ပါ၊ ဒါဘဲ သွားနိုင်ကြပြီ”

            ဒေါ်အေးမိက ခေါင်းတချက်ညိတ်ပြကာ ဦးတင်ဝင်းနှင့်အတူ ထွက်လာစဉ် ဦးသာဦးလည်း ဌာနအကြီး အကဲအခန်းထဲဝင်သွား၏။ ပြောလိုက်တဲ့ “နိုင်ငံတော်တွေ” သူ့ပင်နီတိုက်ပုံအင်္ကျီအိတ်ထဲက နှပ်သုတ်လက်ကိုင်ပ၀ါ ကျနေတာပဲ။တကောင်ကြွက်ပေမယ့် ထောင်ကျနိုင်ငံရေးသမားမယား၊ တောခိုကျောင်းသား မိခင်မို့ နိုင်ငံတော်အကြောင်း အေးမိကပိုလို့ပင် သိပါတယ်နော်။

            အကုန်လုံးအံ့သြသွားသည်။ ပါတီလိုင်းက ဖြတ်တက်နိုင်မှ အထက်ကိုရောက်နိုင်မှာဆိုကာ လှုပ်ရှားနေသော ဒေါ်စမ်းမြပင်လျှင် မျက်လုံးပြူးသွား၏။ ရုံးအပြင်ထိ လိုက်ပို့ပေးသော ဦးတင်ဝင်းက စာအိတ်လေးတအိတ်ပေးသည်။ ခင်မင်သူများ၏မေတ္တာလို့ရေးထားသည်။ကောက်ကာငင်ကာ စီစဉ်ကြရသမို့ထင်ရဲ့။အကြွေစေ့များပင် ပါလိုက်သေး။ ဘယ်လောက်ဆိုတာ မရည်တွက်အား။ သားထံကိုသာ စိတ်က ရောက်နေသကိုး။

(၂)

သားမျက်နှာမြင်သောနေ့ကို သတိရမိ၏။ အထူးသူနာပြုငှါးထား၍  အိပ်ရေးမပျက်။ အိမ်ပြန်ရောက်တော့လည်း ခေါင်းရင်းအိမ်က မမ၀င်းလာရောက်ကာ ကလေးရေဘယ်လို ချိုးရမည်ကို သင်ပေးသည်။ ခြေရင်းအိမ်ကဒေါ်မိက ဟင်းခါးနေ့စဉ်လာပို့သည်။ ဦးစိုးတင်၏ရဲဘော်ကြီး ဦးခင်မောင်ထွေး အရင်ဆုံးရောက်လာကာ

“မိန်းမယူ ကလေးမွေးတာတော့ဟုတ်ပါပြီ၊ ကလေးကို အနှီးနဲ့ထုပ်ထားရတယ်ဆိုတာကော သိရဲ့လား၊ ရော့အနှီး လုပ်ဖို့ပိတ်”

ဟု လမ်းထိပ်ကပင် ကြားရလောက်သည့် အသံကြီးနှင့်ပြောနေ၍ ကလေးချီကာ ထွက်လာသော အေးမိက ပြောယူရသည်။

            “တိုးတိုးပြောပါရှင် သားလေးလန့်သွားပါ့မယ်”

            “မပူပါနဲ့ အေးမိရာ၊ နိုင်ငံရေးသမားသား ဘယ်တော့မလန့်ဘူး၊ ဘာကိုမှကြောက်မှာ မဟုတ်ဘူးမှတ်”

            ဦးစိုးတင်၏ အပေါင်းအသင်းများ တယောက်ပြီးတယောက် ရောက်လာကြကာ တခုမဟုတ် တခုပါ လာကြသည်။ နို့မှုန့်ဗူးကအစ ပြားရည်အဆုံး လိုလေသေးမရှိ။ အမေကလည်း ဘာလိုသေးလဲလို့ လူလွှတ်မေး၏။ မိဘမေတ္တာကို ပိုလို့သိလာပေမယ့် အဆင်ပြေကြောင်းသာ ပြန်ပြောလိုက်သည်။

            အစက ကိုစိုးတမျက်နှာ၊ ခုတော့ မျက်စိမှိတ်ထားလျှင်ပင် မြင်နေရသည့် သားရဲ့မျက်နှာ။

            ကိုစိုးက သားကို ဘစိုးတင်လို့ နာမည်ပေးကာ “ဘ” လို့သာခေါ်၏။ ပျော်စရာကောင်းလိုက်တာ။ နောက်ထပ် သားလေးတယောက် သမီးလေးနှစ်ယောက်လောက်တောင် မွေးလိုက်ချင်သေး။ တကယ်တမ်းကျတော့ ရုန်းကန်နေရသူ ချစ်လင်ကိုလည်း ညှာရမည်လေ။

            ဘစိုးတင်ကြီးလာသည်နှင့်အတူ စားဝတ်နေရေး စရိတ်ကပို၍ကြီးလာသည်။

            တိုင်းပြည်၏ နိုင်ငံရေးအခြေအနေတွေကလည်း အဆိုးဘက်ဆီသို့ ခပ်မြန်မြန်သွားနေသည်။

            မပြောင်းတာက အချိန်။ မှန်မှန်ကုန်နေ၏။

            ဘစိုးတင် ကျောင်းသားဖြစ်လာသည်။ စာတော်ပြီး အမှတ်ကောင်းကောင်းရသည်။

သားအကြောင်းသတင်းဆိုး ကိုစိုးအား ပြောပြချင်သည်။ သူ ဘယ်မှာလဲ။ သရက်ထောင်မှာပဲ

လား၊ ရှိကောရှိသေးရဲ့လား၊ ခုမှတော့ မတွေးရဲစရာအကြောင်းမရှိ။ ကုန်သွားလိုက်သည့်နှစ်တွေ။

(၃)

            ကိုစိုးကို လာခေါ်သွားသည့်ညက အတော်မှောင်သည်။ မော်တော်ကားသံ ဦးစွာကြားရသည်၊ ပြီးတော့ ဦးစိုးတင် တံခါးဖွင့်ပါဟုပြောသော ရပ်ကွက်ကောင်စီဥက္ကဌအသံ၊ မီးမလာ၍ ဖယောင်းတိုင်ထွန်းရသည်။ စစ်သားသုံးယောက်နှင့်အတူပါလာသော ဗိုလ်ကြီးကပြောသည်။

            “ဦးစိုးတင်ကို အလိုရှိလို့လာခေါ်တာပါ၊ လိုက်ခဲ့ပါ”

            “အို လိုက်မှာပေါ့”

ဟုဆိုကာ ဦးစိုးတင်က လိုအပ်သော အ၀တ်အစားနှင့် သောက်နေကျဆေးများ အိတ်ထဲထည့်ခိုင်း၏။ သားကငေးကြည့်နေသည်ကိုလည်း ဒေါ်အေးမိပြန်မြင်ယောင်နေသေးသည်။ သိပ်မကြာပါ ဟုပြောသွားသော အသံလည်း နားထဲကမထွက်သေးပါ။

            ဒါပေမယ့် နှစ်တွေ နှစ်တွေ။ တနှစ်ပြီးတနှစ် ကူးသွားလိုက်တာ။

တနေ့သောအခါ အဖေက ဘာဖြစ်လို့ ဒါတွေလုပ်နေတာလဲဟု သားမေးလာသည်ကိုတော့ အေးမိ စိတ်မကောင်း၊ ရှင်းလည်းမပြတတ်။ သားကထပ်မမေးသမို့ကျေးဇူးတင်ရသေးသည်။

ကြာတော့သားအမိနှစ်ယောက် နေသားကျလာ၏။ အိမ်နီးနားချင်းတွေက ပိုပြီးကူညီကြသည်။

 အ၀င်အထွက် သတိထားကာ ကိုစိုး၏ရဲဘော်များကလည်း ပိုပြီးဂရုစိုက်ကြသည်။

            ဆယ်တန်းရောက်သောနှစ်တွင် ဘစိုးတင်ကပြောပြန်သည်၊ အဖေသာ နိုင်ငံရေးမလုပ်ရင် သူလည်းဝိုင်းကျူရှင်တက်ရမှာ၊ စက်မှုတက္ကသိုလ်ဝင်ခွင့်ရမှာဟု။ အေးမိရင်ထဲနင့်သွား၍ ပြောလိုက်၏။

            “ ၀ိုင်းကျူရှင်တက်နိုင်မှ သားလိုချင်တဲ့အမှတ် ရမယ်ဆိုရင်တော့ အမေအိမ်ရောင်းပြီးထားပေးမယ်”

            သင်္ချာကျူရှင်သွားတက်စဉ် ဦးစိုးတင်၏သားမို့ လခမယူသည့်အပြင် ဆရာကဘစိုးတင်ကို အဆင်ပြေတဲ့ ၀ိုင်းမှာတက်နိုင်ကြောင်း ခေါ်ပြောသောအခါ မျက်ရည်လည်မိသည်။ အမေ့ကိုလည်းသနားမိ၏။ သူ့အဖေ ထောင်ထဲရောက်နေသည်ကို အကြောင်းပြုကာ ဘစိုးတင် ဘယ်တုန်းကမှ စိတ်အားမငယ်မိ။

            သားအမိနှစ်ယောက် ရှည်ရှည်ဝေးဝေး အချိန်ပေးဆွေးနွေးခြင်း မရှိပေမယ့် အပြန်အလှန်နားလည်ကြ၍လည်း အခက်အခဲများကို အဆင်ပြေစွာကျော်လွှားနိုင်ခဲ့ကြ၏။ အင်းစိန်ထောင်မှာ ဦးစိုးတင်ကိုသွားတွေ့ရသည့်အခါတိုင်း သူ့သားအကြောင်း တမေးတည်းမေး တမှာတည်းမှာစမြဲပင်။ သားကိုအင်မတန်တွေ့ချင် မြင်ချင်သော်လည်း ခေါ်လာခွင့်မပြု။ ဘယ်တော့မှ ထောင်ရိပ်မနင်းစေရဟု ဦးစိုးတင်က အပြတ်ပြောထားသည်။

            ဘစိုးတင် ဆယ်တန်းအောင်သောနေ့က အဖေနှင့်လိုက်တွေ့ပါရစေဟု သားကပူဆာသည့်တိုင် ဒေါ်အေးမိ ရင်နာနာနှင့် ခေါင်းခါရသည်။ နိုင်ငံရေးသမားမယားလေ။

(၄)

            ကိုစိုးနှင့် အကြောင်းပါကြပုံကတော့ အထူးအထွေ ဖွဲ့နွဲ့စရာမရှိ။ တွေ့ကြဆုံကြ ခင်မင်ကြ၏။ သဘောကျကြရာကနေ ချစ်သွားကြသည်။ နိုင်ငံရေးသမားမယား အဖြစ်နေရဲပါ့မလားလို့ ကိုစိုးကမေးလာ သောအခါ အေးမိက နိုင်ငံရေးသမားကို ယူရဲရင်နေတတ်ရမှာပေါ့ဟု ပြတ်သားစွာပြန်ဖြေသည်။

            ဦးစိုးတင်၏ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားကို အပြည့်ယုံကြည်သော်လည်း အေးမိတို့ဘက်က သမီးဆင်းရဲမှာစိုးရိမ်၍ သဘောမတူနိုင်။ အေးမိကမူ သတ္တိမွေးလိုက်သည်၊ နောက်ပြန်မဆုတ်။ သည်လိုနှင့်ပင် ရုံးတက်လက်မှတ်ထိုးကာ လက်ထပ်လိုက်ကြသည်။

            လက်ဝတ်လက်စားများ ပြန်အပ်သောအခါ အမေကခေါင်းခါ၏။ သမီးကိုဆင်ထားတာ ပေးထားတာ သမီးချစ်တဲ့သူကို ယူလို့ပြန်သိမ်းရမယ်ဆို ဘယ်မှန်ပါ့မလဲဟုပြောသည်။ အ၀တ်အစားတွေ အကုန်ယူသွားစေသည်။ အဖေ့ကို သွားကန်တော့သောအခါ သူအင်မတန်ချစ်သော သမီးကို မကြည့်ပဲခေါင်းငုံ့ထားသည်။ စိတ်ထဲဆုတောင်းနေမည်ကို အေးမိသိပေမယ့် အဖေ့အသံကြားချင်၏။ ကိစ္စမရှိ၊ အဖေ့မာနကို ခွဲယူကာ အိမ်ပေါ်ကနေဆင်းလာခဲ့သည်။ ကိုစိုးရဲ့ရဲဘော်များနှင့် မင်္ဂလာဦး ညစာစားကြသည်။

            အေးမိ၏လက်ဝတ်လက်စားများထုခွဲ၊ ကိုစိုး၏စုငွေများအကုန်ထုတ်၊ ရဲဘော်များလက်ဖွဲ့ငွေတို့ အကုန်ပေါင်းလိုက်သောအခါ နေစရာအိမ်လေးဖြစ်လာခဲ့သည်။ အိမ်ထောင်စုအတွက် ပုံမှန်ဝင်ငွေရှိဖို့ လိုအပ်သမို့ အေးမိအလုပ်ဝင်လုပ်သည်။ အောက်တန်းစာရေးမ။

            ကိုစိုးကို ချစ်သည်။ ကိုစိုးကိုယုံသည်။ ထို့ကြောင့်လည်း ရှိသလောက်နှင့်စားတတ်လာသည်။ ဖြစ်သလိုနှင့် နေတတ်လာသည်။ အပြန်အလှန် နားလည်ခြင်းသည်သာ အရေးအကြီးဆုံးမဟုတ်လး။ မိသားစုထမင်းဝိုင်းတွင် ဦးစိုးတင်က ဟင်းကိုသုံးပုံခွဲကာ ပန်းကန်ထဲဝေထည့်ပေးသည်ကို သားကသဘောကျသည်။ ဦးစိုးတင်က အဖေမို့ဆိုကာ အခွင့်အရေး ဘယ်တော့မှ ပိုမယူ။

            နောက်ပိုင်း သားအမိပဲ စာကြရသည့်အခါများတွင်လည်း ဘစိုးတင်က ဟင်းကိုနှစ်ပုံခွဲရင်း အဖေချ ထားတဲ့ စည်းကမ်းဟု ပြောလေ့ရှိ၏။

            သားထွက်သွားပြန်တော့ အေးမိအဖို့ ဟင်းခွဲစရာမလိုတော့။ မျက်ရည်ဝဲပေမယ့် ပြန်ထိန်းထားလိုက်သည်။ ထိန်းရမည်လေ။ ကိုစိုးကပြောထားသည် မဟုတ်လား၊ နိုင်ငံရေးသမားမယားမျက်ရည် မြေမကျကောင်းဘူးဟု။ အေးမိ ဘယ်တုန်းကမှမငို။ ဘယ်တော့မှလည်း ငိုမည်မဟုတ်။

(၅)

            ဘစိုးတင် စက်မှုတက္ကသိုလ်ဝင်ခွင့်ရသည်။ သင်္ချာတဘာသာပဲ ဂုဏ်ထူးရသော်လည်း အမှတ်ကောင်း၍ ရခြင်းဖြစ်သည်။ကိုစိုးကို ပြောပြသောအခါ အင်မတန်ဝမ်းသာနေသည်။ သိပ်တွေ့ချင်နေသည်ကို အေးမိသိပေမယ့် ခေါ်ခဲ့ရမလားလို့ မမေးရက်။ သားကအဖေကို မှတ်မိသော်လည်း သားကိုမြင်လျှင် ကိုစိုးမှတ်မိမည်မဟုတ်။ ထွားလာလိုက်တာ၊ အရပ်ကလည်းမြင့်လာလိုက်တာ။ လူကြီးပိုဆန်လာသည်ဟု အေးမိထင်၏။

            ဘစိုးတင် ဘောလုံးကန်ကြောင်း ပြောပြသောအခါ၊ လေးဘက်သွားတတ်ကတည်းက ကိုနိုင်ပေးတဲ့ ဘောလုံးနဲ့ကစားတဲ့ကောင်ဟု ကိုစိုးကကျေနပ်စွာဆိုသည်။

            ဘစိုးတင် ဘောလုံးကန်ရသော နေ့များတွင် အိမ်အပြန်နောက်ကျလေ့ရှိ၏။ မဟုတ်က အမေ ရုံးကအပြန်နှင့် သားကျောင်းကအပြန် ရှေ့ဆင့်နောက်ဆင့်။ တနေ့တော့ သားတော်တော်နှင့် ရောက်မလာ။ ရောက်လာပြန်တော့လည်း မျက်နှာက မကြည်မလင်နှင့်။ ဘစိုးတင်ကပြောပြသည်။

            “ ဟိုကောင်ပေါ့၊ ခင်မောင်စိုးလေ–သူက သားကို သိပ်အ၀င် မရဲနဲ့၊ မင်းခြေထောက်ကျိုးသွားရင် မင်းအဖေ ထောင်ထဲကထွက်လာပြီး ကုပေးနိုင်တာမဟုတ်ဘူးတဲ့။ သားလည်း ဒေါသထွက်တာနဲ့ ဆွဲထိုးမလို့ဘဲ၊ ဒါပေမယ့် မထိုးခဲ့ဘူး “

            “ဘာဖြစ်လို့ ပြန်မထိုးတာလဲ”

            “ အဖေမှာထားတာ သတိရလို့၊ အဖေကပြောဖူးတယ်–ပြဿနာတက်လာရင် လက်နဲ့မရှင်းရဘူး လက်သီးက ပြဿနာကိုပိုရှုပ်စေတယ်၊ ခေါင်းကိုသုံးမှသာ ဖြေရှင်းလို့ရတာလို့။ ပြီးတော့ ခင်မောင်စိုးကို အားလုံးက ၀ိုင်းအပြစ်တင်ကြတယ်။ သူကလည်း ချက်ချင်းတောင်းပန်တယ် “

            သားအမိ စကားမပြတ်သေးခင်မှာတင် ခင်မောင်စိုးနှင့် အခြားကျောင်းသားနှစ်ယောက် ရောက်လာကာ တောင်းပန်စကားပြောကြသည်။ အသက်အကြီးဆုံး ကျောင်းသားကပြောသည်။

            “ ဘစိုးတင်ကို အားလုံးကခင်ကြတယ် အန်တီ၊ ခင်မောင်စိုးက သူတကာထက် ပိုခင်တာပါ၊ ဒါပေမယ့် ဒီကောင်က စကားမပြောတတ်ဘူး။ ခုဖြစ်ရတာကလဲ ဘစိုးတင်က ဘောလုံးကစားတဲ့နေရာမှာ သိပ် အ၀င်ရဲလွန်းလို့ ဂရုနာနဲ့ပြောမိသွားတာပါ၊ အန်ကယ့်ကို မသိကြပေမယ့် မမြင်ဖူးကြပေမယ့် လေးစားကြတာပါ။ ဘစိုးတင်ကို ခင်မင်ကြတာကလည်း အန်ကယ့်မျက်နှာကြောင့်ဆိုရင် မမှားပါဘူး အန်တီ။ ကျွန်တော်တို့ အားလုံး တောင်းပန်ပါတယ်။ ဘစိုးတင်စိတ်မဆိုးဖို့ အန်တီကပြောပြပေးပါ “

            “ သားကလည်း ကျေလိုက်ပါကွယ်၊ အေး–အားလုံးအရင်ကအတိုင်း ခင်ခင်မင်မင်နေကြပေါ့ “

            “ သားတို့ကို ပြန်ခွင့်ပြုပါ အန်တီ “

            ဘစိုးတင်က ခင်မောင်စိုးပခုံးကို ဖက်ကာ လမ်းထိပ်အထိ လိုက်ပို့၏။

(၆)

            မည်သူမှ တွေးထင်ထားခြင်း မရှိနိုင်သည့် လှုပ်ရှားမှုတွေ ဖြစ်လာသည်။ စက်မှုတက္ကသိုလ်က စတင်သောကြောင့်လည်း ဘစိုးတင်မှာ အိမ်အပြန် အမေ့ကိုပြောပြစရာတွေပါလာ စမြဲပင်။

“ ကျောင်းသားတွေထဲမှာလည်း အမျိုးမျိုးပေါ့အမေရာ၊ အဝေးကရပ်ကြည့်သူ၊ ဘေးကလက်ခုပ်တီးပြီး အားပေးသူ။ ဒါပေမယ့် အများစုကတော့ ရဲရဲတင်းတင်းနဲ့ စွန့်စွန့်စားစားလုပ်ကြတာ အမေရဲ့ “

ဦးစိုးတင် ဒေါ်အေးမိတို့၏သား ဘစိုးတင် ဘယ်နေရာက ပါမည်ကို သိနိုင်ကြပါမည်။

“ အဖေ့ကို သားနားလည်ပြီ အမေ “ ဟုပြောလာသောအခါ ၀မ်းသာလွန်းလို့ သားရဲ့လက်ကို မလွှတ်တမ်း ဆုပ်ထားမိ၏။

 ရုံးမှာလည်း လှုပ်လှုပ်နှင့်၊ ဦးသာဦးပိုမို ခက်ထန်နေသည့်ကြားကပင် အချင်းချင်းလက်တို့ ပြောကြ၏။

အင်းစိန်ထောင်သို့ သွားသောအခါ ဦးစိုးတင်တို့ကို သရက်ထောင်ကို ပို့လိုက်ကြောင်းသိလာရသည်။ သားအမိနှစ်ယောက်သား သွားကြမည်ဟု ဘစိုးတင်ကပြောသည်။ ဘစိုးတင် ကျောင်းမှန်မှန် တက်နေသော်လည်း အရေးအခင်းအကြောင်းသာ ပိုပြောပိုစိတ်ဝင်စားနေသည်။ မျက်နှာစိမ်း လူငယ်တွေလည်း အ၀င်အထွက် ပိုများလာ၏။

            အေးမိရိပ်မိပါသည်။ သို့သော်ဘာလုပ်ရမည်နည်း။ သားကို မျက်စိအောက်က အပျောက်မခံနိုင်။ တားလည်း မတားရက်။ အကယ်၍ ကိုစိုးသာ အင်းစိန်ထောင်မှာ ရှိနေသေးပါလျှင် ပြေးပြီးတိုင်ပင်လို့ရမည်။ ခုတော့ သရက်ထောင်မှာတဲ့။

            သည်လိုနှင့် သားထွက်သွားသောနေ့သို့ ရောက်လာ၏။

            အဲသည်ညက ပိုမှောင်သည်။ သားသူ့ပစ္စည်းတွေ သိမ်းနေသည်ကို အေးမိ မမြင်ယောင်ဆောင်နေလိုက် ရပေမယ့် ရင်ထဲမှာတော့ မီးတောက်နေသည်။ အိပ်ရာထဲလှဲနေပေမယ့် ဘယ်ကလာအိပ်ပျော်နိုင်ပါမည်နည်း။ သားခြေထောက်ဖေါ့ကာ ၀င်လာသည်ကိုလည်းသိပါ၏။ ကန်တော့နေချိန်တွင်လည်း ဘေးကင်းပါစေလို့ အေးမ ရင်ထဲကနေ ဆုတောင်းပေးလိုက်သည်။ အသံပေးလိုက်ပါက သားရဲ့အစီစဉ် ပျက်သွားမည်လေ။

သည်လိုနှင့် အေးမိတကောင်ကြွက်ဖြစ်လာလေတော့သည်။ သတ္တိပိုမွေးရမည် မဟုတ်လား။ မိမိလို ကိုစိုးလို သားလို လူတွေအများကြီး။

            အရေးအခင်း အရှိန်မြင့်တက်လာချိန်တွင် ကိုးစိုးတို့လွတ်လာမည်လား၊ သားတို့ပြန်လာမည်လားဟု အေးမိမျှော်တွေးနေခဲ့ရာကနေ သားရဲ့သူငယ်ချင်း တယ်လီဖုန်းဆက်ပြောလို့ သားမရှိတော့ကြောင်းသိလိုက်ရပြီး တဆက်တည်း အလုပ်လည်းပြုတ်ခဲ့ရသည်။

(၇)

            ရုံးဆင်းချိန်မဟုတ်ပဲ ပြန်လာ၍ ခေါင်းရင်းအိမ်က မမ၀င်းရောက်လာကာ နေမကောင်းလို့လားဟုမေး၏။ အကျိုးအကြောင်းပြောပြနေစဉ် ဒေါ်မိလည်းကူး လာသည်။ ရင်ထဲမှာ ပြွတ်သိပ်မထားနှင့် ဆို့တက်သွားမည်ဟု ဆိုကာ အငိုခိုင်းကြသော်လည်း အေးမိကခေါင်းခါသည်။ ကိုစိုးကို ပြောပြချင်သည်။ သရက်ထောင်ကို သွားမည်၊

သားပြန်အလာကို စောင့်ရင်းစောင့်ရင်း—ခုတော့ သားကပြန်မလာနိုင်တော့။ သည်တော့ ကိုစိုးလွတ်လာမည်ကို ထိုင်စောင့်နေလို့မဖြစ်တော့။

            သည်ညကတော့ ကိုစိုးကိုလာခေါ်သွားသောညထက်၊ သားထွက်သွားသောညထက် ပိုလို့တောင် မှောင်သည်။ မှောင်ပါစေ။ အေးမိ အိပ်ရာထဲလှဲနေလိုက်တာ ဘယ်လောက်ကြာသွားပြီလဲ။ မီးကင်းသံချောင်းခေါက်သံ နားထောင်ကြည့်။ တဆယ့်နှစ်ချက်တိတိ။ သည့်ထက်ပိုပြီး ညဥ့်မနက်နိုင်တော့။

            မှောင်ချင်သလောက်မှောင် မိုက်မည်းချင်သလောက် မိုက်မည်းကြစမ်းပါစေ၊ အေးမိမကြောက်။ ရောင်နီပျို့လာလျှင် သင်းတို့အမှောင်တွေ အမိုက်အမည်းတွေ ခွေးလိုဝက်လို ပြေးကြရလိမ့်မည်။

            အမှောင်ထဲ တယောက်တည်းပေမယ့်  အေးမိကတော့ လျှောက်ရဲပါဘိ။

            Photo – http://fardareismai.deviantart.com/art/Jaguar-Fighting-a-Peacock-141123495

(မိုးမခမှတ်ချက် – စာရေးဆရာ မောင်အောင်မွန်ရဲ့ မိုးမခကို ချီးမြှင့်တဲ့ ပထမဦးဆုံး ၀တ္ထုတိုဖြစ်ပါတယ်။ ဆရာရဲ့ စာမူကို ၈လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တင်ဆက်လိုက်တာ ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အမှောင်ထဲ လျှောက်ရဲသူပါ (Maung Aung Mon)

Comments are closed.