ကဗျာ

သူ့မာန်နဲ့ လူ့စံ (၁)

မောင်စွမ်းရည်
ဇွန် ၂၊ ၂၀၁၂

Picasso, Desnudo de pie junto al mar | Nude by the Sea, 1929. Metropolitan Museum of Art, Nueva York

ရှေးသရောအခါ၊
ကမ္ဘာဦးကလို့ ဆိုပါစို့။
ရှေးသရောအခါကတဲ့၊
ဗြဟ္မာကြီး လေးယောက်၊
အအိပ်ကြီးလို့ စိတ်ပုတီးပျောက်ပြီး
မိုးကောင်းကင် တိမ်ကြားပေါက်က
ဦးစောက် ကျွမ်းပြန် ကလန်ကလား
ခြေချော်ပြီး မြေပေါ်ကို ကားကနဲကျသတဲ့။

မြေပေါ်ကို ရောက်ပြန်တော့
မြေပေါ်မှာပေါက်တဲ့
ပေါက်တတ်ကရတွေ စား
စိတ်ကစားပြီး
“အကျိတ်” က ထွားသနဲ့
ဟိုက ယား၊ ဒီကယား
“အယ်လားဂျီး” တွေဖြစ်
ဟိုခြစ် ဒီကုတ်နဲ့ ဗြဟ္မာရုပ်တွေပျောက်
လူရုပ်တွေ ပေါက်ပြီး
နှစ်ယောက်က မိန်းမ၊ နှစ်ယောက်က ယောင်္ကျား
စိတ်တွေ ဘာတွေ ဖေါက်ပြားသမို့
တောအခြေ ချုံတွေအကြားမှာ
တူပုန်းတမ်းကစားကြရာက
“လူသား” တဲ့ လူသားဆိုတာ
ဟို အညာက “ဆရာမြ” * တို့ရဲ့
ကမ္မာရွာ လွင်ခေါင်ခေါင်က
ရှင်မတောင် လှိုင်း အလိပ် အလိပ်
မင်အရောင် မှိုင်းချိပ်ချိပ်မှာ
“ဘင်” ထောင်က “ပရိုင်းမိတ်” ** ကလေးတွေ
သမိုင်း အတိတ်ရှေးက ပေါ်ခဲ့တယ်။

အဲ အဲသဟာပါပဲ
ဗမာအစ၊ ဗြဟ္မာကဆိုတဲ့
ဟိုတကယ့် ရှေးစကား အလာ
လူသားအစ ဖြစ်ပုံပါ။

ဟိုအရင်၊ ပကတူးက
“အင်ဒရူး မြဟန်”*** တို့၊ ဆရာ့ထံသင်ဖူးတဲ့
ယခင်အဦးအစ သမ္မာကျမ်းမှာတော့
အဟမ်း … တဲ့
ဟိုမှာ “မြေထု” ဖြစ်စေသတည်း။
ဟိုမှာ “ရေထု” ဖြစ်စေသတည်း။
ဟိုမှာ “နေ” တခု ဖြစ်စေသတည်း။
ဖြစ်စေသတည်း … ဖြစ်စေသတည်း …တဲ့။

ဖြစ်စေနည်း ဥုံဖွမန်းပြီး
ဘုံဘ၀အညွှန်းကို ပြုပြင်ဖန်ဆင်းတော့
“အီဒင်” **** ခေါ် ဥယျာဉ်ခြံအတွင်းမှာ
အချင်းလူသား၊ ယင်းလူသားပေါ့
ယောင်္ကျားတယောက်၊ လေးဖက်ထောက်ပြီး၊
တယောက်တည်း ယောင်ချာချာ
ပြောင်စရာ ပျော်စရာ
အဖေါ်ပလာ၊ ကတော်မပါသမို့
“အာဒန်” ***** သူ့ရင်ကိုလှန်ပြီး
နံရိုးတချောင်း “ဟိုင်း- အပ်ချလောင်း”
သြောင်း ဥုံဖွဆိုပြီး
လုံမပျိုဖန်ဆင်းတဲ့အခါ
ကြန်အဆင်းကလှသနဲ့
ယမင်းနှမ ခင် “အေးဝ”******
ရင်ကလေး တကြွကြွ
တင်ကလေး တမမနဲ့
မပြင်သေး၊ မဆင်သေးဘဲ လှတဲ့
ကလေးမ အဖေါ်၊ သူစေ့ဆော်တော့
သစ်ပင်ပေါ်တက် သစ်ကိုင်းကိုဖက်ပြီး
“သရက်သီး” ဆိုလား၊ “ရမ္မက်သီး” ဆိုလား
အချိုများတဲ့ ဟိုသစ်သီးကို
လူအထီး ခိုးလို့စားတဲ့အခါ
လည်မျိုမှာ တစ်လစ် အချစ်သက်သေနဲ့
ကလေးတွေတဖျာ၊ မြေးတွေတရာ
ရှေးပဝေ သံသရာအစ၊
သည်ဥယျာဉ် သည်အပင်အောက်
သည်နှစ်ယောက် စတဲ့ခါ
ချောက်ချတဲ့ အထဲ၊ ယောက်ဖငနဲ “စေတန်”******* ဟာ
မြွေသဏ္ဍန်ဖန်ဆင်း၊
ရွှေဉာဏ်တော်ကမြင်းတာလဲ ပါသတဲ့။

သိပ္ပံခေတ် လောကဓါတ်ကျမ်းမှာတော့
ပြောစမှတ် ဆန်းသဟာက
ကျမ်းဆရာကြီး “ဒါဝင်”******* တဲ့
ဒါဝင်က ဘာမြင်သလဲဆိုတော့
လူဆိုသည်ကား
“ဘာမင်းနီးကား” ********* “အာဒင်းနီးယား”**********
ကားသမျှ ယားသမျှ သိမ်းကြုံး
အားလုံး “အင်သရိုပွိုက်”*********** များ
မြက်ပဲစားစား အသက်ပဲစားစား
ခြေကားရား လက်ကားရားနဲ့
သားကိုနို့တိုက် ကျော၌ အရိုးပါရင်
ဆွေမျိုးသာပင် မှတ်ပါလေတဲ့။

ဆက်လက်ဖော်ပြပါမည်။
(ခုခံအားကျ ရောဂါတိုက်ဖျက်ရေးအဖွဲ့ ပညာပေးစာစောင်အတွက် ဆရာဝန် စာရေးဆရာမ မြနှောင်းညိုရဲ့ ပန်ကြားချက်အရ ရေးခဲ့ရာမှာ စာပေစိစစ်ရေးကပယ်လို့ မသုံးဖြစ်ခဲ့တဲ့ကဗျာ)
အောက်ခြေမှတ်စု
ဆရာမြ* – မြသန်းတင့်
ပရိုင်းမိတ် **- Primate
အင်ဒရူးမြဟန်***- ခရစ်ယာန် သာသနာပိုင်ချုပ် တဦးအမည် (ကဗျာဆရာ-မောင်ပေါက်စည်)
အီဒင်****-Eden
အာဒန်***** – Adam
အေးဝ******-Eve
စေတန် *******-Satan
ဒါဝင် ******** -Darwin
ဘာမင်နီးကား ********* -Burmanica
အာဒင်းနီးယား********** -Ardamia
အင်သရိုပွိုက် *********** -Amthropoid

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သူ့မာန်နဲ့ လူ့စံ (၁)

Comments are closed.