ဓာတ်ပုံသတင်း

တိပိဋက ဘုန်းတော်ကြီးကျောင်းတွင် (၇)ကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ကျော်ဟုန်း ။ သြဂူတ် ၂၊ ၂၀၁၂

ဆီယက်တဲလ်၊ ဝါရှင်တန်ပြည်နယ်၊ အမှတ် 24625 , 104th Ave SE, Kent မှာရှိတဲ့ တိပိဋကဘုန်းကြီးကျောင်းတွင် (၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဇူလိုင် ၂၉ ၊ ၂၀၁၂ နေ့ က ကျင်းပခဲ့ကြပါတယ်။ ထို ဝါဆိုသင်္ကန်းကပ်ပွဲကို ဦးမင်းမောင်ဦးစီးတဲ့ ဂေါပကအဖွဲ့ က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းကလဲ ပါဝင်ဝန်းရံပေးခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရအပြင် ဓမ္မဂုဏ်ရည် မဟာစည် သာသနာ့ရိပ်သာကျောင်းမှ ဦးတိခံညာဏ၊  သီရိရတနာကျောင်း- ဖီလာဒဲဖီးယားမှ ဦးစက္ကိန္ဒ၊  ဓမ္မဝိဟာရ သာသနာ့ရိပ်သာကျောင်း ပို့ လန်း – အော်ရီဂွန်မှ ဦးသီလာစာရ ဆရာတော်များကလဲ ဝါဆိုသင်္ကန်းများ အလှူခံ ယူတော်မူခဲ့ကြပါတယ်။

ဆရာတော် ဦးနန္ဒသာရမှ  ဝါဆိုသင်္ကန်း ကပ်လှူရသော  ကောင်းမှုကုသိုလ်တရားကို  ဟောပြောပြီး  ဆရာတော် ဦးစက္ကိန္ဒမှ သာသနာအတွင်း ပြုခွင့်ရတဲ့ ကုသိုလ်(၅)မျိုးဟာ ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းနိုင်ခြင်း၊ ရှင်သာမဏေ ပြု နိုင်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူနိုင်ခြင်း၊ ကောင်းမြတ်သောတရားဒေသနာ နာယူနိုင်ခြင်းများ ရရှိနိုင်ကြောင်း ကြွရောက်လာတဲ့ ပရိသတ် (၅၀)ကျော်ခန့် ကို ဟောကြားခဲ့ပါတယ်။

ကနေဒါမှ တကူးတကလာရောက်ခဲ့ကြတဲ့ ဓမ္မမိတ်ဆွေများထဲမှ ကိုသက်နိုင်ကလဲ နတ်ပင့်၊ ဘုရားပင့်နှင့် တရားတောင်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနှစ်မှာ ထူးခြားတာကတော့ ဝါဆိုသင်္ကန်းကပ် သက်သက်မဟုတ်ဘဲ  ဝတ်ရွတ်ခြင်းလဲ  ပါဝင်လာခဲ့ပါတယ်။ ဝတ်ရွတ်အဖွဲ့ ကို ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒေါ်စိန်မြ၊ တိပိဋကကျောင်းဂေါပကအဖွဲ့ မှ မအန်းတို့ မှဦးစီးပြီး ကရင်၊ ကယား၊ ရှမ်း တိုင်းရင်းသူကလေးငယ်များက ဝတ်ရွတ်ပူဇော်ခဲ့ကြပါတယ်။

ဂေါပကဥက္ကဌဖြစ်သူ ဦးမင်းမောင်က

“ တိုင်းရင်းသားများ ပါဝင်ဆောင်ရွက်လာတာ ကျှေးဇူးအထူးတင် ဝမ်းသာပါတယ်၊ နောင်လဲ အခုလို စည်စည်ကားကား ကျင်းပနိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်” လို့ မှတ်တမ်းတင် ပြောကြားသွာပါတယ်။

ဘုရားအမှူးပြုပြီး  သံဃာတော်(၄)ပါးကို  ဆွမ်းခဲဘွယ်များလဲ  ကပ်လှူခဲ့ကြတဲ့အပြင်  ပိရိသတ်များကို  ဒေါ်ညွန့် ညွန့် တင်မှ မုန့်ဟင်းခါးဖြင့် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။ မအန်းကလဲ ဖာလူဒါ၊ အချိုမုံ့ မျိုးစုံတို့ နဲ့  ဧည့်ခံခဲ့ပါတယ်။ ရေမြေခြားရောက်နေပေမယ့်လဲ မိမိတို့ ယဉ်ကျေးမှုများနဲ့  ဗုဒ္ဓဘာသာထုံတမ်းစဉ်လာများကို စောင့်ရှောက်ထိန်းသိန်းလိုကြတဲ့ အဝေးရောက်မြန်မာပြည်သားများရဲ့ စေတနာသဒ္ဓါတရားကို ဒီဝါဆိုပွဲတော်မှာ မြင်တွေ့ ခဲ့ရတာဟာ ကြည်နူးစရာပါပဲ။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts