ဇူလိုင် ၂၊ ၂၀၁၂
illustrator – Ko Myoeသထုံလမ်းက
ရမ်းရမ်း ရော်ရော်
ခေါ်သံ တစ်စ
မိုးရေဆမ်းတဲ့ ည။
တဖျပ်ဖျပ်နဲ့ 
လှပ်လှပ် မှုန်မှုန်
ရွေ့တယ်ဆိုရုံကလေး။
မန္တလေးဆောင်ရှေ့
သစ်ရွက်လေဝှေ့ 
ငါတွေ့လိုက်ရတဲ့ တစ္ဆေ။
အလို- တစ္ဆေ
တစ္ဆေ
သူ့မျက်နှာမှာ
မျက်ရည်တွေနဲ့ပါလား။
အို
ခြင်္သေ့တံခါး
သူသွားဖွင့်နေပါလား။
ည၏နတ္ထိ
လမ်းအဓိပတိ
ဘယ်သူမှ မရှိ
တစ္ဆေနဲ့ ငါ
မေတ္တာမျှမိ။
ငါ ။ ။ ခင်ဗျား သေဆုံးလား … ကျဆုံးလား။
တစ္ဆေ ။ ။ ကျဆုံး။
ငါ ။ ။ ခင်ဗျား ဒဏ်ရာ။
တစ္ဆေ ။ ။ ကျည်ဆန် သုံးချက်
ဝဲဘက်ရင်အုံ-၁
ယာဘက်ရင်အုံ-၂။
ငါ ။ ။ ခင်ဗျား နာမည်။
တစ္ဆေ ။ ။ နေ၀င်းနိုင် (နာမည်လွှဲထားသည်)
ငါ ။ ။ ခင်ဗျား တစ္ဆေသက်။
တစ္ဆေ ။ ။ အနှစ် ငါးဆယ်။
ငါ ။ ။ ခင်ဗျား ကျဆုံးခဲ့တဲ့နေရာ။
တစ္ဆေ ။ ။ ရင်ပြင်နီ။
ငါ ။ ။ ခင်ဗျား အခုဘာကိုလွမ်းနေတာလဲ။
တစ္ဆေ ။ ။ သေဆုံးသွားတဲ့ နိုင်ငံတော်ကို။
ငါ ။ ။ ဘယ်တုန်းက သေသွားတာလဲ။
တစ္ဆေ ။ ။ ဒီနေ့ပဲ။
ငါ ။ ။ ဒီနေ့ဆိုတာ ဘယ်နေ့လဲ။
တစ္ဆေ ။ ။ ဒီနေ့ဆိုတာ နေ့တိုင်းပဲ
နေ့တိုင်းဟာ ဒီနေ့ပဲ။
(၀န်ခံချက် ။ ။ ၇၊ ၇၊ ၇၇ ပုသိမ်အကျဉ်းထောင်ထဲမှာ ရေးခဲ့ဖူးတဲ့ကဗျာကို၊ ယနေ့ ဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့်အတွက်၊ ပြန်လည်ပြင်ဆင် ရေး ဖွဲ့ ထားခြင်းဖြစ်ပါသည်)