ဓာတ်ပုံသတင်း နိုင်ငံတကာရေးရာ

ဆန်ဖရန်ဘေးဧရိယာ၊ ရစ်ခ်ျမွန်းမြို့က Chevron ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွား

မိုးမခဓာတ်ပုံသတင်း၊ သြဂုတ် ၇၊ ၂၀၁၂

ယမန်နေ့ ညနေ ၆ နာရီ ၄၀ခန့်က ဆန်ဖရန်ဘေးဧရိယာ အရှေ့ဖက်ခြမ်း၊ ရစ်ခ်ျမွန်းမြို့က Chevron ရေနံချက်စက်ရုံဝင်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးပတ်ဝန်းကျင်မြို့များ၏ ကောင်းကင်ယံအနှံ့ မီးခိုးလုံးများ တိမ်တိုက်သဖွယ် ပျံနှံ့ ဖုံးလွှမ်းသွားခဲ့သည်။ လေထုညစ်ညမ်းမှုနှင့် မီးလောင်မှု ပျံနှံ့လာမည့်အရေး အန္တရာယ်များ ကာကွယ်ရေး သတိပေးချက်များ ထုတ်ပြန်ပြီး မြို့ပတ်ရထားများ၊ ဘတ်စကားများ အသွားအလာကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

မီးလောင်ပေါက်ကွဲမှုမှာ အဆိုပါ စက်ရုံဝင်းအတွင်းမှာပင် ဖြစ်ပွားပြီး ပြင်ပသို့ ကူးစက်ခြင်းမရှိပေ။ ရေနံစိမ်းများ မီးလောင်မှုကြောင့် ပတ်ဝန်းကျင်တွင် မီးခိုးများ၊ ညှော်နံများနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ထိခိုက်စေမှုများ ပျံနှံ့ခြင်းကို ဒေသခံတို့ ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ဒေသတွင်းရှိ ဆေးရုံများတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ထိခိုက်သူ လူနာများကို ကုသပေးနေရသည်ကို သတင်းများတွင် ကြေညာထားသည်။ ထိုဒေသရှိ လူဦးရေ ၁သိန်း ၆ သောင်းခန့်ကို ရိုက်ခတ်မှု ရှိသဖြင့် ဒေသခံအာဏာပိုင်တို့က အနီးကပ် စောင့်ကြည့်ပြီး သတင်းထုတ်ပြန်ပေးနေသည်ကို တွေ့ရသည်။

နောက်ရက်များအတွင်း အဆိုပါ Chevron ရေနံချက်စက်ရုံ သက်တမ်း အနှစ် ၁၁၀ ပြည့် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်နေရာ ကုမ္ဗဏီက သူတို့ အနှစ် ၁၁၀ပြည့် အခမ်းအနားကို ကျင်းပမည်လား မသိရသေးပေ။ မီးလောင်ပေါက်ကွဲမှု အရင်းခံမှာ ဒီဇယ်များ ယိုစိမ့်မှုနှင့် သက်ဆိုင်သော မတော်တဆဖြစ်မှုဟု ခန့်မှန်းသည်။ အတိအကျကို အားလုံးက စုံစမ်းပြီးမှ ထုတ်ပြန်မည် ဖြစ်သည်။

 (Photos – Agency News)

မိုးမခမီဒီယာ၏ အင်တာနက်ပိုင်းဆိုင်ရာ အလုပ်သမားတဦး၏ နေအိမ်နှင့် မီးလောင်မှုနေရာ တမြို့တည်းဖြစ်သော်လည်း သူ့နေအိမ်အတွက် စိုးရိမ်စရာ မလိုကြောင်း အဆိုပါ အလုပ်သမားက သတင်းပို့ပေးသည်။ အဆိုပါ ရစ်ခ်ျမွန်းမြို့တော်အနီးက ပီနိုးကွက်သစ်ရှိ ကေတုမတီ ဓမ္မာရုံတွင် မြန်မာပြည်က ခေတ္တကြွရောက်လာသူ ရွှေည၀ါဆရာတော် သီတင်းသုံးလျက်ရှိရာ ဆရာတော်တို့၏ ဓမ္မာရုံနှင့်လည်း ဝေးကွာကြောင်း ဝေယျဝစ္စဆောင်ရွက်နေသူ ကိုမောင်မောင်သိန်းက မိုးမခကို ပြောကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts