မျက်မှောက်ရေးရာ သတင်းပဒေသာ

တူရကီနိုင်ငံခြားရေး ၀န်ကြီး OIC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ နေပြည်တော်သို့ လာရောက်


YPI
သြဂုတ် ၁၀၊ ၂၀၁၂


သမ္မတ ဦးသိန်းစိန်နှင့် တူရကီ နိုင်ငံခြားရေး ၀န်ကြီး။ ဆွေးနွေးမည့် အကြောင်းအရာများတွင် ရခိုင်ဒေသအရေး အပြင် တူရကီစစ်သား ၁၂၀၀ ကျော်၏ အမှတ်တရ သချိုင်းကိစ္စ၊ နှင့် ရင်းနှီးမြှုပ်နှံမှုများ အစရှိသည့် ကိစ္စရပ်များ ပါဝင် (သတင်းဓါတ်ပုံ-သမ္မတရုံး ၀က်ဆိုက်)

ရခိုင်အရေးနှင့် ပတ်သက်၍ အချက်အလက် လေ့လာရန် OIC ကိုယ်စားလှယ်အဖွဲ့ကို တူရကီနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ယနေ့နေပြည်တော်သို့ ရောက်ရှိလာကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။

Organization of Islamic Cooperation OIC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တူရကီနိုင်ငံခြားရေး ၀န်ကြီး Mr Ahmet Davutoglu လာရောက်ခြင်းဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံရေး စီးပွားရေး ကိစ္စရပ်များအပြင် ရခိုင်အရေးတွင် အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ရိုဟင်ဂျာများ နှိပ်စက်ခံနေရသည်ဆိုသည် အချက်နှင့်ပတ်သက်၍ အချက်အလက် လေ့လာရှာဖွေရန် ရခိုင်ပြည်နယ်သို့ သွားရောက်ဦးမည်ဖြစ်သည်။

OIC အဖွဲ့သည် အစ္စလာမ် နိုင်ငံ ၅၇ နိုင်ငံပါဝင်ပြီး မူဆလင်နိုင်ငံများ အရေးကိစ္စ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ကာ ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ယနေ့ဆွေးနွေးသည့် အကြောင်းအရာများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး၊ မကြာမီက တူရကီ ယာယီသံရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် အကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် တူရကီစစ်သား ၁၂၀၀ ကျော်၏ အမှတ်တရ သချိုင်းကိစ္စ၊ နှင့် ရင်းနှီးမြှုပ်နှံမှုများ အစရှိသည့် ကိစ္စရပ်များ ပါဝင်သကဲ့သို့ ရခိုင်အရေးကိစ္စလည်း ပါဝင်သည်ဟု နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားချက်အရ သိရသည်။

တူရကီနိုင်ငံခြားရေး ၀န်ကြီးက ရခိုင်အရေးကိစ္စကြောင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ပုံရိပ်ကို မထိခိုက်စေလိုကြောင်း ပြောကြားခဲ့သည်ဟု ယင်းအင်တာနက် စာမျက်နှာတွင်ဖေါ်ပြထားသည်။

ဇွန်လအတွင်းရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကြောင့် စုစုပေါင်း ၇၇ ဦးသေဆုံးခဲ့ရကာ နေအိမ် ၄၈၀၀ ကျော်မီးလောင်ကျွမ်းခဲ့ရသည်။ မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း သောင်းနှင့်ချီအိုးအိမ်မဲ့ဖြစ်ခဲ့ကြရသည်။

ရခိုင်အရေး ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကွင်းတားနားတို့ လာရောက်ခဲ့ကြသည်။

ယင်းမငြိမ်မသက်မှုကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းနှင့် အစ္စလာမ်နိုင်ငံအချို့က နိုင်ငံမဲ့ လူနည်းစု ရိုဟင်ဂျာ များ အနိုင်ကျင့်ခံနေရသည်ဟု ဖေါ်ပြရေးသားလျက်ရှိသည်။ ။

(ကိုးကား နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်၊ ဆင်ဟွာသတင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts