ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မစ္စတာကျောက်မီးသွေး .. အင်ဒိုနီးရှားကလာမည်တဲ့

မစ္စတာကျောက်မီးသွေး၊ အင်ဒိုနီးရှားကလာမည်တဲ့
ဇော်အောင် (မုံရွာ)
နိုဝင်ဘာ ၁၅၊ ၂၀၁၃


အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း Bukit Asam သည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ထောင်ရေးကဲ့သို့ စီမံကိန်းများ ပြုလုပ်ရန်အတွက် ဒေါ်လာ သန်း ၉၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ သတင်းစာ The Jakarta Globe ၏ ဖော်ပြသည်။ ဂျကာတာ အခြေစိုက် ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက် အချို့နှင့် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း သဘောတူညီချက်၏ ပထမပိုင်း အဆင့်အရ Bukit Asam ကုမ္ပဏီသည် မဂ္ဂါဝပ် ၁၀၀ ထုတ်ပေးနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ခု ဒေါ်လာသန်း ၃၅၀ တည်ဆောက်မည်ဖြစ်ပြီး ၎င်းနောက်တွင် အဆိုပါ ဓာတ်အားပေး စက်ရုံထက် နှစ်ဆပိုမို ကြီးမားမည့်စက်ရုံ သန်း ၄၅၀ တည်ဆောက်မည် ဖြစ်သည်။ အင်ဒိုနီးရှားမှ ကျောက်မီးသွေးတွေကို မြန်မာနိုင်ငံ အခုတည်ဆောက်မယ့် ဓာတ်အားပေး စက်ရုံသို့ တင်ပို့မည်ဟု သိရသည်။
ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံး ခရိုနီများတွင် အရှေ့တောင်အာရှမှ၊ ဖိလစ်ပိုင်ခရိုနီက နံပါတ်(၁)၊ အင်ဒိုနီးရှားခရိုနီက နံပါတ်(၂)ဖြစ်သည်။ ထိုင်း၊မလေးရှားခရိုနီများက သိပ်မဆိုးလှ။ ဂျပန်၊ကိုးရိုးယား ကုမ္မဏီရင်းနှီးမှုများသည် အကောင်းဆုံးဖြစ်ကြောင်း၊ 
ဂျပန်နှင့်ဥရောပလူမျိုး နှိုင်းယှဉ်ချက်ကိုကြုံတုံးရေးလိုပါသည်။
အမေရိကန်၊ဥရောပ၊သြစတြေလျား မှရင်းနှီးဖို့လာသူများတွင် သတိထားစရာများစွာရှိကြောင်း မြန်မာအစိုးရလူကြီးများ သိကြပါသည်။ အထူးသဖြင့် မြိတ်ကျွန်းစုတွင် စစ်အာဏာရှင်ဦးနေဝင်းလက်ထက်ကတည်းက ပုလဲလုပ်ငန်းများကိုခွင့်ပြုခဲ့ရာ ယခုအခါတွင် မွေးပုလဲ ကန်ဒေါ်လာ၈ဘီလျှံခန့် ထုတ်လုပ်နေသည်။ ပုလဲအလုံး၁၀၀ ရလျှင် ၂၅လုံး အခွန်ပေးရသည့်စနစ်ဖြင့် လုပ်ကိုင်ရာ၊ မြန်မာအစိုးရက ၂၅% တန်ဖိုးရှိသော ပုလဲများကို လေလံတင်ရာတွင် မူလထုတ်လုပ်သော ကုမ္ပဏီများကသာ ပြန်ဝယ်သွားကြသည်။ ၉၀ရာနှုန်းသော ကုမ္ပဏီများသည် ဂျပန်ကုမ္ပဏီများဖြစ်သည်။ ဂျပန်နိုင်ငံမှ ပုလဲလုပ်ငန်းသည် စီးပွားတွက်သားမကိုက်သောကြောင့် ဂျပန်များ ပုလဲမွေးဖို့နေရာလိုက်ရှာရာတွင် မြိတ်ကျွန်းစုကိုတွေ့ရှိပြီး နှစ်ရှည်စီးပွားစာချုပ်ဖြင့် လာရောက်လုပ်ကိုင်လျှက်ရှိသည်။ ထိုအခါ သြစတြေးလျှားမှ ပုလဲကုမ္ပဏီများလည်း အခွင့်အရေးရသည်နှင့် လာရောက်လုပ်ကိုင်ရာ၊ အဖြူကောင်များသည် ပုလဲများကို နည်းမျိုးစုံဖြင့် ခိုးထုတ်နေကြသည်မှာ မျက်နှာဓါးနှင့်လှီးရလောက်အောင် ခပ်ပြောင်ပြောင် ခိုးစားနေသည်ဟု မြိတ်ကျွန်းစုမှလုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။ Offshore ဓါတ်ငွေ့လုပ်ငန်းများနှင့် ပုလဲလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်း၊ လူသုံးကုန်၊ လောင်စာဆီများကို သဘောတူစာချုပ်အရ ရေလမ်းဖြင့် တိုက်ရိုက်မြန်မာနိုင်ငံသို့ Supply Boat (Tug Boat) များဖြင့်တင်သွင်းသည်။  ထိုပစ္စည်းပို့သင်္ဘောလေးများသည် ကွန်တိန်နာ အလုံး၂၀လောက်အထိ၊ ဒီဇယ်ဆီ၊ လောင်စာဆီ တန်ချိန် ၂၀၀၀ အထိ တင်ပို့နိုင်သည်။ ကြိုးနီစနစ်မြန်မာ့အကောက်ခွန်နှင့်ရေတပ်ကို ကျော်ပြီး နိုင်ငံတော်စီးပွားအထူးဇုံအဖြစ် သတ်မှတ်ထားသည်။ ထိုနေရာမှ ပုလဲများကို ခိုးမထုတ်ရန် နိုင်ငံတော်မှ အထူးကြပ်မတ်စစ်ဆေးသည့်ကြားမှ အဖြူကောင် ပုလဲကုမ္ပဏီဝန်ထမ်းများ ခိုးယူပြီး၊ ဖမ်းခံရသည်။ ခပ်ပြောင်ပြောင်ပဲ ..အသိမ်းခံရသည်။ လာဘ်ပေးပြီးပြန်ယူဖို့ကြိုးစားသည်။ အလွန်ရှုပ်သော ဥရောပတိုက် ပုလဲသူဌေးများဖြစ်သည်။ ဂျပန်ဝန်ထမ်းများသည် ထိုကဲ့သို့မလုပ်ကြပါ။ ရိုးသားဖြောင့်မတ်စွာလုပ်ကိုင်ကြသည်။ ၂၅% အခွန်ဆိုသည်မှာ ဂျပန်နိုင်ငံတွင် ၄၅% အခွန်ထက်အများကြီးသက်သာနေပြီဖြစ်သည်။
ခပ်ကြောင်ကြောင် မြန်မာများကိုလှည့်စားပြီး လူလည်လာလုပ်သော မလေးရှားမှ တရုပ်ကုမ္ပဏီတစ်ခုက အိမ်သုံး ၂၂၀ဗို့၊ မြင်းတစ်ကောင်အားမိုတာကို ကွန်ဗတ်တာ၊ ထရန်စဖွန်မာများဖြင့် ဗို့အားမြှင့်တင်ပြီး၊ ပြန်လည်ဗို့အားနှိမ့်ချခြင်းနည်းဖြင့် အဆ၂၀ခန့် လျှပ်စစ်စွမ်းအားပိုသုံးနိုင်သည်ဟူသော စက်တစ်ခုကို ဒေါ်လာတစ်သိန်းကျော်ဖြင့် လာရောက်ရောင်းချနေသည်ကို တွေ့ရသည်။ လျှပ်စစ်ဓါတ်အား အပြင်းထန်ဆာငတ်နေသော မြန်မာနိုင်ငံတွင် အချောင်ရဖို့ စောင့်နေသူများစွာရှိသည်။ ထိုပစ္စည်းကို ဝယ်ရန်ကြံရွယ်နေသူက စက်မှုတက္ကသိုလ်ကျောင်းဆင်း၊ အစိုးရညွန်ကြားရေးမှုးဟောင်းတစ်ဦးဖြစ်သည်။ သူက ကျနော့်အား တိုင်ပင်ရာ၊ Bull Shit စက်ကြီးဖြစ်ကြောင်း ရှင်းပြရသည်။ မင်းကွာ.. အိမ်ပလပ်ပေါက်က လျှပ်စစ်ကို အဆ၂၀တိုးပွားလာအောင် လုပ်မယ်ဆိုတာ မင်းလိုစက်မှုတက္ကသိုလ်ကျောင်းဆင်းကတောင် ယုံချင်သလိုလို ဖြစ်နေတာ အံ့သြတယ်..ဟု မှတ်ချက်ပေးပြီး၊ မဝယ်ရန်ပြောဆိုခဲ့ရသည်။ 
ယခုအချိန်တွင် နိုင်ငံခြားမှာ လာရောက်ရင်းနှီးသူများတွင် မှန်ကန်စွာလာရောက်သူများရှိသလို ဒေါ်လာတစ်သိန်း (ကျပ်သိန်း၁၀၀၀) လိမ်ညာစားရလျှင်ပင် အမြတ်ထွက်လှပြီ။ မြန်မာပြည်ကိုလာသော ရင်းနှီးမြှတ်နှံသူများသည် ပိုင်မှ ငွေကြေးရင်းနှီးပါသည်။ ဒေါ်လာ၁သန်း FDI ရင်းနှီးမည်ဆိုလျှင် ဒေါ်လာ၁သောင်း၊ တစ်သိန်းလောက်နှင့် စပြီးလုပ်ကြည့်သည်။ မဟန်လျှင် အဆုံးခံလိုက်သည်။ 
● လျှပ်စစ်ဓါတ်အားပေးစက်ရုံရင်းနှီးမှုများ
မြန်မာများသည် အကောင်းကြိုက်သည်။ တိုယိုတာကားများ၊ တိုရှိဘာ၊ ဆိုနီတီဗွီများကို သုံးကြသည်။ ကောင်းလဲကောင်းတာကိုး..ဟုပြောနိုင်သည်။ ယခုအခါ မြန်မာများ စက်ပစ္စည်းများကို ဂျာမဏီနိုင်ငံမှ ဝယ်ယူဖို့ကြိုးစားကြသည်။ ဂျပန်နိုင်ငံမှဝယ်ဖို့ကြိုးစားကြသည်။ အကောင်းကြိုက်သောကြောင့်ဖြစ်သည်။ ဂျာမဏီ၊ ဂျပန် ၂နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် အမေရိကန်ကဲ့သို့ အခြေအနေကောင်းသည်။ သို့သော် သူတို့ပစ္စည်းများမှာ ဈေးကြီးလှသည်။ 
ဥပမာ.. တယ်လီဖုန်းဝယ်လျှင် iPhone, Galaxy Sumsung များကို သိန်း၂၀ကျော်ပေးပြီး ငွေတတ်နိုင်သူများက ဝယ်သုံးကြသည်။ မတတ်နိုင်သူက Hwawei တယ်လီဖုန်းကို ၃သိန်းကျော်ဖြင့် ဝယ်သုံးရသည်။ သိန်း၂၀ဖုန်းဝယ်ပြီး မသုံးတတ်၊ လျှောက်နှိပ်ပြီး ပျက်သွားလျှင်ပြင်ခဈေးကြီးသည်။ လွတ်ကျကွဲသွားလျှင် သူဌေးအဖို့မထောင်းသာသော်လည်း ဆင်းရဲသားအဖို့ သိန်း၂၀ ပြသနာကြီးဖြစ်သည်။ တန်ရာတန်ရာ ဝယ်သုံးရသည်။ အလားတူ ကားဝယ်စီးလျှင် သိန်၁၀၀တန် တိုယိုတာ ၂၀၀၅ မိုဒယ်သုံးမလား၊ မာစီဒီး သိန်း၅၀၀တန် ဝယ်စီးမလား။ မိမိဖာသာဆုံးဖြတ်ရန်ဖြစ်သည်။ တရုပ်ဓါတ်အားပေးစက်ရုံ ဝယ်သုံးလျှင် အနှစ်၂၀မပြောနှင့် ၅နှစ်ပင်မခံနိုင်ပါ။ သန်း၁၀၀ တန်ဖိုးကို ဝယ်သုံးတော့မည်ဆိုလျှင် အနည်းဆုံး၂သန်းဖိုးလောက်ကို Consultant ကုမ္ပဏီကို ငှားရမ်းရမည်။ သုံးသပ်ချက်ရလဒ်များကို ဖတ်ရှုတတ်ဖို့ နိုင်ငံတကာအတွေ့ကြုံ (လက်တွေ့) ရှိသူမြန်မာများလိုသည်။ အစိုးရအဖွဲ့တွင် ထိုသို့လက်တွေ့သမားမရှိပါက နိုင်ငံခြားအတွေ့အကြုံ (လက်တွေ့) လုပ်ခဲ့သူများကို ထပ်မံ Internal Consultant အဖြစ်ငှားရမည်ဖြစ်သည်။ သို့သော် နိုင်ငံခြားအတွေ့အကြုံ (လက်တွေ့) ရှိသောမြန်မာများမှာ မြန်မာပြည်ပြန်လာဖို့ မဖြစ်နိုင်၊ ဒီတော့ စာတွေ နိုင်ငံခြားအတွေ့ကြုံရှိသော မြန်မာများပဲ ပြန်လာပြီးအစိုးရကို အကြံပေးကြသည်။ အသက်ကြီးလှပြီဖြစ်သော နိုင်ငံခြားပြန်မြန်မာကြီးများက အစိုးရအကြံပေးလုပ်နေကြသည်။ Better than nothing ဖြစ်သည်။ 
ယခု အင်ဒိုနီးရှား မစ္စတာကျောက်မီးသွေး ကိစ္စမှာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါသည်။ သီလဝါ၊ အလုံ Conbined Gas Turbine စက်ရုံကြီးများမှာ ကိုးရီးယား၊ ဂျပန် နာမည်ရှိကုမ္ပဏီများက လာလုပ်သောကြောင့် မြန်မာများလက်ထဲရောက်လျှင် အိုကေမည်ဖြစ်သည်။ ယခု အင်ဒိုနီးရှားမှလာရောက်လုပ်ကိုင်မည် ဆိုသည်မှာ သူတို့ရင်းနှီးမြှတ်နှံမှု ဒေါ်လာနှင့် ဓါတ်အားပေးစက်ရုံ မဂ္ဂါဝပ်ကို ကြည့်ရုံဖြင့် ဆူဟာတိုလက်ထက်က ခရိုနီများ၊ သူတို့နိုင်ငံတွင် လုပ်စားခဲ့သည့်နည်းကို မြန်မာနိုင်ငံမှ ခရိုနီကုမ္ပဏီများနှင့် ပူပေါင်းလုပ်ကိုင်စားသောက်တော့မည်မှာ ထင်ရှားနေသည်။ ကမ္ဘာဓါတ်အားပေးစက်ရုံ ရင်းနှီးမြှတ်နှံမှုသည် ပျှမ်းမျှ 1 mW = US$1 million ရှိသဖြင့် မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားကလာလုပ်မည့် 100mW စက်ရုံမှာ US$ 100 million သာရှိမည်ဖြစ်သည်။ Eleven Media သတင်းက မှန်သလားတော့မသိ 100mW စက်ရုံကို US$350 million investment ဟုရေးထားသည်။ လုပ်စားကြပေဦးမည်။ ယခင်ကလည်း ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်းများစွာနှင့် နေရောင်ခြည်စွမ်းအား ဓါတ်အားပေးစက်ရုံ မြန်မာအလည်ပိုင်းတွင်တည်မည် အသံထွက်လာသည်။ 
● နိဂုံး(ကောက်နုတ်ချက်)
အင်ဒိုနီးရှားစစ်အာဏာရှင်ဆူဟာတို (ကွယ်လွန်) တပည့်ခရိုနီများနှင့်မြန်မာခရိုနီများ ပူပေါင်းလုပ်ကိုင်စားကြမည့် မစ္စတာကျောက်မီးသွေး လျှပ်စစ်ပရိုဂျက်အဆင်ပြေလျှင် ပိုဆိုးသည့် ဖိလစ်ပိုင်စစ်အာဏာရှင်မားကိုးစ် (ကွယ်လွန်) ၏ တပည့်ခရိုနီများက မြန်မာခရိုနီများနှင့်ပေါင်းပြီး လေးဖက်ထောက်၊တရွှေ့ရွှေ့ လာရောက်ရင်းနှီးကြဦးမည်ဖြစ်သည်။ အင်တာနက်တွင်အလွယ်တကူ ဖတ်နိုင်သော စင်ကာပူပါမောက္ခများ ပြုစုထားသည့် အောက်ပါစာတန်းရှိသည်။ Indonesia , Philippine IPP .. Independent Power Producer. စိတ်ဝင်စားသူ နိုင်ငံတော်အစိုးရ လူကြီးမင်းများအား ရှင်းလင်းပြနိုင်မည့် ပညာရှင်များလိုပါသည်။ လျှပ်စစ်အကြီးစားဓါတ်အားစက်ရုံများကို ဖက်စပ်သွားမလုပ်ပါနှင့်၊ မြန်မာနိုင်ငံ ပိုပြီးမွဲပြာကျသွားပါမည်။ 
http://mingalaronline.biz/philipine.indo.power.htm

ကျောက်မီးသွေးသည် CO ကာဗွန်မိုနောက်ဆိုဒ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းသည် ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံကြီးတရုပ်နှင့်အိန္နိယတို့က ၈၀% လျှပ်စစ်သည် ကျောက်မီးသွေးဓါတ်အားဖြစ်သောကြောင့် မြန်မာနိုင်ငံအဖို့ အလိုလိုညစ်ညမ်းပြီးဖြစ်နေပါသည်။ အစိုးရက လူအများစိုးရိမ်မှုကို လွှတ်တော်တွင် ပွင့်လင်းစွာတင်ပြစေပြီး၊ သူတို့စိုးရိမ်မှုကို မဖြစ်အောင် အကာကွယ်ပေးရမည်ဖြစ်သည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စစ်အာဏာရှင်ခရိုနီများက နိုင်ငံခြားရင်းနှီးမြှတ်နှံသူများအား ၁၀၀% ရင်းနှီးခွင့်မရအောင် ဖက်စပ်လုပ်စားကြပြီး၊ နောက်ဆုံး ထို၂နိုင်ငံတွင် လျှပ်စစ်ပြသနာကြီး ပိုက်ဘောမိသွားခြင်းကို သင်္ခဏ်းစာယူရန်ဖြစ်သည်။ ယခုလည်း သီလဝါရေနက်ဆိပ်ကမ်းကို နိုင်ငံခြား၁၀၀% ရင်းနှီးမှုမှ မြန်မာခရိုနီများက သူတို့လည်းပါမည်။ ဖက်စပ်လုပ်မည် ဆိုပြီး တိုင်းပြည်ပိုက်ဘောမိအောင် လုပ်နေသည်ဟု သိရသည်။ ကျောက်မီးသွေးဓါတ်အား လုပ်သင့်သော်လည်း ယခုမစ္စတာအင်ဒိုနီးရှားများနှင့် ဖက်စပ်မလုပ်သင့်ပါ။ ဂျပန်၊ကိုးရီးယားများကိုသာ ၁၀၀% ရင်းနှီးလုပ်ခွင့်ပေးမှ အနာဂါတ်မြန်မာပြည်လျှပ်စစ်စွမ်းအားအတွက် စိတ်အေးရပေမည်။   

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts