သူတို့အာဘော်

Maung Yit – ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်က ကြိုဆိုပါသည်၊

အယ်ဒီတာ့လက်ရေး ၁၄

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်က ကြိုဆိုပါသည်၊ ကယ်လီဖိုးနီးယားက ကြိုဆိုပါသည်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာက မြန်မာမိသားစုများက ကြိုဆိုနေပါသည်

မောင်ရစ်၊ ဇူလိုင် ၁၉ ၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာမယ့်စက်တင်ဘာ တတိယပတ်မှာ ဂုဏ်ပြုပွဲအခမ်းအနားတွေက ဖိတ်ကြားလို့ လာရောက်မယ် … တဲ့။ ၀ါရှင်တန်ဒီစီ၊ နယူးယောက်တို့က အစိုးရမင်းများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများရဲ့ ဂုဏ်ထူးဆောင် ချီးမြှင့်မှုများကို လက်ခံရယူမယ်လို့ ပြောပါတယ်။

 ထိုင်းနိုင်ငံ၊ ဥရောပနိုင်ငံများ ခရီးစဉ်တွေ သွားရောက်ခဲ့ကတည်းက တကမ္ဘာလုံး တုန်သွားတဲ့ မြန်မာပြည်ရဲ့ အကျဉ်းစံ ဒီမိုကရေစီခေါင်းဆောင်၊ မိခင်၊ ဒေါ်စုရဲ့ သြဇာ၊ အရှိန်အ၀ါနဲ့ စွမ်းဆောင်မှုတွေကို မျက်ဝါးထင်ထင်မြင်ကြရလို့ ကမ္ဘာကြီးနဲ့အတူ မျက်နှာမွဲ ငဒို့ မြန်မာတွေလည်း မျက်နှာပွင့်ကြ၊ ဂုဏ်ယူဝမ်းမြောက်ကြရပါတယ်။

ဒီတခါ အမေရိကန်ပြည်ကြီးကို ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ကြွရောက်လာမယ်လို့ သတင်းထူးကြားလိုက်ရတော့ ကျနော်တို့ အမေရိကန်ရောက်မြန်မာတွေဟာ အထူး ၀မ်းမြောက်ကြတယ်။ ဂုဏ်ယူကြတယ်။ အဝေးရောက် မြန်မာမိသားစုတွေဟာ တိုင်းပြည်ရဲ့ အလင်းရောင် ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲစွာ ကြိုဆိုနေပါကြောင်း၊ မျှော်လင့်နေပါကြောင်း မောင်ရစ်တယောက် အများထဲက တဦးအနေနဲ့ ဦးစွာ တင်ပြလိုက်ပါတယ် ခင်ဗျား။

ကျနော်တို့မှာက ဆုတွေ၊ ဂုဏ်ထူးဆောင်တွေ၊ အထူးတလည် ပေးအပ်ဂုဏ်ပြုစရာ မရှိသော်လည်း ကျနော်တို့ မြန်မာကွန်မြူနီတီကြီး တရပ်လုံးက တ၀ှမ်းလုံးက အမေရိကန်ပြည်က လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အားလုံးကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရင်ထဲ အသည်းထဲက အသည်းနှလုံးတွေ၊ ချစ်ခြင်း မေတ္တာတွေ၊ လေးစားကြည်ညိုမှုတွေ၊ ကျေးဇူးတင် အောက်မေ့မှုတွေကို လမ်းခင်းပြီး သောင်းသောင်းဖျဖျ ကြိုဆိုနေကြမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ကို အလည်အပတ်လာမယ် ဆိုကတည်းက မောင်ရစ်ကို မေးကြပါတယ် ခင်ဗျား။ ကျနော်တို့ဆီကိုကော လာမှာလား။ ကျနော်တို့ ကျမတို့တတွေက မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံး စုဝေးပြင်ဆင်ပြီး ကြိုဆိုနှုတ်ဆက် လက်ဝှေ့ရမ်း ပြလိုကြောင်း၊ ချစ်ခြင်း မေတ္တာများ ထုတ်ဖော် ဂါရ၀ပြုလိုကြောင်း မေးမြန်းစုံစမ်းကြပါတယ် ခင်ဗျား။ ကျနော့်လို အမေရိကန်ပြည်ကြီးရဲ့ အနောက်ခြမ်း၊ ဘေးဧရိယာလိုနေရာမှာ ခပ်ကုတ်ကုတ်နေရသူ မျက်နှာငယ်၊ ကျောမွဲ၊ ရက်စ် နိုး ဗဲရီး ဂွတ်လောက်နဲ့ ရွာရိုးကိုးပေါက်လောက် ခရီးရောက်သူ မောင်ရစ်လို အကောင်မျိုးကလည်း ရှိစုမဲ့စု အထုပ်ကလေးတွေ ဖြေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ကြီး တ၀ှမ်းလုံးက ကြိုဆိုနေပါတယ်။ အမေရိကန် အရှေ့ခြမ်းကလည်း ကြိုဆိုသလို အလယ်ပိုင်းကလည်း ကြိုဆိုနေပါတယ်။ အဲသည်လိုပဲ အမေရိကန် အနောက်ခြမ်းက၊ ကယ်လီဖိုးနီးယားက၊ ဆန်ဖရန်ဘေးဧရိယာက မြန်မာမိသားစုတွေက ကြိုဆိုနေကြပါတယ် ခင်ဗျား။ ကလေးတွေလို မူလတန်းအဆင့်က ကျောင်းသားတွေလို ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ကျနော်တို့နေထိုင်ရာ ဆန်ဖရန်ဘေးဧရိယာ ကျေးလက်တောရွာလေးကို အလည်အပတ်လာသင့်ကြောင်း ပြိုင်ပွဲဝင် အက်ဆေးအရေးပြိုင်ပြီး လူကြီးမင်းများထံ ရွှေနားတော် သွင်းရမလို ဖြစ်နေသလား တွေးမိပါတယ်။ ကဲ … ရေးဆိုလည်း ရေးရတာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား …

ကျနော်တို့ ဆန်ဖရန်ဘေးဧရိယာက မြန်မာမိသားစုများ၊ ကွန်မြူနီတီက ကြိုဆိုနေပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ အမေရိကန်ပြည်သား မြန်မာပြည်ချစ်သူတွေက ဆန်ဖရန်စစ္စကိုဘေးဧရိယာကနေ ခွပ်ဒေါင်းအလံတွေ လွှင့်ထူပြီး ကြိုဆိုနေပါတယ်။ အဲသည် ခွပ်ဒေါင်းအလံတွေဟာ ဆန်ဖရန်ဘေးဧရိယာမှာ အခုမှ မဟုတ်ပါဘူး၊ အမြဲတန်း လွှင့်ထူနေတဲ့ မြန်မာမျိုးချစ်တွေရဲ့ အလံတွေ ဖြစ်ပါတယ်။

ကျနော် မှတ်မိသလောက် ပြောရရင် ဘေးဧရိယာက မြန်မာမိသားစုတွေဟာ မြန်မာပြည်တွင်းက ဖုန်းမော်နေ့၊ ၈လေးလုံးနေ့တွေကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။ နှစ်စဉ် အခမ်းအနားတွေ စုဝေးကျင်းပခဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာတွေ မညီညွတ်ဘူး၊ မညီညွတ်ဘူးဆိုတဲ့ အပြောအဆို အနွံအတာတွေကို ရင်ဆိုင်ဖြတ်သန်းပြီး တူတာကို တွဲလုပ်၊ မတူတာကို ခွဲလုပ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ တူနေရဲ့သားနဲ့ တွဲမလုပ်နိုင်ဘူးဆိုပြီး ဘေးတိုက် ကန့်လန့်တိုက် ခွဲလုပ်တဲ့ အကျင့်တွေကို ခွာချနိုင်တဲ့ မြန်မာမိသားစုတွေ ဖြစ်နေပါပြီ ခင်ဗျား။ ဒါကြောင့် ကျနော်တို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

ကျနော်တို့တတွေဆီမှာ စာအုပ်နဲ့လာသူတွေ၊ စာရွက်နဲ့ လာသူတွေ၊ တောကျော်၊ တောင်ကျော်တွေ၊ ခုန်ချသူတွေ၊ ခုန်တက်သူတွေ၊ ခလုတ်တိုက်သူတွေ၊ ထီပေါက်သူတွေ၊ ဘယ်လိုသူတွေပဲ ရှိရှိ ကျနော်တို့တတွေဟာ မြန်မာတွေ (ဗမာတွေ) Burmese တွေပဲလို့ တသဘောတည်း ရှိနေပါတယ် ခင်ဗျား။ BADAတွေ၊ BAWA  တွေ၊ ဘစတွေ၊ ၈၈ မျူိးဆက်တွေ၊ အေဘီတွေ၊ အင်န်အယ်ဒီတွေ၊ သုံးရောင်ခြယ်တွေ၊ တပ်ဦးတွေ၊ သမဂ္ဂတွေ၊ တပ်မတော်သားဟောင်းတွေ၊ လူ့ဘောင်သစ်တွေ၊ ဒုက္ခသည်တွေ၊ ခိုလှုံသူတွေ၊တိုင်းရင်းသားတွေ၊  ရွှေဝါရောင်တွေ၊ ဘာတွေ ညာတွေ ဘယ်လိုမျိုး အဖွဲ့အစည်းတွေ အမျိုးမျိုး အစုံစုံရှိနေနေ “ဒီလူနဲ့ ဒီလူတွေချည်းမို့” လုပ်စရာရှိ အားလုံး အတူတူပဲ ၀ိုင်းလုပ်ကြသူတွေချည်း စုစုစည်းစည်း ရှိနေပါတယ် ခင်ဗျား။ ဒါကြောင့် ကျနော်တို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

အဲသည်လူတွေကပဲ လက်တွဲပြီးတော့ အောင်ဆန်းဦး (လဲ့လဲ့နွယ်သိန်း (ကလောင်အမည် – မေတ္တာဦး)) အိမ်ရှေ့လည်း ဆန္ဒသွားပြခဲ့တာပဲ။ သည်မြန်မာမိသားစုတွေပဲ ဒေါ်စု မွေးနေ့ အဆက်ဆက်ကို လွတ်မြောက်ရေးဆုတောင်းပွဲ အဖြစ် အသွင်ပြောင်းပြီး မပျက်မကွက်လုပ်ခဲ့ကြတာပါပဲ။ Total ပဲဖြစ်ဖြစ် Chevron ပဲ ပြောင်းပြောင်း မြန်မာပြည်ပိတ်ဆို့အရေးယူနိုင်ဖို့ စစ်အာဏာရှင်အားပေး အလိုတော်ရိတွေကို ကန့်ကွက်ဆန္ဒပြပွဲတွေ၊ ဆွေးနွေးပွဲတွေ လှုံ့ဆော် နိုးကြားမှုအလံတွေကို လွှင့်ထူခဲ့ကြသူတွေချည်းပါပဲ။ ဒီပဲယင်းမှာ ဒေါ်စုနဲ့ ဒီမိုကရေစီပြည်သူတွေကို လုပ်ကြံခဲ့သူတွေကို ကန့်ကွက်မှုတွေ ရောက်တဲ့နေရာကနေ အစွမ်းကုန် ထကြွခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲသည် မြန်မာကွန်မြူနီတီ မိသားစုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား … ကျနော်တို့ မြန်မာမိသားစုတွေဟာ လူမှုရေးအဖွဲ၊ ဖျော်ဖြေရေး၊ ပညာရေးအဖွဲ့၊ ဘာသာရေးအဖွဲ့တွေ ဘယ်လိုပဲ များများ၊ ဘုန်းကြီးကျောင်းတွေ ဘယ်လိုပဲ ကွဲပြား ကွဲပြား၊ မြန်မာပြည်အရေးမှာ ဘယ်တုန်းကမှ လက်နှေးခဲ့သူတွေ၊ တွန့်တိုသံသယထားသူတွေ မဟုတ်ခဲ့ပါဘူး ခင်ဗျား။ အတူတူတွဲပြီး စတိတ်ရှိုးတွေ၊ တရားပွဲတွေ၊ ရန်ပုံငွေပွဲတွေ ခြိမ့်ခြိမ်သဲကျင်းပကြသူတွေ ဖြစ်ပါတယ်။ စာပေဟောပြောပွဲတွေလည်း တတ်နိုင်သလောက် ရှိတဲ့ အင်အားနဲ့ ကျင်းပကြသူတွေ ဖြစ်ပါတယ်။

၂၀၀၇ သံဃာ့အရေးတော်ပုံကြီးမှာ မြန်မာပြည်သူတွေနဲ့ အတူတူ ငိုကြွေးခဲ့သူတွေ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကို လမ်းမတွေမှာ အမေရိကန်သား မြန်မာပြည်ချစ်သူတွေနဲ့လက်တွဲပြီး မြန်မာပြည်အတွက် ဟစ်ကြွေးခဲ့သူတွေဖြစ်ပါတယ်။ တရုတ်သံရုံးနဲ့ ယူအင်န်ရုံးတွေမှာ ခွပ်ဒေါင်းအလံကို လွှင့်ထူပြီး မြန်မာ့အရေး အာရုံစိုက်လာကြဖို့ ရုန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြန်မာပြည်က အကျဉ်းစံ သံဃာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီပံ့ပိုးခဲ့ကြသူတွေ ဖြစ်ပါတယ်။ သံဃာ့အရေးတော်ပုံကို ထောက်ခံတဲ့ ရန်ပုံငွေပွဲတွေကို မိမိတို့ ချွေးနည်းစာတွေနဲ့ ကျင်းပခဲ့သူတွေပါ။ ၂၀၀၈ နာဂစ်မုန်တိုင်းက စတင်ပြီး ပဲခူးရေဘေး၊ ရခိုင် ဂီရိမုန်တိုင်းက ဒုက္ခသည် မြန်မာပြည်သူတွေကူညီဖို့ ရန်ပုံငွေပွဲတွေ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးပြီး စေတနာ့ဝန်ထမ်းရတာကို ဂုဏ်ယူနေတဲ့ အဲသည် မြန်မာကွန်မြူနီတီ မိသားစုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

ရယ်မောစရာ တခုကြားဖြတ်ပြောရရင် မြန်မာ့ပြည်ရဲ့ ၈၈ ဒီမိုကရေစီသမိုင်းကို လိမ်ညာတဲ့ အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားသရုပ်ဆောင်တွေကို အမေရိကန်ပြည်မှာ ကန့်ကွက်ဆန္ဒပြခဲ့သူတွေရော၊ အားပေးကြည့်ရှုသူတွေ အားလုံးဟာ ဘေးဧရိယာမှ အတူတကွ နေထိုင်ပြီး မတူညီသော သဘောထားတွေကို ထုတ်ဖော်ပြသခဲ့ကြသူတွေဖြစ်ပါတယ်။ Agree to Disagree ဆိုတော့ ကန့်ကွက်စရာရှိ ကန့်ကွက်၊ သဘောကွဲလွဲစရာရှိလည်း ကွဲလွဲပြီးတော့ မြန်မာ့အရေးအတွက် ဆက်လုပ်စရာရှိတာ တွဲလုပ်စရာရှိလည်း တွဲလုပ်ကြသူတွေ ဖြစ်ပါတယ်။

မြန်မာပြည်အရေးအတွက် အမြဲတန်း နိုးကြားတက်ကြွနေတဲ့ ဆန်ဖရန်စစ္စကိုနဲ့ ဘာကလေမြို့တော်တွေမှာ ၂၀၀၇ နောက်ပိုင်းမှာ သြဂုတ် ၈ နေ့ကို Burma Day  အဖြစ် သတ်မှတ်ခွင့်ရကြတာမို့ အမြဲတန်း နှစ်စဉ် ရှစ်လေးလုံးနေ့ကျရင်  ခွပ်ဒေါင်းအလံနဲ့ မြန်မာ့လွတ်လပ်ရေးခေတ်ဦး ပြည်ထောင်စု ကြယ် ၅ပွင့် အလံကို အမေရိကန်အလံတိုင်မှာ လွှင့်ထူခွင့် ရခဲ့ကြတဲ့ ဆန်ဖရန်ဘေးဧရိယာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

 လက်ရှိ မျက်မှောက်အရေးတွေကိုလည်း ကျနော်တို့မြန်မာမိသားစုတွေက အဆက်မပြတ် စွမ်းသမျှ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံတဲ့ ကန့်ကွက်ပွဲတွေ လုပ်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ပျော်ပွဲဆင်ခဲ့ကြသူတွေပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားအားလုံး ဆုံစည်းကြရာ အချင်းချင်း ယိုင်းပင်းဖို့ တက်ကြွသူတွေဖြစ်တဲ့ မြန်မာမိသားစု ကွန်မြူနီတီပါ။

ကချင်ဒုက္ခသည်တွေ အရေး၊ ဧရာဝတီမြစ်ကြီးနဲ့ မြစ်ဆုံဆည်အရေးတွေမှာ ကန့်ကွက်တာတွေ၊ ဆွေးနွေးပွဲတွေ လှုံ့ဆော်ပွဲတွေ လုပ်ခဲ့ကြသလို လတ်တလော ရခိုင်အရေးမှာ ဒုက္ခသည် ရခိုင်ပြည်သူတွေ ကူညီအားပေးဖို့ အလှူငွေရန်ပုံငွေပွဲတော် ကျင်းပနိုင်ခဲ့ပါတယ်။ ဒေါ်အာင်ဆန်းစုကြည် ခင်ဗျား … မြန်မာပြည်က အမျိုးသားရေးစွမ်းဆောင်သူတွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းရဲ့ အိပ်ခ်ျအိုင်ဗီစင်တာ ကူညီရေး အလှူခံ လှုံ့ဆော်တာတွေတင်သာမက ၊ အန်ကယ်ဦးဝင်းတင်ရဲ့ နိုင်ငံရေးအကျဉ်းသားကူညီမှုတွေကိုလည်း ထောက်ခံသူတွေပါ။ ၈၈ မျိုးဆက်တွေရဲ့ လက်ရှိ မြန်မာအရေး ဦးဆောင်နေမှုတွေကို ဂုဏ်ယူ ၀မ်းမြောက် နှစ်ထောင်း အားရ ဖြစ်နေကြသူတွေပါ။

နာရေးကူညီမှုအသင်း ဦးကျော်သူ၊ စွယ်စုံရ လူရွှင်တော် ကိုဇာဂနာတို့ အမေရိကန်ပြည်ထောင်စုကို အလည်လာရောက်တော့လည်း လှိုက်လှဲပျုငှာစွာ ကြိုဆို ဧည့်ခံ ဂုဏ်ယူခဲ့ကြသူတွေ ပါ ခင်ဗျား။ အဲသည်လိုမျူိး မြန်မာ့အရေးအတွက် ဂုဏ်ယူဖွယ် ဆန်ဖရန်ဘေးဧရိယာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

မြန်မာပြည်အရေးအတွက် (JADE အရေးယူမှု) ကိုအထူးအားစိုက်ခဲ့သူ ဒီမိုကရက်ပါတီက အထင်ကရပုဂ္ဂိုလ်၊ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ တွန်လင်တို့စ် အခြေစိုက်တဲ့ ဆန်ဖရန်စစ္စကို ဘေးဧရိယာပါ။ ရှေးရိုးမစွဲဘဲ အမြဲတန်း အပြောင်းအလဲနဲ့ လွတ်လပ်မှုတွေကို အားပေး မြေတောင်မြှောက်ပေးတဲ့ ဒီမိုကရက် နိုင်ငံရေးသမားတွေကြောင့် အာရှသားတွေ၊ နိုင်ငံရပ်ခြားက ပြောင်းရွှေ့လာသူတွေ မျက်နှာမငယ်ရတဲ့ ဆန်ဖရန်စစ္စကို ဘေးဧရိယာပါ။ အဲသည်က မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

တကယ်တန်း ပြန်စဉ်းစားကြည့်လိုက်ပြန်တော့ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှတင် မဟုတ်ပါဘူး။ အမေရိကန်ပြည်တ၀ှမ်းလုံးမှာ ရောက်ရှိနေတဲ့ မြို့နယ်တိုင်း ပြည်နယ်တိုင်းက မြန်မာကွန်မြူနီတီအားလုံး၊ မြန်မာမိသားစုတွေ အားလုံးဟာ ကျနော်တင်ပြခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားမှုတွေမှာ (ကျနော် ရေးသား ဖြည့်စွက်ရန် ကျန်သွားတဲ့၊ သည်ထက်လည်း ပိုမိုသာလွန်တဲ့ စွမ်းဆောင် ကြိုးပမ်းချက်တွေနဲ့) ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးလွှင့်တင်ပြီး ရပ်တည်ဆောင်ရွက်ခဲ့ကြသူတွေ ချည်းပါပဲ။ သူတို့တတွေ အားလုံးက ငြိမ်းချမ်းရေး မိခင်၊ ဒီမိုကရေစီ သူရဲကောင်း၊ မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ရောက်ရှိနေရာ အရပ်တွေကနေ ညီညာဖျဖျ အသီးသီး ထကြွလို့ လှိုက်လှဲပျူငှာစွာ ကြိုဆိုနေကြပါတယ်။

မြန်မာပြည်ကြီးအတွက် ကျရာ ရောက်ရာနေရာဒေသကနေ အသန့်ရှင်းဆုံး ဖြူစင်သော မေတ္တာ စေတနာတွေ ပေးဆပ်နိုင်စွမ်းသမျှတွေကို လမ်းခင်းပြီးတော့ ကျနော်တို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (ကျန်းမာပါစေ)။ ။

            


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “Maung Yit – ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်က ကြိုဆိုပါသည်၊
  1. ဒေါ်စုကိုဆန်ဖ၇န်စစ်စကိုကမှမဟုတ်ပါဘူး ကဘာ့အနှံ့အပြားကလူသားတွေအမြောက်အမြားကြိုဆိုနေကြတာပါ

Comments are closed.