သတင်းဆောင်းပါး

USA – သမ္မတအိုဘားမားလက်ထက် အမေရိကန်လွှတ်တော် လူကြိုက်အနည်းဆုံး

သမ္မတအိုဘားမားလက်ထက် အမေရိကန်လွှတ်တော် လူကြိုက်အနည်းဆုံး

နိုင်ငံတကာသာဂိ၊ ဇူလိုင် ၁၂၊ ၂၀၁၂

            ၂၀၀၈ ရွေးကောက်ပွဲ အနိုင်ရပြီး ပထမ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်နေသော လူမည်းသမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်ပြည်၏ ကွန်ဂရက်ခေါ် အောက်လွှတ်တော်မှာ ပြည်သူလူထု၏ ရှုတ်ချမှု အများဆုံးခံနေရကြောင်း ပုဂ္ဂလိကဆန္ဒကောက်ခံမှု စာရင်းများက ဆိုသည်။ ကွန်ဂရက်သည် ဘာမျှ အလုပ်မဖြစ်ဟု အမေရိကန် ၇၄% က သဘောထားသည်ဟု ထုတ်ပြန်ထားသည်။

အတိုက်အခံ ရစ်ပတ်ဘလစ်ကန်အမတ်များ ကြီးစိုးထားသော အောက်လွှတ်တော်က သမ္မတတင်သွင်းထားသော ဥပဒေကြမ်းများ၊ အဆိုများ၊ အမည်စာရင်း တင်သွင်းမှုများကို ကန့်ကွက်ခြင်း၊ ပိတ်ဆို့ခြင်း၊ အချိန်ဆွဲခြင်းတို့ဖြင့်သာ အချိန်ကုန်နေသည်ဟု အဆိုပါ ဆန္ဒထုတ်ဖော်သူတို့က မှတ်ချက်ပေးသည်။ ထိုသို့ ရှုမြင်နေစဉ်အတွင်းမှာပင် အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေသည် ဖွဲ့စည်းပုံနှင့်ညီသည်ဆိုသော နိုင်ငံတော်တရားရုံးချုပ်ဆုံးဖြတ်ချက်ကို ကွန်ဂရက်က ထပ်မံ အသနားခံစာ တင်ဦးမည်ဟု ထုတ်ပြန်လိုက်သည်။

ကွန်ကရက်၏ တနေ့တာ ကုန်ကျစာရိတ်မှာ ဒေါ်လာ သန်းဂဏန်း နေ့စဉ် ရှိပြီး ထိုလွှတ်တော်တွင် သမ္မတ၏ ကျန်းမာရေးဥပဒေကို ကန့်ကွက်ကြောင်း အဆိုတင်ခြင်း၊ အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့သည့်အကြိမ်ပေါင်း ၃၀ ကျော် ခဲ့ပြီ ဖြစ်သည်။ ထိုသို့ အဆိုပြုတိုင်း အာဏာရ ဒီမိုကရက်တို့ ကြီးစိုးသည့် အထက်လွှတ်တော်က ပယ်ချခဲ့သော်လည်း နိုင်ငံရေးထိုးစစ်အဖြစ် အတိုက်အခံတို့က တမင်သက်သက်လုပ်နေခြင်း ဖြစ်သည်ဟု စောင့်ကြည့်သူတို့က ရှုမြင်သည်။

ယခုသမ္မတအိုဘားမား အုပ်ချုပ်သည့် လက်ထက်၊ အမေရိကန်စီးပွားရေးကပ်ကို ရင်ဆိုင် ကျော်ဖြတ်နေရသည့် အချိန်အတွင်း အတိုက်အခံ ရှေးရိုးစွဲ ရစ်ပတ်ဘလစ်ကန်ပါတီနှင့် ၎င်းအမတ်များ၏ နိုင်ငံရေးနှင့် အယူဝါဒရေးရာတွင် လက်ရှိအစိုးရနှင့် ပဋိပက္ခမှုများ ပိုမို ပြင်းထန်နေသည်ကို တွေ့ရသည်။

သမ္မတ၏ ပထမသက်တမ်းအတွင်း အဓိကစွမ်းဆောင်ချက်များဖြစ်သော – ဘဏ်များကို အရှုးံပြနေမှုမှ ကယ်တင်ခြင်း၊ အရှုံးပေါ်နေသော အမေရိကန်ကားလုပ်ငန်းကို ကာကွယ်မှုပေးခြင်း၊ အမေရိကန်၏ စွမ်းအင်သုံးစွဲမှုကို ပြုပြင်ပြောင်းလဲခြင်း နှင့် ၀င်ငွေခွန် သက်သာမှုများ ပေးခြင်းတို့ကို ရီပတ်ဘလစ်ကန်တို့က အမြဲတစေ တိုက်ခိုက်ပြစ်တင်ခဲ့ကြသည်။ အိုဘားမားအစိုးရက စီးပွားပျက်ကပ်ဆိုက်နေချိန် အစိုးရနှင့် ပြည်သူတို့ ဘဏ္ဍာရေး အသုံးလိုငွေပြမှုကို ကာကွယ်ရန် ကြွယ်ဝသူများထံက အခွန် အနည်းငယ်တိုးကောက်ရန်ကိုလည်း ရီပတ်ဘလစ်ကန်အမတ်တို့က ကန့်ကွက်လျက်ရှိသည်။

အဓိက ရှေးရိုးစွဲတို့၏ တိုက်ခိုက်မှုများမှာ အိုဘားမားနှင့် ဒီမိုကရက်ပါတီ အမတ်တို့၏ ခေတ်ပေါ်အယူဝါဒများကို ဖော်ဆောင် ချမှတ်ခြင်းများဖြစ်သည်။ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ငွေကြေးလုပ်ငန်းများကို ကြည့်ကြပ်ရေး ဥပဒေများကို အရင်းရှင်ကြီးများနှင့် ရှေးရိုးစွဲတို့က လက်ခံခြင်း မရှိပေ။ ထို့အတူ တပ်မတော်အတွင်း လိင်တူချင်း ချစ်ကြိုက်သူများကို တရားဝင်လက်ခံခြင်း၊ အစိုးရတရပ်အနေဖြင့် လိင်တူချင်း ချစ်ကြိုက်သူများ လက်ထပ်ခွင့်ကို လက်ခံခြင်း နိုင်ငံခြားရေးရာ မူဝါဒတွင် အာဏာရှင်များကို ကိုင်တွယ်ရာတွင် အပျော့ အမာ နည်းလမ်းမျိုးစုံ သုံးစွဲပြီး သိမ်းသွင်းခြင်းတို့ကို ရီပတ်ဘလစ်ကန်တို့က ဝေဖန်ခြင်း အပြစ်ရှာခြင်း ကန့်ကွက်ခြင်း အမြဲတစေပြုလုပ်ခဲ့ကြသည်။

သို့ဖြစ်၍ လက်ရှိသမ္မတနှင့် အာဏာရ ဒီမိုကရက်ကို လုံးဝဖြုတ်ချပြီး အလုံးစုံ ပြောင်းမှ ရမည်ဟု ရှေးရိုးစွဲ အတိုက်အခံတို့က ၎င်းတို့၏ မဲဆွယ်ရေး ကြွေးကြော်သံဖြင့် လူထုနှင့် မဲဆန္ဒရှင်များကို လှုံဆော်လျက်ရှိသည်ကို တွေ့ရသည်။

ထိုကဲ့သို့ တဖက်ပါတီနှင့် ပြိုင်ဖက်တို့၏ အာဏာရအစိုးရကို လက်တွဲ စည်းရုံး ဆောင်ရွက်ခြင်း မရှိဘဲ နေရာတကာ ကန့်လန့်တိုက်နေမှုများကြောင့်၎င်း၊ အမေရိကန်ပြည်၏ အကြပ်အတည်းကာလအတွင်း တိုင်းပြည်၏အရေးကိစ္စများ အလုပ်ဖြစ်ရေးကို ဦးစားပေးခြင်း မရှိခြင်းကြောင့်၎င်း အမေရိကန်ပြည်သူတို့ထံက ဆန္ဒသဘောထားတွင် လက်ရှိ လွှတ်တော်ကို အယုံအကြည်မရှိသူ ရာခိုင်းနှုန်း ၇၄ ရှိနေခြင်း ဖြစ်သည်ဟုသတင်းများက ဆိုပါသည်။ အဆိုပါ အတိုက်အခံ ရီပတ်ဘလစ်ကန် လွှတ်တော်ကလည်း ယခု ၂၀၁၂ ရွေးကောက်ပွဲတွင် အိုဘားမားနှင့် အပေါင်းအပါများကို အပြုတ်တိုက်ပြီး တိုင်းပြည်ကို လက်လွှဲယူမည်ဟု ကြွေးကြော်လျက်ရှိသည်။

“မြန်မာပြည်မှာကတော့ အခုမှ လွှတ်တော်ကို တကယ်အလုပ်ဖြစ်မဖြစ် မျှော်လင့်ချက်တွေနဲ့ စောင့်ကြည့်နေတုန်းရှိသေးတယ်။ ဒါပေမယ့် မြန်မာလွှတ်တော်မှာက ရွေးကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်အမတ် ဖြစ်ချင်သလား၊ အစိုးရ၀န်ကြီးဖြစ်ချင်သလား … ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ တပ်မတော်က ရှိနေတော့ ပြောရတော့ ခက်တယ်”

ဟု စာဖတ်သူတဦးက အမေရိကန်ုနှင့် မြန်မာလွှတ်တော်ကို မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts