ဖြစ်ရပ်များ၊ အမှတ်တရများ

Maung Yit – လူထုစိန်ဝင်း အမှတ်တရ

မောင်ရစ်၊ ဇွန် ၁၈၊ ၂၀၁၂

ဆရာ လူထုစိန်ဝင်း ဆုံးပြီလို့ ဖုံးထဲကို မက်ဆိတ် ၀င်တယ်၊ ဂျီမေးထဲကို တက်စ် ၀င်တယ်။ ဖေ့စ်ဘွတ်ထဲကို တက်ဂ် ၀င်တယ်။ ရန်ကုန်မှာ ဆန်းဒေးည သန်းကောင်ယံ၊ ဒီဖက်မှာ ဆန်းဒေးမနက်ခင်း။ သတင်းသမားတွေအတွက် ဆန်းဒေးနဲ့ မန်းဒေးတွေဟာ သတင်းအေးတဲ့အချိန်၊ သတင်းထူး၊ သတင်းဦး အရေးပေါ်ဖြစ်ပြန်ရင်လည်း သတင်းသမားတွေ လူမစုံတဲ့ အားလပ်ရက် ဖြစ်နေတာမို့ ရှိတဲ့သူတွေနဲ့ တက်သုတ်ရိုက်ရတဲ့ နေ့မျိုးပေါ့။ အဲသည်လို သတင်းတွေ သတင်းသမားတွေ ပါးလျားနေတဲ့ နေ့ (ည) မှာ ဆရာလူထု (ဦး) စိန်ဝင်း ဆုံးတယ်။ ဒီနေ့အတွက် မြန်မာပြည်က စာနယ်ဇင်းတွေအတွက် တုန်လှုပ်သွားတဲ့ သတင်း၊ အားလုံးဟာ ရောက်တဲ့ နေရာတွေကနေ ချက်ခြင်း မတ်တပ်ထရပ်လို့ ၀မ်းနည်းခြင်း အထိမ်းအမှတ် မင်သက်ရပ်တန့်လိုက်ရတဲ့ သတင်း ဖြစ်ပါတယ်။ ဆရာ ကောင်းရာသုဂတိ လားပါစေ။

ပြီးတော့ အလုပ်စာပွဲကို ပြန်လျှောက်လာ။ စာပွဲမှာ ပြန်ထိုင်။ ပြီးတော့ ထုံးစံအတိုင်း ကွယ်လွန်ဆုံးပါးသူရဲ့ ကိုယ်ရေးရာဇ၀င်ကို ပြန်ဆွဲထုတ်၊ သတင်းအကျဉ်းရေး၊ အွန်လိုင်းသမားက ၀က်ဘ်ပေါ်တင်၊ လေလှိုင်းသမားက မနက်ခင်းသတင်းအတွက် ပြင်ဆင်၊ သတင်းဂျာနယ်သမားကတော့ ပုံနှိပ်ခန်းမှာ နောက်တိုး တမျက်နှာဖြစ်ဖြစ်၊ ကော်လံတကွက်ဖြစ်ဖြစ် တိုးဖို့ ညှိ။ အဲသည်လိုမျိုးနဲ့  မြန်မာပြည်ရဲ့ ၀ါရင့်စာနယ်ဇင်းသမားကြီး လူထု (ဦး) စိန်ဝင်းရဲ့ နာရေးသတင်းကို နောက်တနေ့မှာ မြန်မာပြည်သူတွေ ချက်ခြင်း လတ်လတ်ဆတ်ဆတ် မပျက်မကွက် ဖတ်ကြရလိမ့်မယ်။

ဒါပေမယ့် အဲသည်နေ့ရဲ့ နောက်အနာဂတ်နေ့တွေရဲ့ သတင်းစာ စာမျက်နှာတွေမှာတော့ မြန်မာပြည်ရဲ့ အရေးပေါ် အထွေထွေ အခြေအနေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတိုင်းမှာ ဆရာကြီးရဲ့ ပြတ်သား တောက်ပတဲ့ လူထုကို ရှင်းရှင်းလင်းလင်း အတွေးအမြင်ပေါက်စေတဲ့ အာဘော်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းအင်တာဗျုးတွေ တွေ့ကြ ဖတ်ကြရတော့မှာ မဟုတ်ဘူး။ ဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဆရာရဲ့ ရှင်းလင်းပြတ်သားတဲ့ အတွေးအမြင်တွေကို သတင်းစာနယ်ဇင်းမျက်နှာပေါ်ကနေ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

၂၀၀၉  ခုနှစ်တုန်းက မိုးမခမိတ်ဆွေများ ဂုဏ်ပြုအစီအစဉ်ကနေ ဆရာလူထုစိန်ဝင်းကို မောင်ဝံသ၊ အတွေးအမြင်မဂ္ဂဇင်း၊ ဆရာဦးဝင်းတင်တို့နဲ့ အတူတူ ဂုဏ်ပြုဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ဖိနှိပ်ခံထားရချိန်မို့ ရန်ကုန်က အယ်ဒီတာကနေတဆင့် သွားကန်တော့တာပဲ လုပ်နိုင်ပါတယ်။ ဆရာက မင်းတို့ တတ်နိုင်မှ လုပ်ပါကွာ။ ဒါတွေ မလိုပါဘူးလို့ ပြောလိုက်တယ်။ ကျနော်တို့ကတော့ အထူးတလည် ဂုဏ်ပြုစရာမလိုတဲ့ ဆရာကြီးကို ဂုဏ်ပြုရတာထက် ဆရာကြီးကနေပြီးတော့ ကျနော်တို့လို လူငယ်ကလေးတွေရဲ့ ဂါရ၀ပြုမှုကို လက်ခံပေးခြင်းကိုယ်တိုင်က ကျနော်တို့အတွက် ဂုဏ်ယူစရာ ပြန်လို့ ဖြစ်တယ်ဆိုတာပါပဲ။

၂၀၁၀ နှစ်ဆန်းမှာ စစ်အစိုးရက နိုင်ငံရေးပြသနာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ မဖြေရှင်သေးဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပမယ်လုပ်လာပြန်တုန်းကလည်း ဆရာနဲ့ အင်တာဗျုး လုပ်ခဲ့ကြရသေးတာကိုလည်း အမှတ်ရမိပြန်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ အင်န်အယ်ဒီပါတီဘက်က အနေအထားကို ဗျုး။ ပြီးတော့ အခြားတဖက်က ဆရာလူထုဦးစိန်ဝင်း နဲ့ ဗျုးခဲ့ကြရတယ်။ ရန်ကုန်အယ်ဒီတာက ဆရာဆီကို သွားပြီး အင်တာဗျူးပေးခဲ့လို့ စာသားကော၊ အသံကောပါ အပြည့်အစုံရခဲ့တယ်။

အဲသည်တုန်းကလည်း ဆရာဟာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသားနဲ့ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်မှုကို ဝေဖန်ခဲ့တယ်။ ပါတီရဲ့ နိုင်ငံရေးဦးဆောင်မှု အခမ်းကဏ္ဍကို ပြင်းပြင်းထန်ထန် စိန်ခေါ်စကားပြောပြီးတော့ လူထုရဲ့ နိုင်ငံရေး နှိုးကြားမှုနဲ့ အမြင်အာရုံကို လှုပ်နှိုးခဲ့တာပါပဲ။ အဲသည်လိုမျိုး ဆရာ လူထုစိန်ဝင်းဟာ တိုင်းပြည်ရဲ့ အထွေထွေ အကြပ်အတည်း အခြေအနေ လမ်းဆုံ လမ်းခွတွေ၊ ဆွေးနွေးငြင်းခုံစရာ အရေးကိစ္စတွေမှာ ၀ါရင့် စာနယ်ဇင်းသမားတဦးပီပီ ကိုယ့်နာမည်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်တာဝန်ယူမှုကို ပီပီသသကြီးကို စွဲစွဲမြဲမြဲ ရပ်တည် ကိုင်စွဲပြီးတော့ ကိုယ့်သမိုင်းကို ရေးခဲ့တဲ့ လူပုဂ္ဂိုလ်တဦးအဖြစ် ရှင်သန် ကျန်ရစ်တယ်လို့ မှတ်တမ်း ပြုလိုက်ချင်ပါတယ်။
ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေ အနေနဲ့ကတော့ မြန်မာပြည်ရဲ့ စာနယ်ဇင်းသမိုင်း လမ်းမပေါ်မှာ သတင်းစာဆရာကြီး ဦးသောင်း (အောင်ဗလ)၊ လူထုဒေါ်အမာနဲ့  လူထု ဦးစိန်ဝင်းတို့နဲ့ မျက်မြင်ကိုယ်တွေ့ ကြုံဆုံ ခွင့်ရခဲ့ကြတဲ့အတွက် အမြဲတမ်း အမှတ်တရ ဂုဏ်ယူ ကျန်ရစ်မှာ ဖြစ်ပါတယ်။ ဆရာကြီးတွေ ဆရာမကြီးတွေရဲ့ တဖြောင့်တည်း တကြောင်းတည်းသော မျဉ်းဖြောင့်တွေကြောင့် မြန်မာပြည်ရဲ့ စာနယ်ဇင်းသမိုင်းလမ်းကြောင်းဟာ လမ်းမကောက်ဘဲ၊ လမ်းမပျောက်ဘဲ၊ ဖြောင့်တန်း တည့်မတ် သန်စွမ်းစေခဲ့တာ ဖြစ်ပါတယ်။
ဆရာ လူထုစိန်ဝင်း သက်တော်ရာကျော် ရှည်ပါစေ။           ။
(သရုပ်ဖော် – ပန်းချီ မင်းကျော်ခိုင်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts