ငွေစင်ရတု အကြို ဥဒါန်း
ကျော်ဟုန်း၊ ဇူလိုင် ၇၊ ၂၀၁၂
တခါတခါ စဉ်းစားတယ်
ငါတို့ ဟာ စံနစ်ရဲ့ ထုတ်ကုန်တွေများလား
ငါတို့ ဟာ စံနစ်လား ၊ စံနစ်ဟာ ငါတို့ လား
ဆယ်စုနှစ် နှစ်စုခွဲခန့် က ပု စ္ဆာ
ခုထိ တွက်လို့ ကောင်းဆဲ။
ဒီမြေလွှာကို ခွာထုတ်ရင်
သွေးတွေ အဖတ်ဖတ်
ချွေးတွေ တဖတ်ဖတ်
အလွှာလိုက် ရှာတွေ့ မယ်
စံနစ်ရဲ့ ဝါးမြိုပုံများ။
ကာလ ဝါဒလှိုင်းတွေကြား
မုန်တိုင်းတွေ တိုက်လိုက်ကြတာ
ပျဉ်းမ ငုတ်တိုပါ တိုက်စားသွားပေါ့
ဘိုးဘလက်ထက်က ပျဉ်းမငုတ်တိုအကျန်
ငါတို့ လက်ထက်မှာ အမြစ်ပါကျွတ်ထွက်
ငါတို့ တွေလဲပဲ ငါးတော့ငါး
လတာပြင်မှာ ကူးတဲ့ငါးတွေ ဖြစ်ကုန်ပြီ။
အခက်အခဲဆိုတာမရှိရင်
သက်ရှိလူတွေ ဥာဏ်တုံးသွားမှာပေါ့
အကြမ်းတမ်းဆုံးနဲ့ အချောမွေ့ ဆုံးဟာ
ကျောချင်းကပ်လို့ ယုံကြည်ရင်း
ဘာသာဗေဒတွေကို သင်ယူခဲ့
သင်ယူရင်းနဲ့ တည်ဆောက်
တည်ဆောက်ရင်းနဲ့ သင်ယူ
အဲ့ဒီမှာ စံနစ်ရဲ့သားကောင်
အဲ့ဒီမှာ ဝါဒရဲ့ဖွားဖက်တော်
ငါတို့ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြ။
တခါတလေ ကိုယ့်ကိုယ်ကို သနားစိတ်ဝင်ရင်
ယူမယ့်သူတွေအတွက် ပေးဆပ်သူဖြစ်ရတာ
ပါရမီဖြည့်ကျင့်ခြင်းပဲလို့  ဖြေတွေး
ဒီဖြေတွေးဟာ ဖြေဆေးဖြစ်ခဲ့တယ်။
ဖြေဆေး ဖြေဆေးဆိုပြီး
မော့မော့သောက်နေလိုက်ကြတာ
နှစ်တွေ အလီလီချီလာတော့
ဖြေဆေးဟာ မြွေပွေးဖြစ်
မြွေပွေးအဆိပ် နားထင်တက်ခဲ့ပေါ့။
ပြာနှမ်းနှမ်း အသားအရေတွေ မြင်တယ်
ထိုးထောင်ကျို့ တဲ အမွှေးအမြှင်တွေ နီကျင်တယ်
အရိုးပေါ် အရေတင် အကြောတွေ တင်တယ်
ဖဲ့စားခံရတဲ့ ရာသီအထပ်ထပ်ကြားမှာ
ဇရာဟာ ကဗျာဖွဲ့ လောက်အောင် တော်မဝင်လဲပဲ
ရုပ်ထောင်းပေမယ့် စိတ်မထောင်း ကိုယ်မကြေသေးခဲ့။
စံတင် ဂန္တဝင်မြောက်သူ ဂုဏ်ပြုထိုက်သူများရဲ့ ပုံပွား
ကျောက်ရုပ်ထုတွေကို ကြည့်ရင်း
ကိုယ့်မျက်နှာကို ကျောက်ရုပ်ထုမျက်နှာပေါ်မှာတပ်သူလဲရှိ
ကျောက်ရုပ်ထုတွေကို ကြည့်ရင်း
ကိုယ့်ကိုယ်ကို သတ်သေချင်သူတွေလဲ ရှိ
ကျောက်ရုပ်ထုတွေကို ကြည့်ရင်း
အရိပ်အောက် မှေးမှိတ်ခိုနားချင်သူတွေလဲ ရှိ
ကျောက်ရုပ်ထုတွေကို ကြည့်ရင်း
ကျောက်ရုပ်ထုတွေ ဖြိုချချင်သူတွေလဲ ရှိ
ရှိချင်တိုင်း ရှိနေတဲ့သူတွေထဲ
ငါတို့ ဟာ ကျောက်ရုပ်ထုမဖြစ်သေးတဲ့ ကျောက်ရုပ်လားပေါ့
တချို့ စိတ်ကူးယဉ်နေကြပုံများပြောပါတယ်။
အိပ်မက်တွေကို လက်တွေ့ ဖော်ရင်း
ယဉ်ကျေးမှုသစ်တွေ ထူထောင်ကြတဲ့လူ့ သမိုင်း
အရိုင်းမခံဘူး အညံ့မခံဘူး အနံ့ ခံရူးရင်း
အလှမာနတွေချမ်းသာတဲ့သူတွေက
ငါတို့ ခေတ် ငါတို့ စံနစ်လို့ 
ကောင်းကင်အသစ်ကို ဖွင့်တယ်
အလံသစ်ကို လှုပ်တယ်
ကြမ္မာသစ်ကို လွှင့်တယ်
အဲ့ဒီမှာ အဟောင်းနဲ့ အသစ် စတွေ့ တော့တာပဲ။
မီးခဲကို ရေနဲ့ ဖျန်းတော့ ရှဲကနဲမြည်
အငွေ့ တွေ တလူလူ တအူအူ
အဲ့ဒီအငွေ့ က ငါတို့ လူတွေ
အငွေ့ ဆိုတော့လဲ လွှင့်ချင်ရာလွှင့်ပေါ့
ယုံကြည်ရာကို လွှင့်ချင်ရာကို လွှင့်ပေါ့
တပြားမှကို မလျှော့ဘူး လွှင့်နေတာက
တပြားမှကို မရှိခဲ့လို့  တပြားမှမလျှော့တာ
ဒါကို မှားတယ်ထင်ရင်လဲ မှတ်စုစာအုပ်ထဲရေးတေးကြ
ဒါပေမယ့် အဲ့ဒီမှတ်တမ်းစာအုပ်ဟာ (တနေ့ )
အင်္ဂလန်ပြတိုက်ရဲ့မြေတိုက်ခန်းမှာ
အစောင့်အကြပ်နဲ့ ကို ထားရစေ့ မယ်ဟေ့။ ။
(၁၉၇၅-၇၆ခုနှစ်မှာထုတ်ဝေခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာအုပ်အဖုံး ၄ ခုကို ၉ဝ ဒီဂရီစီ စောင်းပြီးဆက်စပ်ကြည့်လိုက်ပါက သစ်ပုပ်ပင်နှင့် ရန်ကုန်တက္ကသိုလ်အား လွမ်းသူ့ပန်းခွေချထားပုံအဖြစ်မြင်ရသည်…..(ပန်းချီ ကျော်မင်းမောင် ရေးဆွဲခဲ့တာပါ) ပုံမှာ အခြားအသေးစိတ်အချက်အလက်တွေ ပုံဖေါ်ထားတာကိုတော့ ကိုယ့်ဖါသာကိုယ်ပဲ ပုံကြီးချဲ့ပြီးရှာဖွေကြည့်နိုင်ကြပါတယ်.. ပြန်လည်တင်ဆက်သူ – ပန်းချီ မင်းကျော်ခိုင်)