နိုင်ငံတကာရေးရာ

Primary – ကယ်လီဖိုးနီးယားပြည်နယ် ဇွန် ၅ ပဏာမအဆင့်မဲပေးကြမည်

မိုးမအထောက်တော် ၀၀၁၊ ဇွန် ၅၊ ၂၀၁၂

            ယနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂၀၁၂ နိုဝင်ဘာသမ္မတရွေးကောက်ပွဲအကြို ပဏာမအထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ ပဏာမအဆင့်ရွေးကောက်ပွဲ မှတဆင့် နိုဝင်ဘာတွင် ရွေးချယ်မည့် သမ္မတလောင်းကို ပါတီအလိုက် ရွေးချယ်ခြင်း၊ လွှတ်တော် ၂ရပ်ရှိ ပါတီစုံမှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းအပြင် သက်ဆိုင်ရာ မြို့နယ်နှင့် ပြည်နယ်များအလိုက် ဥပဒေ၊ နည်းဥပဒေများ ဆန္ဒခံယူခြင်းတို့ကို ပြည်သူတို့က မဲပေးကြမည် ဖြစ်သည်။

            ဒီမိုကရက်ပါတီ ထောက်ခံသူများအဖြစ် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များက လက်ရှိသမ္မတ အိုဘားမား သို့မဟုတ် အခြားမိမိဆန္ဒရှိသူ တဦးဦးကို ဆန္ဒပေးကြမည် ဖြစ်ပြီး၊ ဗဟို ဖက်ဒရယ်အဆင့် အထက်နှင့် အောက်လွှတ်တော်အမတ်များအဖြစ် (ဆီနိတ်တာ ဒိုင်ယမ်းဖိန်းစတိုင်း၊ ကွန်ဂရက်အမတ် ဂျော့ခ်ျမီလာ စသည် လက်ရှိနှင့် ၀င်ပြိုင်မည့် အမတ်လောင်းများ) အမည်စာရင်းတင်သွင်းသူများအနက် မိမိနှစ်သက်ရာအမည်ကို ရွေးချယ်ခြင်း၊ ပြည်နယ်၏ လွှတ်တော် ၂ရပ်အတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ကြမည် ဖြစ်သည်။ ထိုပဏာမအဆင့်တွင် မဲအများဆုံးရသည့်  ဆိုင်ရာဌာနအလိုက် ဆန်ကာတင် ၂ဦးစီသည် ၂၀၁၂ နိုဝင်ဘာတွင် ကျင်းပမည့် သက်ဆိုင်ရာ အထွေထွရွေးကောက်ပွဲ အသီးသီးတွင် ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံကြမည် ဖြစ်သည်။

            လက်ရှိပြည်နယ်၏ ဥပဒေများ အဆိုပြုခြင်း၊ နည်းဥပဒေများ တင်သွင်းခြင်းတို့ကိုလည်း ယခု ဇွန်လ ပဏာမရွေးကောက်ပွဲတွင် ပြည်သူဆန္ဒကို ခံယူမည် ဖြစ်သဖြင့် အဆိုပြုချက် (၂၈) တွင် ပြည်နယ်တွင်း ဥပဒေပြုကိုယ်စားလှယ်များ သက်တမ်းကို ၁၄ နှစ်မှ ၁၂ နှစ်အဖြစ် ကန့်သတ်ခြင်း၊ အဆိုပြုချက် (၂၉ ) တွင် စီးကရက်အခွန်တွင် ဒေါ်လာ ၁ ကျပ် တိုးမြှင့်ကောက်ခံပြီး ကင်ဆာကာကွယ်ရေးနှင့် အခြားဘဏ္ဍာရေးလိုအပ်ချက်များတွင် သုံးစွဲခွင့်ပြုခြင်း တို့အပြင် အဆိုပြင်ချက် (K)အဖြစ် မြို့နယ်များ၏ ပညာရေးဘဏ္ဍာရေးသတ်မှတ်ချက်များကို ပြည်နယ်ဘတ်ဂျက်က ကန့်သတ် လျော့ချခြင်းမှ ကာကွယ်ခြင်း စသည်တို့ကို ပြည်သူ့ဆန္ဒ ခံယူမည် ဖြစ်သည်ဟု တွေ့ရသည်။ အလားတူ မြို့နယ်အလိုက် သီးခြား ဥပဒေများ၊ နည်းဥပဒေများကိုလည်း မြို့နယ်အသီးသီးတွင် တင်သွင်းကြသည်ကို မဲဆန္ဒရှင်တို့က အတည်ပြုခြင်း၊ ကန့်ကွက်ခြင်းတို့ ပြူလုပ်ကြမည် ဖြစ်သည်။

            လက်ရှိတွင် ဒီမိုကရက်နှင့် ရစ်ပတ်ဘလစ်ကန် ပါတီကြီး ၂ ခု၏ ကိုယ်စားလှယ်လောင်းများ၊ သမ္မတလောင်းများ၊ ၎င်းတို့၏ စိတ်ကြိုက်မဲဆွယ်နေသော ဥပဒေအဆိုတင်သွင်းချက်များမှာ အများပြည်သူများအတွက် စိတ်ဝင်စားမှု အရှိန် မမြင့်သေးသဖြင့် မဲပေးရန် မှတ်ပုံတင်လာသည့် ပြည်သူလူုထု၏ ရာခိုင်နှုန်းမှာ ပြည်နယ်လူဦးရေ၏ ၄၀ % နီးပါးမျှသာ ရှိသည်ဟု ဆိုသည်။

            မဲပေးသူ နည်းပါက အဆိုပါ မဲပေးသူ လူနည်းစု၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး တိုင်းပြည် အုပ်ချုပ်သူများ၊ ဥပဒေပြုသူများ၊ ဥပဒေများအဖြစ် တင်မြောက် ရွေးချယ်ခံကြရမည် ဖြစ်ရာ အစိုးရ၊ ပြည်နယ် မြို့နယ်များရှိ လူထုပညာပေး အစုအဖွဲ့များက အများပြည်သူတို့ နိုင်ငံရေးကို စိတ်ဝင်စားပြီး မဲပေးဖို့အရေး မှတ်ပုံတင်ကြပါရန် စည်းရုံးလှုံဆော်လျက် ရှိသည်။

            “အခုအချိန်မှာ စီးပွားရေးနဲ့ အထွေထွေအကြပ်အတည်း ဖြစ်နေတော့ လူငယ်အများစုက အယင် ၂၀၀၈ တုန်းကလို မဲပေးဖို့ စိတ်မ၀င်စားကြတော့ဘူး။ ပညာရေးမှာလည်း သူတို့အတွက် ဘာမှ အကျိုးရလာဒ် ဖြစ်မလာဘူး။ လက်ရှိ အစိုးရကော၊ ကွန်ကရက်ကော၊ ပြည်နယ်က နိုင်ငံရေးသမားတွေကို စိတ်ပျက်နေကြတယ်။ ဒါပေမယ့် ကျနော်ကတော့ မိတ်ဆွေတွေ သူငယ်ချင်းတွေကို မဲပေးဖို့၊ မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ဖို့ လိုက်ပြီး ပြောတယ်၊ နှိုးဆော်တယ်”

ဟု ဖရီးမောင့်မြို့နေ အသက် ၃၀ ကျော်တန်း မြန်မာအမေရိကန် အင်ဂျင်နီယာ လူရွယ်တဦးက မိုးမခကို ပြောပြသည်။

            “မဲပေးလည်း ဘာမှ မထူးဘူးလို့ လူတွေက ထင်မြင်လာအောင် အခြေအနေတွေက တွန်းပို့လေ့ ရှိတယ်။ တကယ်တန်းကတော့ အများမဲဆန္ဒစနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ပြည်သူတွေက တိုက်ရိုက်မပါဝင်တော့ဘူး ဆိုရင် ငွေရှင် အရင်းရှင်ကြီးတွေ၊ အာဏာရှင်တွေ၊ အစွန်းရောက် ၀ါဒရေး၊ ဘာသာရေး၊ အတ္တသမားတွေက အမြတ်ထုတ်သွားမှာပဲ။ သည်တော့ မဲပေးချိန်မှာ ကိုယ်ရွေးတဲ့သူတွေကို အစွဲတွေနဲ့ ရွေးတာထက် သူပြောနေ ၀ါဒဖြန့်နေတာတွေက common sense လား non sense လားဆိုတဲ့ အခြေခံနဲ့ပဲ ရွေးတယ်”

            လို့ ဆန်ဖရန်ဘေး အရှေ့ခြမ်း ဥက္ကလံမြို့နေ အသက် ၂၀ ကျော်ရှိ မြန်မာအမေရိကန် ကျောင်းသားတဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts