ကဗျာ

“ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ” (Kyaw Moe, Zagawa Myay)

ကျော်မိုး ( စကားဝါမြေ )၊ သြဂုတ် ၈၊ ၂၀၁၂

သားရေ
သားလိုအရွယ် အဖေ့ငယ်ဘဝ
ချပြရရင် မယ်မယ်ရရ ဘာမှမရှိပါဘူးကွာ
ပတ်ဝန်းကျင်က အညတရ
မိဘတွေက ဆင်းရဲလှ
အဖေ့ကိုယ်၌က ထုံအအ
အဲဒီလိုနဲ့ လူ့ဘဝကို
ပုပ္ပါးတောင်ခြေ ကျောက်ပန်းတောင်းဆိုတဲ့
နယ်မြို့လေးက စခဲ့တယ်။ခေတ်စနစ်ဆိုးကြီးထဲ လူဖြစ်ခဲ့ရတဲ

ကလေးတစ်ယောက် ဘဝမှာ
အတွေးတွေက ဒွိဟ
ရည်မှန်းချက်က မှုံပြပြ
ပိုင်ဆိုင်တာက သုည
နေရတာက မပြည့်မစုံဘဝနဲ့ပေါ့။

” စားဝတ်နေ “အရေးသုံးပါးနဲ့
လုံးထွေးပြေးလွှား ရုန်းကန်နေတဲ့
အဖေ့မိဘ
သားကို ကျောင်းထားတာ
ဆရာဝန်ဖြစ်ဖို့
အင်ဂျင်နီယာဖြစ်ဖို့
အဲလို ရည်ရွယ်ချက်ကြီးကြီးမထား
အစဉ်အလာနဲ့ ဝတ္တရား
မပျက်ပြားရအောင်ဆိုပြီး ထားခဲ့တာပါ။

မှုံတေတေ အဖေ့ကျောင်းသားဘဝ
မပြည့်စုံမှုတွေက စခဲ့
ကျောက်သင်ပုန်း၊ ကျောက်တံ
ဗလာစာအုပ် နဲ့ ခဲတံ
ဘာသာရပ္လိုက္အစုံအေ့စ မရွိ
သခၤ်ာကုန္တဲ့အခါ
မြန်မာစာမှာ ပေါင်းရေး
အင်္ဂလိပ်စာအုပ်နောက်ဖက်မှာ လှန်ရေးရင်း
စာအုပ်သစ်လေးရဖို့ စောင့်ခဲ့ရ
ယခုသားမှာလို တပွေ့တပိုက်ကြီးမရှိတဲ့ဘဝပါ။

ညရောက်ပြီလားဆိုရင်
ရေနံဆီမီခွက်က အလင်းရောင်နဲ့
ပြူးပြဲနေအောင် မျက်လုံးဖြဲ
အသံဗြဲကြီးနဲ့ စာကျက်ခဲ့ရ
လျှပ်စစ်မီးဆို ဝေလာဝေး
ဘတ္ထရီအိုးနဲ့ မီးသီးလေးတောင်မရှိ
ပြန်တွေးကြည့်ရင်
ရေနံဆီမီခွက်နဲ့ ဟောဒီအဖေ
လင်ကွန်းရဲ့ ငယ်ဘဝထက်တောင်သာလေမလား?
သိုသော်….သမ္မတလင်ကွန်းလောက်တော့
ဒီအဖေ မတော်၊ မထူးချွန်ခဲ့ပါ။

ထုံပေပေ အဖေ့သဏ္ဍန်
ဂုဏ်ရွှေငွေ မရှိမှန်လည်း
မာနနဲ့ဇွဲမှာ အတန်းထဲ ပထမစွဲခဲ့
သူဌေးသားတွေလို မဝတ်နိုင်
သူတို့လို မစားနိုင်
ကျောင်းစာတော့ ပြိုင်ခဲ့
အဆင့်ကိုကြည့် အတန်းထဲ တစ်နှစ်သုံးမှာ ရှိခဲ့တယ်။

မဆလ ခေတ်ပျက်

လမ်းစဉ်လူငယ်လဲ ဖြစ်ခဲ့
ဘောလုံးကန်၊ ခြင်းခပ်၊ စစ်တိုက်တမ်းဆော့
လှုပ်လှုပ်ရှားရှား အားကစား
ကာယအချိန်များမှာ ပျော်ခဲ့တယ်။

ကျောင်းနဲ့ လမ်းစဉ်လူငယ်မှာ
နို့ဆီနဲ့သကြား၊ ဘီစကစ်များ ပေးပလားဆို
အပြေးအလွား တန်းစီထုတ်
ခြေကုန်သုတ် အိမ်အပြန်
အကြိုက်နှံကာ စားခဲ့
ထိုစကားများ သားပြန်ကြားတော့
ထူးဆန်းထွေလာ အံဖွယ်ကမ္ဘာပေါ့။

အဖေ့အတွက် ကျောင်းဝတ်စုံ
အပြေးအလွှားကြည့်ပါမှ သုံးစုံတည်း
တက်ထွန်နဲ့ မာစရိုက် ကျောင်းဝတ်စုံ
အဖေ့အတွက်တော့ သုံးမကုန်တဲ့ပဒေသာပင်
ဝတ်စရာတွေ တစ်ပုံတစ်ပင် အပြည့်
သားပိုင်တဲ့ဗီဒိုကြီးတစ်လုံးနဲ့
ယှဉ်ကြည့်တော့
မိုးနဲ့ မြေကြီး။

ငယ်စဉ်အဖေ့ဘဝ
အကောင်းဆုံး အစားအစာ
ကြံသကာနဲ့ ကပ်စေးနှဲ
တစ်နှစ်တစ်ခါမှ မြင်ရတဲ့”ရှားမီးချိုချင်”
အဖိုးချိုပြန် ရေခဲချောင်းဆယ်ပြားတန်
ဓါးလှီးတဲ့ရေခဲချောင်းဆို အဖေ့တွက် မလို(မစားနိုင်လို့)
ထိပ်မှာပဲပါ ရေခဲချောင်း အဖေနဲ့ လုံးဝမပေါင်း(ပိုက်ဆံမရှိလို့)
ခါးပိုက်ထောင်ထဲက ပဲကြီးလှော်
ထန်းလျက်နဲ့ တွဲ ဆော်
အဖေ့အတွက် မဟာပွဲတော်
သားရဲ့လက်မှာ စားဖို့ အမြဲဆုပ်
နိုင်ငံခြားလုပ် မုန့်ပုံးနဲ့ချောကလက်
အဖေ့ငယ်ဘဝမှာ တပ်မက်ခဲ့ဘူးတယ်။

တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်းနဲ့စာစောင်တွေ
အဖေ့ဝယ် ကိုယ်ပိုင်မရှိ
ကိုယ်စီကိုယ် သူမလာ
ကိုယ်က သူ့ဆီသွားခဲ့တယ်(သူငယ်ချင်းထံမှငှါး)
ဦးပေါ်ဦးနဲ့ သိခဲ့
စကာတောင်စားနဲ့ သိခဲ့
မင်းသုဝဏ်နဲ့ သိခဲ
အောင်ဆန်းနဲ့ သိခဲ့
သိုသော်…..အဖေနဲ့သိတဲ့သူ နည်းခဲ့
သိသင့်တဲ့လူတွေနဲ့ အလှမ်းဝေးခဲ့
သားကတော့ လူတွေအားလုံးနဲ့သိရမယ်။

ခေတ်ပညာမတတ်ရှာတဲ့ အဖေ့မိဘ
စာအုပ်စာပေနဲ့ အလွန်ဝေး
သားရဲ့အဘ အဖေ့အဖေ
ဘာကြောင့် ခေတ်ပညာမတတ်
သားရဲ့အဘ ကိုးနှစ်သားသူ့အဖေဆုံး
သားလိုအရွယ် အဘမှာ အဖေမရှိ
လေးတန်းနဲ့ ကျောင်းထွက်
ရိုးအတဲ့မိခင်နဲ့ သူ့ညီကို လုပ်ကိုင်ကျွေးခဲ့
ခေတ်ပညာမတတ် ဘုန်းကြီးစာတတ်တယ်
ဘာသာရေး စာတော်တော်ရောက်ခဲ့
ဟောဒီ့သားအဖေ ဘွဲရခဲ့
ပါဠိစာပေ ဘာမှမသိ ငါဆိုတဲ့ ဘဝင်ပဲရှိ
လောကသဘော ပြီးပြည်စုံတယ်မရှိ
ABC အစအဆုံးမသိတဲ့ အဖေ့ အဖေ
နိုင်ငံခြားမှာ နှစ်ကြာစွာနေပြီး ငွေရှာဖူးတယ်။

အဖေနဲ့ သားရဲ့အဘ အတူနေရတာနည်းခဲ့
အဖေ့ အဖေဟာ မိသားစုဘဝပန်းတိုင်ရောက်ဖို့
သံလျက်(ပန်းရံဆရာကိုင်ပစ္စည်း) ကိုင်ပြီး ချီတက်ခဲ့
သူ့သားရဲ့ဘဝပုံပေါ်လှပဖို့
အဲဒီ့သံလက်နဲ့  ပန်းပုထုခဲ့
တစ်သက်စာ စကားတစ်ခွန်းနဲ့ ဆုံးမ
“လူပီသဖို့ ရိုးသားမှုရှိရမယ်”
အဲ့ဒီအချိန်က အဖေ နားမလည်ခဲ့
လူပီသတာ၊ ရိုးသားတာ ဘာမှမသိ
ယခုသားကို ပြောပြမယ်
ရိုးသားဖို့  သီလရှိရ
သီလခိုင်မြဲဖို့ ယုံကြည်မှုရှိရ
သီလ၊ယုံကြည်မှုကို သတိနဲ့ထိန်းရ
ဒီသုံးချက်ပြည်စုံမှ ရိုးသားမှုဂုဏ်မြောက်
ဒီသုံးချက်က ဝါးသုံးချောင်း ထိပ်ဆိုင်ထောင်
အောက်ခြေကားထာပုံနဲ့ တူ
ဝါးတစ်လုံးလဲ ကျန်ဝါးတွေပါ ပြို
ပါးစပ်ကျယ်နိုင်သလောက် အလုပ်ခက်တယ်။

မပြည်စုံမှုနဲ့ အဖေ့ငယ်ဘဝ
ရိုးသားမှုတွေ  ချမ်းသာခဲ့
အဲ့ဒီချမ်းသာတဲ့ရိုးသားမှုက အားလုံးကိုနိုင်ခဲ့
တွေ့ကြုံခဲ့အကျိုးတွေကို ဒါ ငါ့ဘဝလိုလက်ခံခဲ့
လောကသဘော
အမြဲ မဆိုး/မကောင်း ၊ မမှောင်/မလင်း
ဒါသူ့အဆင်းနိယာမ
သိပါမှ လူပီသစွာနေနိုင်တယ်။

အဖေ့ငယ်ဘဝ သံလက်နဲ့ ပုံထုခံခဲ့ရ
အခုသားဘဝ ဒီဖေပေးတဲ့ လူပီသမှုနဲ့ စပါ။

ငယ်ဘဝက ဇွဲ၊ သတ္တိနဲ့ ရုန်းထခဲ့တဲ့ ဒီအဖေ
သားကို အမြင့်ရောက်အောင် ထမ်းတင်ဖို့
ဒူးတစ်ဖက် လှေကားလို ထောက် ထိုင်
ရင်ကိုမော့ ပခုံးကိုအသင့်ပြင်
သားတက်အလာ လမ်းစောင့်
အားကို နိုင်အောင်စု
ခါးကို သန်အောင်ပြုမို့
အဖေ့ပခုံးပေါ် ခုတက်လိုက်ပါ သားငယ် ။      ။

05.08.2012 ( Sun )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts