ပင်တိုင်ကဏ္ဍ မာမာအေး

စိန်စတင်း မျိုးဆက် / Mar Mar Aye – 427

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၇)

မာမာအေး
ဇွန် ၂၄၊ ၂၀၁၂


“—မိတ္ထီလာ အိုလေ ကန်တော်အောက်ဆီကအကို၊ ဖါးပါရင် တကေါင်နှစ်ကေါင်ပေးပါ့ဆိုလို့ ကိုယ်တို့ပျိုတို့လူပျို၊ မောင်လူပျိုရယ် ကိုယ်တို့လူပျို၊ ငယ်ငယ်လေးပါမောင်ရယ် မျက်လုံးကြောင်တေါင် ဖါးကေါင်ကဆို၊ စားလဲစားတယ်သူဆို၊ ၀ါးလဲဝါးတယ်၊ ကြောင်ကြီးကလဲ ညည်းပြန်သကို မြီးတန်တို—“


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … တိုင်းရေးပြည့်ရေး မဲဆန္ဒတွေလဲ ပေးပြီးသွားကြပြီ ဆိုတော့ ကွန်ပြူတာလေးထဲ ဟိုမော့မော့ သည်မော့မော့ ဖြစ်မနေတော့ဘူးလေ၊ ကိုယ်ထဲကိုယ်ယာ မျိုးဆက်ရှာက ဆက်လုပ်ရဦးမှာပေါ့။

မာအေး ပြောခဲ့ပြီးတဲ့ အစီအစဉ်မှာ နောင်ကျရင် အဆိုတော်ဘဲလုပ်ပါတော့မယ် လို့ ဆုံးဖြတ်ပြီးမှ သီချင်းဆိုတဲ့ မာအေးရဲ့လက်ကတုံးတောင်ဝှေး စန္ဒရားမောင်ကလေး ထိပ်တင်ဝင်းရဲ့သားကလေး ဗိုလ်မှူး ခေါ်တဲ့ ရဲနန္ဒ အသံ ကြားရတာ ခတ်နွဲ့နွဲ့ဘဲရှင့်။ ရွေးထားတဲ့ သီချင်းတွေက မိုးဘွဲ့တွေချည်းမို့ နွဲ့တဲ့အသံနဲ့တော့ လိုက်ဖက်ပါတယ်။ ဆိုပေါက်တွေကတော့ ခဏခဏ ကြားရသလိုဘဲ၊ စည်းဝါး သဘောပေါက် – နောက်ဆုတ်ဝင်ဆိုတဲ့နည်းမျိုးဟာ တရံတခါ ကြားခဲ့ရင် အရသာစိမ့်ပါတယ်။ အမြဲ ဒါမျိုးချည်းဘဲ ဆိုဖြစ်နေရင် မမှီမကမ်း ဖြစ်တာလို့ အထင်ခံရလိမ့်မယ် – သတိထား ဘာညာနဲ့ သင်ပေးဘို့ ငေါက်ပေးဘို့ အနားက အဆိုတော်ကြီးတွေကို မှာထားဦးမှပါဘဲ၊ ကိုယ်ပြန်ဖြစ်ပြီ ဆိုရင်တော့ ပညာပေးစကါးပြောပွဲလေးတွေ လုပ်ပေးခဲ့ရမယ် လို့ မှတ်ထားရဦးမှာပေါ့ရှင်။

မာအေးရဲ့ သောတရှင်တွေက ကံကေါင်းတယ်လို့ ပြောခဲ့ဖူးတာ မှတ်မိရဲ့မဟုတ်လား။ ချစ်ဆွေတို့ကို ပြောပြချင်ပြီ ဆိုရင် ဓါတ်ပြားတွေ အဆင်သင့်ရောက်လာတတ်လို့လေ၊ ခုလဲ ကိုယ်ထဲကိုယ်ယာ မျိုးဆက်ရှာဘို့ “ရွှေအလင်္ကါစိန်မင်းနိုင်” ဧည့်ခံဆိုင်း ရလာပါတယ်။ အဲဒီ ဆိုင်းခေါင်းဆောင် ရွာစားကျော်“ရွှေအလင်္ကါစိန်မင်းနိုင်” ဆိုတာလေးက – မာအေးတို့ဆရာ စေါင်းဦးဘသန်းရဲ့ သားတပည့် – နိုင်ငံကျော် ရွာစားစိန်စတင်း နဲ့ တေးသံရှင် ပြည်သူ့အချစ်တော် နိုင်နိုင်မော်တို့ရဲ့ ရင်သွေး တဲ့။

ဒါဆို သူ့အဖေနဲ့အမေအကြောင်း အရင်ရှင်းရမယ့်သဘောဘဲ သောတရှင်တို့ရဲ့။ မာအေး ဒီဖက်ထွက်မလာခင်က စိန်မင်းနိုင်ဖြစ်လာတဲ့ ဒီခလေးဟာ ဆိုင်းဆရာတွေကြား၊ ဆိုင်းကြိုဆိုင်းကြား ၀င်ကစားနေတဲ့ ငချွတ်ကလေးဘဲ ရှိသေးတာကိုး။ မျိုးရင်းဇစ်မြစ် – ဧရာဝတီသားအစစ်၊ ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာသား ဖြစ်တဲ့ စိန်စတင်းကို မာအေးဆရာ စေါင်းဦးဘသန်း ဂီတအမွေပေးနေတုန်းကါလက သူ့ကိုအုပ်ထိန်းစောင့်ရှောက်နေတဲ့ အိမ်တော်ရာကျောင်းတိုက် ဆရာတော်ကြီး အသျှင်ရေ၀တဘိဝံသရဲ့ ကျောင်းတော်မှာ တွေ့ခဲ့တာပါ။ ဆရာက တဆရာထဲတပည့်မောင်နှမ လို့ မှတ်ရမယ် ဆိုပြီး ဆရာတော်ရှေ့မှာ အပ်တော့ မောင်စတင်းလေး အသက် ဆယ့်လေးငါးနှစ်လောက် ရှိဦးမယ် ထင်ပါရဲ့။

ဖြူဖြူဖွေးဖွေး – ဗမာကုရင် လူပျိုပေါက်စ၊ လက်ပါသလားမမေးနဲ့၊ ဆိုင်းတီးတီး၊ ပတ္တလါးခေါက်ခေါက်၊ သူ့လောက်ကေါင်းတာ သူဘဲ လို့ ဟိုတုန်းကတဲက မြင်ထားခဲ့တာပါ။ သူ့ကို ဗျောင်းဗျောင်းပါအောင် တီးနိုင်လို့ စတင်းဂန်းသေနပ် ပမာထား နာမည်မှည့်တာလားလို့ သူ့အမျိုးတွေကို မေးတော့ တိုင်းပြည် မငြိမ်းချမ်းတဲ့ကါလ ဗုံးကျင်းထဲ ခိုနေရသခိုက် စတင်းသံ ဘရင်းသံတွေအကြားမှာ အမေ့ဝမ်းကြာတိုက်က ထွက်ကျလာလို့ ‘စတင်း’ လို့ ခေါ်လာကြတာပါ တဲ့။ မိဘတို့က ပေးတဲ့ နာမည်ရင်းကတော့ ‘ကိုတင်အောင်’ ပေါ့ရှင်။ ဒါပေမယ့် ဘယ်သူမှ ခေါ်တာ မကြားဖူးပါဘူး။ မာအေးလဲ တခါမှ အဲဒီလို မခေါ်ခဲ့ဘူး။ မောင်စတင်းဘဲ ခေါ်ပါတယ်။ မာအေးရဲ့ နာမည်ရင်း ‘မအေးမြင့်’ ဆိုတာ ပျောက်သွားတာလိုမျိုးဖြစ်မှာပါဘဲ။

အစက မာအေးနဲ့ မောင်စတင်း တွဲအလုပ်လုပ်ဖြစ်ကြတာ အတော်ရှားပါတယ်။ ဓါတ်ပြားခေတ်မှာ တချပ်နှစ်ချပ်လောက်ပါဘဲ။ ကက်ဆက်ခေတ်မှာလဲ နယ်ရောက်သွားတဲ့ဆရာကို ထောက်ပံ့ရအောင် “လှိုင်တေးသံသွင်း” အတွက် အခွေသွင်းပေးဘို့ကြုံတော့မှ ပြန်တွဲကြပါတယ်။ သူကလဲ တနှစ်လုံး ဆိုင်းပွဲတွေနဲ့ မိုးအခါ နားတော့လဲ ဆိုင်းသင်တပည့်တွေနဲ့ အချိန်မရ၊ ကိုယ်ကလဲ အသံသွင်းရက်ယူထားတဲ့အခါ စတူဒီယိုက ရှားတော့ ပြင်လို့ဖျက်လို့ မရ၊ ဒါနဲ့ မလုပ်မဖြစ်ဖူး ဆိုမှဘဲ တွဲမိကြပါတယ်။

မောင်စတင်း ဇွဲကေါင်းပုံများ နမူနာထားလောက်တာ ကိုယ်တွေ့ပါဘဲ။ ‘အာယားမ’ အခွေ အသံသွင်းဘို့ စီစဉ်နေတဲ့အချိန်ကပေါ့ရှင်။ စစ်သည်စေါင်းသံကိုအေးချို စီစဉ်ထားတာက တခြားနာမည်ကျော် ဆိုင်းပညာရှင်နဲ့ပါ၊ မိဘရပ်ထံ ပြန်ကန်တော့ကြတဲ့ အစဉ်အလာတခုဟာ ဆိုင်းလောကမှာရှိသလား မပြောတတ်ပါဘူး၊ စီစဉ်ပြီးသား ဆိုင်းအဖွဲ့သားတွေ ခဏ ပြန်ခိုက် ဖျက်ထားလိုက်တဲ့ အသံသွင်းရက် – တရက် ပြန်ယူဘို့ ရန်ကုန်စတူဒီယိုကို သွားတဲ့အခါ – အဲဒီဆိုင်းအဖွဲ့ဟာ တခြား အဆိုတော်တယောက်နဲ့ မာအေးတို့ရွေးထားတဲ့ အာယားမအခွေအတွက် သီချင်းတွေကို အသံသွင်းနေကြတာနဲ့ တိုးနေလို့ စိတ်ဆိုးဆိုးနဲ့ ကိုယ့်မောင်ဆီ ပြေးရတော့တာ၊ စီစစ်ရေးလဲ ကျပြီးသားမို့ ပြန်ပြင်ဘို့ အချိန်မပေးနိုင်၊ ကိုယ့်ဂတိဖျက်တာလဲ မခံနိုင်တာပါတယ်ပေါ့လေ။ ဖြစ်အောင် လုပ်ပေးပါပေါ့။ မာအေးက လူမိုက်လေ။ ကေါင်းပြီးသားလူကို – မင်းနာမည်ပိုမတက်ရင် ငါ့-ဇက်ဖြတ်လိုက်တွေ ဘာတွေ ပြောပြီး လာတီးခိုင်းခဲ့တာ ဟားဟား၊ အတီးပိုင်းမှာ ဘာမှ ဟုတ်တိပတ်တိ မတီးတတ်ပါဘူး၊ အကြားအမြင်များပြီး နားက သူ့ဟာသူ တတ်နေလို့၊ အတီးဆရာတွေကို ဟိုလိုတီးပေး၊ ဒီလိုတီးပေးနဲ့ နည်းလဲပေး ဂျီးလဲပေးတော့ လုပ်မိပါတယ်။ အဓိကကတော့ အတွဲညီညီ ကိုယ်ဆိုချင်တဲ့သဘောကို အတီးနဲ့တပါတည်းရောနိုင်အောင် ကျိုးစားရတာပါ။ တကယ့်ရင်ထဲမှာရှိတာကို အမှန်သိရင် မာအေးကို ဆရာလုပ်တယ်လို့ ထင်မှာ မဟုတ်ဖူးမို့လားရှင်။ အဲဒီလို ခတ်မိုက်မိုက် အမပြောသမျှ ‘မမစိတ်ချမ်းသာရင်ပြီးရော-ကျနော်လိုက်တီးပေးမယ်’ လို့ အာမခံတဲ့အတိုင်း ၊ အသံသွင်းလိုက်ကြတာ – မဟာမြိုင်စတူဒီယိုမှာ (၂) ရက်ကို သုံးခွေရအောင် ဆိုဖြစ်တီးဖြစ်ခဲ့ပါတယ်။

‘အာယားမ’ရယ်၊ ‘ကျွဲမ’ ရယ်၊ ‘ကေါက်စိုက်မ’ ရယ်၊ အဲဒီသုံးခွေမှာ နားထောင်ကြည့်ပါ၊ စိန်စတင်းရဲ့ လက်သံကို ရှေးက ဆိုင်းဆရာကြီးတွေလို တီးတဲ့ စံနစ်မျိုးနဲ့ တည်တည်ခန့်ခန့် လုံးစေ့ပတ်စေ့ ဘ၀င်ခွေ့အောင် ကြားရဘို့ရှိပါတယ်၊ ဘလာပွဲအတီးကျော်တဲ့သူမို့ အသံသွင်းနေပါလား သတိမထားမိအောင် စိတ်ပြောင်းတာမျိုးလဲ လုပ်ပေးရတယ်၊ ဒီကလေးဟာ ဒီအခွေကို တခြားတဖွဲ့က တီးထားတာလဲ သိတယ်၊ နောက်တခါပြန်တီးဘို့အချိန် သူ့မှာလဲမရှိဘူး၊ သူ့အမတော်မှာလဲ မရှိဘူး ဆိုတာ သိတယ်၊ ဒါကြောင့် အဲဒီနေ့က ဒူလာဝမ်းလျှောဖြစ်နေတဲ့ကြားက ဇွဲထားတီးသွားခဲ့တာ ဆိုင်းထဲကမထွက်သလောက်ပဲ လို့ လွမ်းမိတယ်။ ကိုယ်ပြန်ရင်တွေ့ရအောင် ကျန်းမာပါစေ လို့ ဆုတောင်းရင်း သီချင်းနားထောင်ဦးမယ်နော်။

* (အာယားမမှ)
ခလေးရူးမရယ် ကြွခဲ့ပါဦးဆို မေးကြသကို၊ တိုးတိုးလေးနဲ့ ကိုယ်ဝမ်းထဲမှာ ကိုယ်ဖါသာဘဲကိုယ့်ဝမ်းထဲမှာ ကိုယ့်ဖါသာဘဲဆို – လို့ (မောင်မောင် ကိုကို ဘိုကေလါရင် ခလေးကြီးနဲ့တွေ့တော့ နှစ်ယောက်ထဲ ကျိန်ဆို ပေါင်ဆွဲလိမ်သကို) ၂ xxx တွေးကြည့်ပါ ခင်အပျိုရယ် တဲ့၊ ခလေးချီတာအရင်လိုတယ် တဲ့၊ လွန်လွန်းလှသကို သူ့ကိုယ်တိုင် ပြောတာပင်၊ မောင့်ကိုယ်တိုင်ပြောတာပင်၊ ကိုင်း ချီဘူး ချီဘူး၊ ချီဘူးနောက်ခါကို အာယားမလေး တေးချင်းစပ်လို့ဆို၊ လူကလေး ရွှေသွေး အေအေး အေအေးအို xxx မိတ္ထီလာ အိုလေ ကန်တော်အောက်ဆီကအကို၊ ဖါးပါရင် တကေါင်နှစ်ကေါင်ပေးပါ့ဆိုလို့ ကိုယ်တို့ပျိုတို့လူပျို၊ မောင်လူပျိုရယ် ကိုယ်တို့လူပျို၊ ငယ်ငယ်လေးပါမောင်ရယ် မျက်လုံးကြောင်တေါင် ဖါးကေါင်ကဆို၊ စားလဲစားတယ်သူဆို၊ ၀ါးလဲဝါးတယ်၊ ကြောင်ကြီးကလဲ ညည်းပြန်သကို မြီးတန်တို၊ ရမယ်ရှာကါ အာယားမလေးတေးချင်းစပ်လို့ဆို၊ လူကလေး ရွှေသွေး … အေအေး …. အေအေးအို ….

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts