ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၄) – Mar Mar Aye

မာမာအေး
မေ ၂၉၊ ၂၀၁၂

“—
ခုလို ဂီတလမ်းကြောပိတ်သွားတဲ့ အန္တရာယ်ချိန်မျိုးမှာ လူသစ်အသံသစ် ကိုယ်ထဲကိုယ်ယာက ရှာမလားလို့ပါ၊ ဂီတနွယ်စင်ထဲကဆိုမှ ဂီတအကြားအမြင် အသိအာရုံ သူများထက်တော့ စုံလိမ့်မယ်လို့ စဉ်းစားရသေးတာကိုး၊ ဂီတမှာက ပြောပြတာနဲ့ ဘာဆိုတာကို ပြေးကြည့်တာလို သိနိုင်မှ ပညာပေးလို့ လွယ်လို့ပါ—”


သောတရှင်တို့ရေ …
အရင်တပါတ်က ကိုယ့်မှာရှိတဲ့ ကျန်းမာရေးလေးနဲ့ ချစ်တဲ့ပရိသဒ်ကို ဘာများပေးလို့ ရသေးသလဲ ဆိုတာ တွေးပါတယ် လို့ မာအေး ပြောခဲ့ပါတယ်။ အရွယ်ကေါင်း ကျန်းမာ ရှိစဉ်မှာက ဒီလို ဘယ်ကြာကြာတွေးနေမလဲ၊ စိတ်ထဲပေါ်တာနဲ့ ချက်ချင်း ထလုပ်ခဲ့တာပေါ့။ ဒါကြောင့် တိုင်းပြည်အနှံ့ သာသနာပြန့်မှုတွေအတွက် ကူဖြစ်တယ်၊ အသံလှူဖြစ်တယ်၊ ကိုယ့်ကိုချစ်တဲ့ မေတ္တာရှိတဲ့ ပြည်သူတွေကြား၊ တောခေါင်တောင်ဖျား အရောက်သွားလိုက်တာ ‘ခြေရှည်စပ်စု’ကို ဖြစ်လာရော၊ လှည်းပေါ်က မာအေး လှေပေါ်က မာအေးတဲ့ရှင့်။ အားလုံးကို ငြိမ်းအေးဖို့ ဖြည့်ဆည်းခဲ့တာမို့ ရလာတဲ့ အမြတ် လို့ ကျေနပ် ပျော်ရွှင်ခဲ့ပါတယ်။

မာအေးဘ၀မှာ ဒီလို ကိုယ့်နှလုံးသားကို ခွဲစိတ်ခံရဘို့ ဖြစ်လာမယ် ဆိုတာလဲ မတွေးမိဘူး၊ ကိုယ်တခြမ်းမလှုပ်နိုင်တဲ့ လေဖြတ်တာ – လေဖြန်းတာမျိုး ဖြစ်မယ်လို့လဲ မတွေးမိဘူး၊ အရိုးအဆစ်တွေ အထိမခံနိုင်အောင် နာတတ်တဲ့ ‘ဂေါက်’ ဆိုတာတော့ ဝေးရော၊ အခု ဖြစ်နေတဲ့ ‘အလာဂျီ’ ဆိုတဲ့ ‘အယားဖု’ လေးတွေဆိုလဲ နှစ်ပေါင်းခြောက်ဆယ်ကျော်၊ တခါမှ မပေါ်ပေါက်ဖူးပါဘူး။ ကျောက်ပေါက်ပြီးရင်၊ အရေပြားနဲ့အသားပေါ်ကို ဘာအနာရောဂါမှ မ၀င်နိုင်ဘူး ဆိုတဲ့ အတွေးအခေါ်လဲ ဘေးချော်ခဲ့ပြီ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ – လက္ခဏာရေးသုံးပါး၊ မြင်ကြား ထင်ရှားလှခဲ့ပြီ၊ ‘သိပေမယ့် တရား မမြင်နိုင်သေး’ လို့ ဆိုမိခဲ့တာကတော့ ၀ါသနာ ဂီတ အရာတခုမှာသာ ဖြစ်ပါလိမ့်မယ်၊ ဒီ မွေးရာပါ အထုံပါရမီလေး အသစ်အသစ်တို့ဆီတဆင့်ပေးမယ်လို့ တွေးမိတဲ့ (၁၉ရ၆) တုန်းက အဆိုလေ့ကျင့်ရေးကျောင်း ဖွင့်ပေးခဲ့ပါတယ်၊ အသက်ကြီးလို့ ဆိုမပြနိုင်ရင် ပညာယူတဲ့သူမှာ “ဋ္ဌာန်ကုန်”အောင် သိဘို့ မလွယ်လို့ပါ၊ မာအေး အသက်သုံးဆယ်ကျော်မှာ စပြီး ဆိုနည်းစနစ်ရှိဘို့ ကျိုးစားတာပါ၊ တနေ့မှာ – ဒီကနေ့လို မြန်မာ့ကိုယ်ပိုင်အသံတွေ၊ ဟန်တွေ၊ မှေးမှိန်နိုင်တယ်လို့လဲ ကြိုတွေးမိတယ်၊ ဒါလောက်ကြီး ကိုယ့်ဂီတကို လွှင့်ပစ်ချင်တဲ့ နောင်လာနောက်သားတွေရန်ကလဲ အထိုက်အလျှောက် ရင်တွင်းအသိနဲ့ လိုက်စားကါကွယ်ဖို့ လူစုတာလို့ပြောရင်လဲ ဖြစ်ပါတယ်။

အေးကျောင်းတက်ခဲ့သူတိုင်းကို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဂီတ ကိုယ့်ယဉ်ကျေးမှုကို အလေးအနက် အမြတ်တနိုး စောင့်ရှောက်ရမယ်ဆိုတာ နားလည်အောင် ပျိုးထောင်ထားပါတယ်။ မြန်မာ့အသံ ဆိုတဲ့ အသံလွှင့်ရုံကြီး – စည်ပင်သာယာဝေဆာနေတဲ့ တချိန်တုန်းကတော့ ဖြူနီပြာဝါ ထံတျာတေတျော၊ မဟာဂီတပါနှောတဲ့ တေးရဂုံ – ဖူးငုံပွင့်လှိုင်၊ မြိုင့်ထက်မြိုင်၊ ကြိုင့်သည်ထက်ကြိုင်၊ ဆိုနိုင်တီးနိုင် ရေးနိုင်ကြဖွယ် ပန်းမြိုင်လယ်ကြီးပေါ့ရှင်။ ခေတ်တွေက ပြောင်းပြောင်းလာ၊ မြန်မာ့အသံမှာ ၀င်ရထွက်ရအသံသွင်းရတာ ခက်ခဲလွန်းလာတာကြုံတော့ ဆရာလင်းခေးလုင်က သူ့ခံစားရချက်ကလေးကို ရာမဇါတ်နဲ့ နှိုင်းရေးပြသွားခဲ့တယ်၊ အားလုံး ခြုံရေးတဲ့အဓိပါယ်လို့ ပြောထားခဲ့တာကတော့ ဒီသီချင်းလေးဘဲ၊ နားထောင်ကြည့်ပါဦး

* (ပန်းမြိုင်လယ် – လင်းခေးလုင်ရေးသည်)

(ပန်းမြိုင်လယ် – ပန်းမြိုင်လယ် ၊ ပန်းမြိုင်လယ် ၊ စံအိမ်ကြီးမှာကွယ်၊ အလှပေါင်းကုဋေကြွယ်၊ အလျှံအပယ် ပေါပြည့်ဝစုံတယ်)၂ xx ခန်းနားတင့်တယ်၊ ဆန်းပြားလွန်းတယ်၊ တာဝတိမ်ဘုံနန်းနဲ့တော့ တကယ်မခြားပါတယ် – ပန်းမြိုင်လယ်၊ ပန်းမြိုင်လယ် xxx ခမ်းနားပေမယ့် အန္တရာယ်ရှိနေတယ်၊ ရာမဇါတ်တော်ထဲက မယ်သီတာ မင်းရာမလို၊ မေတ္တာအပေးအယူ ဖြူးဖြောင့်သော်လဲ၊ ဆူးညှောင့်ခလုပ်ကံသင်းရှိနေတယ် x အဖျက်သမား ဒဿဂီရိ သူ့ရန်စွယ်၊ မာယာထောင်ခြောက်ထဲ ၀င်တိုးမိလို့ ရတက်ဇောတွေကြွယ်၊ မှော်ရုံတောအလယ်၊ မှော်ရုံတောအလယ် xx


ကြားတဲ့အတိုင်းဘဲ သောတရှင်တို့ရေ၊ နိုင်ငံတော်ရဲ့ တခုတည်းသော အသံလွှင့်ရုံကြီးမို့ လုံခြုံရေး၊ လုံခြုံရေး ဆိုတဲ့ပြီး အကျယ် တစ်ရာ့နှစ်ဆယ်ချဲ့လိုက်တာ တီးဝိုင်းတွေ အသံကို မလွှင့်ရတော့တဲ့ အန္တရာယ်ဘေးဆိုက်သွားတာပေါ့ရှင်၊ တီးဝိုင်းမလွှင့်နိုင်ရင် အဆိုတော် ဘယ်လောပေါ်နိုင်တော့မှာလဲ၊ ခေတ်အဆက်ဆက်က ၀ါသနာအရ ဆိုတီးလာတဲ့ သံစဉ်လင်္ကါကေါင်းနိုးရာရာလေးတွေကို အများသူငါခံစားကြည့်စမ်းပါလို့ သူတို့ကျောက်ရိုင်းလေးတွေကို ပြည်သူက သွေးပေးစေချင်လို့ အစမ်းသတ်ခံ၊ အပင်ပမ်းခံ အသံလွှင့်နေကြတာပါ။ မာအေးကိုယ်တိုင်လဲ ဒီလိုနဲ့ တက်လာခဲ့တဲ့အဆိုတော်ဘဲ။ အသပြာမျှော်စရာ ဘာရှိလို့လဲ။ တီးဝိုင်းလမ်းစားရိတ်လောက်သါ ရနိုင်တာလို့ ပြောပြပြီးပြီဘဲ၊ ခုလို ဂီတလမ်းကြောပိတ်သွားတဲ့ အန္တရာယ်ချိန်မျိုးမှာ လူသစ်အသံသစ် ကိုယ်ထဲကိုယ်ယာက ရှာမလားလို့ပါ၊ ဂီတနွယ်စင်ထဲကဆိုမှ ဂီတအကြားအမြင် အသိအာရုံ သူများထက်တော့ စုံလိမ့်မယ်လို့ စဉ်းစားရသေးတာကိုး၊ ဂီတမှာက ပြောပြတာနဲ့ ဘာဆိုတာကို ပြေးကြည့်တာလို သိနိုင်မှ ပညာပေးလို့ လွယ်လို့ပါ။ မာအေးကျောင်းသားတွေကတော့ ခဏ ပြန်နွှေးရင် ရလောက်မယ် ထင်တာပါဘဲ။

ဒီလိုအတွေးနဲ့ အိမ်ပြန်ပြောင်းလာပြီးကတည်းက မဖြည်ရသေးတဲ့ အထုပ်တွေထဲ ရှာဖွေလေ တွေ့ရှိလေ ကြမ်းခင်းလိုက်တဲ့အခါ VCD/KARAOKE တခွေက ထွက်ကျလာတယ်။ စာရွက်ပိုင်းကလေးပေါ်မှာ ရေးထားတဲ့ စာလေးလဲ ပါလာပါတယ်။ ‘ကြီးကြီး’ – သား၏ အခွေတွင် ကြီးကြီး၏အမည်အား အသုံးပြုထား၍ ‘ချစ်မိုးကြီး’ နှင့် ‘မိုးမင်းညို’ တွင်လည်း ကြီးကြီး၏မူများနှင့် ဆိုပေါက်များအားနားထောင်၍ ကြိုးစားထားပါသည်။ ကျနော် အဆိုတော်အဖြစ် ဘ၀တလျှောက်လုံး အသက်မွေးသွားပါတော့မည်ခင်ဗျာ၊ ကြီးကြီး ကျန်းမာပါစေ – သားမောင် ဗိုလ်မှူး – ရဲနန္ဒ တဲ့ရှင့်။

ကဲ ကဲ နောက်မှ ဆက်ပြောကြစို့ရှင်၊ လူသစ်သီချင်းသစ် နားထောင်နှင့်တာပေါ့။

* (မိုးနဲ့အတူ လှမ်းခဲ့ပါ – ရဲနန္ဒ)

အာကါယံထဲ၊ မည်းမည်းမှောင်ဝေ၊ တိမ်ခိုးအရောင်တွေ၊ မြောက်ပြန်လေညှင်းပါပေါ့၊ သော့သော့ပြန်ခဲ့ပါမေ၊ ပူဗျာပွေ ချစ်သူဆွေတပါး၊ တမ်းတလွမ်းရသူမလေ၊ ချစ်သူဝေးတဲ့သည်မြေ၊ ပြန်လာလေသည်မောင်မျှော်နေ၊ တို့မြေအရပ်မလေ၊ မိုးတွေဖြိုးစွေနေ xxx
အို မိုးဒေ၀ါ … ရှစ်တိုင်းမှိုင်းဆင်ပါလို့လေ (ဖေါ်မစုံဝေးသူမို့ ပူဗျာဝေ၊ ပူဗျာဝေ၊ သူဇာမေရေ) ၂ x ကျွမ်းလုအသည်း … လွမ်းသူ့ပွဲ … အော် လွမ်းသူရဲ့ပွဲ xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

 

စာစီစာရိုက် – မျိုးဇော်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts