ရသဆောင်းပါးစုံ

ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ -၂- (မြန်မာပြည်မှစာ)

မောင်မောင်လှကြိုင်
မေ ၂၉၊ ၂၀၁၂
၁၉၄၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာစစ်ကြီးဟာ မြန်မာနိုင်ငံကိုရှေ့ရှုရောက်ရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှကို ဂျပန်စစ်တပ်က ဖြတ် သန်းလာတာနဲ့အမျှ ရန်ကုန်မြို့ဟာလည်း ညလယ်တွေမှာ မကြာခဏ ဗုံးကျဲခံလာရပါတယ်။ ကျွန်မမိခင်ရဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ကြားထဲ မပူမပန်လှုပ်ရှားနေမှုကြောင့် လုပ်ဖော်ကိုင်ဘက် သူနာပြုဆရာမတွေရဲ့ အထင်ကြီးမှုနဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကို ခံရပါတယ်။ ဗုံးခို ကျင်း ထဲမသွားခင် သူဟာ မရမက သေသပ်လှပစွာ ဝတ်စားခြယ်မှုန်းနေတတ်ပါတယ်။ လုံခြုံစိတ်ချရမဲ့နေရာကို မျက်ရည်စက်လက် သုတ်သီးသုတ်ပြာသွားနေကြတဲ့သူငယ်ချင်းတွေက သူမရဲ့အရူးထ အမူအရာကို မြည်တွန်တောက်တီးလုပ်ကြပါတယ်။ သူကတော့ “တကယ်လို့ သေသွားရင်လဲ လှလှပပ အဆင်းနဲ့ပဲ သေသွားချင်တယ်” လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်။

အဆုံးစွန်ကြိုးပမ်းရုန်းကန်နေရတဲ့အခြေအနေတွေအောက်မှာတောင် စံနှုန်းများကိုဆုပ်ကိုင်ထားလိုတဲ့ မေမေ့ရဲ့ဆုံးဖြတ်ချက်ကို ဒီအချက် က ဖော်ညွှန်းနေခဲ့တာပါ။ သူမရဲ့နောက်ဆုံးနေ့များအထိ ခေါင်းမူးခြင်းရဲ့ အားကုန်ခမ်းနွမ်းနယ်မှုများကို မကြာခဏ မေမေခံစားနေခဲ့ပါတယ်။ လက်တွေ့မှာခံစားနိုင်စွမ်းမရှိနိုင်တဲ့အချိန်မှာတော့ မေမေဟာ မနက်ပိုင်းမှာ အိပ်ရာကထပြီး၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊ ခေါင်းကိုသပ် ယပ်စွာ ဖြီးသင်ထုံးဖွဲ့ကာ မျက်နှာမှာ သနပ်ခါးလိမ်းခြယ်သလျှက် တနေကုန် အိပ်တော့တာပါပဲ။ ဘဝမှာကြုံတွေ့လာမဲ့စိန်ခေါ်မှုများကို သူမ ရဲ့သတ္တိနဲ့ဂုဏ်သိက္ခာတို့က တွန်းလှန်ပစ်နိုင်ဘို့ကိုပဲ ဆန္ဒပြုခဲ့ပါတယ်။

၁၉၄၁ ခုနှစ်မှာ ဗြိတိသျှတွေ ရန်ကုန်မှစတင်ဆုတ်ခွာသွားစဉ် ရန်ကုန်ဆေးရုံကြီးမှလူနာများကို ရေကြောင်းမှတဆင့် ကာလကတ္တား (ခိုးလ် ကတ္တား) သို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြောင်းရွှေ့ပေးခံရသူများကို စေတနာ့ဝန်ထမ်းအဖော်ပြုလိုက်ပါမဲ့သူနာပြုများတွင် မေမေလည်းပါဝင်ခဲ့ ပါတယ်။ ဂျပန်စစ်တပ်ရောက်မလာခင် မြန်မာပြည်ကလွတ်မြောက်သွားလိုသူ သင်္ဘောပေါ်ပါ ဆေးဝန်ထမ်းအများစုဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုများကို မေမေက စာနာနားလည်ပေးခဲ့ပါတယ်။ အိန္ဒိယမှာပဲ စစ်အတွင်းနေထိုင်မယ်ဆိုတဲ့ သူတ ရဲ့ဆုံးဖြတ်ချက်ကိုလဲ မဝေဖန်ခဲ့ပါဘူး။ မေမေကတော့ သူ့နိုင်ငံရဲ့ကံကြမ္မာကိုပဲ မျှဝေခံစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကာလကတ္တားရဲ့ ရှုခင်းများကိုကြည့်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုကင်းတဲ့ ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် မြန်မာနိုင်ငံကို နောက်ဆုံးသင်္ဘောဖြင့် မေမေ ပြန်လာခဲ့ပါတယ်။ ဆေးရုံတွေအားလုံးပိတ်ထားတဲ့အတွက် မြောင်းမြကိုပြန်လာခဲ့ပါတယ်။ ဒါကတော့ ဝမ်းနည်းကြေကွဲဘွယ် အိမ်အပြန်ဖြစ် ခဲ့ပါတော့တယ်။ မေမေ မရှိခင်အချိန်အတွင်းမှာ သူ့မိခင်ဟာ အဆုတ်အအေးပတ်ရောဂါ နမိုးနီးယားနဲ့ ကွယ်လွန်သွားခဲ့တာကြောင့်ပါ။

မေမေဟာ အလဟဿ ဝမ်းနည်းပူဆွေးမှုကို အချိန်ကြာရှည်စွာ ယစ်မူးနေသူတဦးမဟုတ်ခဲ့ပါ။ မေမေဟာ ငယ်ရွယ်ပြီး ကြံ့ကြံ ခံနိုင်ရည်ရှိ သူဖြစ်ပါတယ်။ စစ်ကလဲဖြစ်ပွါးနေပါတယ်။ ပြည်သူလူထုလည်း ခံစားနေကြရပါတယ်။ ခံစားနေမှုများမှ လျော့ပါးပျောက်ကွယ်အောင်ဆောင် ရွက်ပေးရမှာက သူ့ရဲ့အသက်မွေးကြောင်း မဟုတ်ပါလား။ နိုင်ငံတဝှမ်းလုံးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အထူးတလည်လိုအပ်နေ လျက်ပါ။ ရန်ကုန်မြို့မှာ စစ်အတွင်း အခြေခံအုပ်ချုပ်ရေးကိုထူထောင်ပြီးပြီးခြင်း ဆရာဝန်တစုဟာ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်ဘို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ ကျွမ်းကျင်သူများခေါ်ဆိုလိုက်တဲ့အခါ မေမေဟာချက်ခြင်းပဲ စာရင်းပေးတုန့်ပြန်လိုက်ခဲ့ပါတယ်။ စိတ်ဒုံးဒုံးချလျက် ကျန်းမာရေး ဝန်ဆောင်မှုပေးမဲ့ ရဲဝံ့သတ္တိရှိလှတဲ့အဖွဲ့မှာ သူနာပြုချုပ်အဖြစ် ပါဝင်တာဝန်ယူခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာတွေအထဲမှာ ကျွန်မဖေဖေလည်း ပါလာခဲ့ပါတယ်။ သူဟာ ဂျပန်တွေနဲ့ အတူ မြန်မာနိုင်ငံအတွင်း ချီတက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ်ဖြစ်ပါတယ်။ သူဟာ ကြမ်းတမ်းမှု၊ အစာရေစာချို့တဲ့မှုနဲ့ ငှက်ဖျားရောဂါကြောင့် ပင်ပန်းနွမ်းနယ်လျက်ရှိနေပါတယ်။ သူဟာ စိတ်လှုပ်ရှားနေပြီး၊ အံကြိတ်ကာ ကတ်တီးကတ်ဖဲ့ခေါင်းမာ စွာ ချဉ်းကပ် ရန်ခက်ခဲသူဖြစ်နေပါတယ်။ ဖေဖေ့အတွက်တာဝန်ချထားပေးတဲ့ သူနာပြုငယ်ဟာ သူ့လူနာဟာ ကြောက်စရာကောင်းပြီး ပေကတ်ကတ်နိုင် ကြောင်းတွေ့မြင်လာခဲ့ပါတယ်။ အမှန်ပါပဲ။ ယခုလို ထင်ရှားပြီး ခက်ခဲတဲ့အမျိုးသားတယောက်ကို ကိုင်တွယ်ဆက်ဆံနိုင်စွမ်းမှုဟာ သူနာပြု ချုပ်ဆီမှာပဲရှိနိုင်ပါတယ်။ ဒါကြောင့် မေမေက လွှဲပြောင်းယူခဲ့ပါတယ်။ ဖေဖေကလည်း အပြည့်အဝနဲ့ အမြဲတမ်းအဖြစ် လွှဲပြောင်းပေးခြင်းမျိုး ပဲဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေမေလက်ထပ်ချိန်မှာ အသက် ၂၀ နှောင်းပိုင်းအတွင်းမှာပါ။ ကိုယ်ဟန်ကျော့ရှင်းလျှက် ယုံကြည် ချက်ခိုင်မာစွာ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်ချမ်းမြေ့မှုများဖြင့် လန်းဆန်းနေပါတယ်။ မေမေဟာ အလှကြီးလို့တော့ မဆိုသာပါဘူး။ ဘဲဥပုံမျက်နှာပေါက်၊ ကျယ်ပြန့်တဲ့မျက်ခုံးနဲ့ ကြီးမားပြီး အရည်လဲ့တဲ့ မျက်ဝန်း၊ ပင်ကိုယ်ဟန်ပန် အာရုံနဲ့ ချစ်မွေးတို့ကြောင့် မေမေဟာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိသူတဦးဖြစ်ပါတယ်။ ကျွန်မဘခင်ကိုတွေ့ မြင်ရတဲ့အထိတော့ မေမေဟာ သူ့လုပ်ငန်းမှာပဲ အာရုံဝင်နှစ်မြုပ်နေလျက်ပါ။ လက်ထပ်ရေးကိစ္စကို အလေးထားပုံမ ပေါ်ပါဘူး။ မေမေ့ရဲ့အိမ်ထောင် သည်ဘဝကိုဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူနာပြုငယ်များက စိတ်အားထက်သန်စွာ မကြိုဆိုခဲ့ကြပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်ပုဂ္ဂိုလ်တဦး သူရဲကောင်းတဦးဖြစ်တာတော့မှန်ပါတယ်။ ဒါပေမယ့် မျိုးချစ်ပုဂ္ဂိုလ် သူရဲကောင်းတွေဟာ လင်သားကောင်းတွေတော့ သေချာပေါက်မဖြစ်တတ်ပါဘူး။ တကယ်လို့ သူဟာ မယားကိုရိုက်နှက်နှိပ်စက်တတ်သူဖြစ်ရင်ကော။ “မပူကြ ပါနဲ့လေ…တို့ကို သူရိုက်ရင် သူ့ကိုထားရစ်ခဲ့ပြီး သူနာပြုပဲပြန်လာလုပ်မှာပါ” လို့ မေမေက သူ့ရဲ့လုပ်ဖော်ကိုင်ဘက်အငယ်များကို ပြောခဲ့ပါ တယ်။

ဆရာဝန်များဟာလဲ မေမေလက်ထပ်မဲ့ကိစ္စကို အားလုံးက အတူတကွမပျော်ရွှင်ကြပါ။ ဗိုလ်ချုပ်ကို သူတို့ အမှန်တကယ်လေးစားကြပါတယ်။ ဗိုလ်ချုပ်အနေနဲ့ မယားကောင်းကိုရထိုက်ကြောင်းလဲ သံသယမရှိကြပါ။ ဒါပေမင့် အရည်အချင်းအရှိဆုံး အထက်တန်းသူနာပြုတဦး ဆုံးရှုံး ရမဲ့အရေးမှာကတော့ ကျေနပ်ဝမ်းသာစရာတော့မဟုတ်လှပါ။ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးကတော့ အဘိုးအတန်ဆုံးခွဲစိတ်ခန်း လက် ထောက်တဦး ဆုံးရှုံးရပြီလို့ ညည်းတွားခဲ့ပါတယ်။ တူညီတဲ့အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမဲ့ အစားထိုးနိုင်သူတဦးကိုတွေ့ဘို့ဆိုတာ အလွန်ခဲယဉ်းကြောင်းလဲ တတွတ်တွတ် ပြောခဲ့ပါတယ်။ ကျွန်မမိဘများရဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ဆေးရုံကြီး တွင် အရေးပေါ်ခွဲစိတ်မှုလုပ်ရပါတယ်။ သူနာပြုများအဆောင်မှာနေဆဲဖြစ်တဲ့မေမေဟာ အိပ်ရာမှထပြီး ခွဲစိတ်ခန်း ဝင်ကူခဲ့ရပါတယ်။ ခွဲစိတ်မှုပြီးသွားတော့ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးက “သူကတော့ သူနာပြုတွေအနက် စံတင်လောက်သူပါပဲ။ လက်ထပ်ရက် မတိုင်ခင် ညမှာတောင် ညဥ့်နက်နက်အချိန်တွင် ခွဲစိတ်ခန်းဝင်ပေးရသေးတယ်နော်”လို့မှတ်ချက်ချခဲ့ပါသေးတယ်။ ဆရာဝန်ကြီးကပဲ မေမေရဲ့ဘဝ သစ်ရဲ့ပထမနေ့ကို ရင်မဆိုင်ရမီ သွားအိပ်စေခဲ့ပါတယ်။

ကျွန်မဘခင် အသတ်မခံရမီအထိ ကျွန်မမိဘများမှာ အိမ်ထောင်ရေးသက်တမ်း ၅ နှစ် မပြည့်ခဲ့ပါ။ ကျွန်မမိခင်က ရိုးရိုးလေးပဲ ကျွန်မကိုပြော ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်ရွှင်စွာပဲ အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်…တဲ့။ သူတို့ပျော်ရွှင်စွာနေထိုင်ကောင်း နေထိုင်ခဲ့ပေမင့် လွယ်ကူမှုမရှိတဲ့ သို့မဟုတ် ငြိမ်းအေးမှုမရှိ တဲ့အချိန်များလည်း ရှိခဲ့ပါတယ်…တဲ့။ ကျွန်မဖေဖေဟာ စစ်အတွင်းတပ်မတော်ရဲ့ အကြီးအကဲဖြစ်ရုံသာမက နောက်ဆုံးအထိ လွတ်လပ်ရေးလှုပ်ရှားမှု ရဲ့ အဦးဆုံးခေါင်းဆောင်ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ဘဝဟာ ကြမ်းတမ်းကာ အန္တရာယ်များလှပါတယ်။ မေမေကတော့ ကြေကွဲဘွယ်အဆုံးသတ်ခဲ့ရတဲ့အထိ မျှဝေခံစားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
၂၀၁၂ ခု၊ မေ ၂၇
မိုင်အိနိချိ နေ့စဉ် – ဂျပန်

(၂၀၁၂ မေ၊ ၂၇ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair 2 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts