သတင်းဆောင်းပါး

Zaw Aung (Mon Ywa) – မြန်မာရှေ့ပြေးယာဉ် ဗီယက်နမ် သို့ အလုပ်သွားလုပ်ခြင်း

ဇော်အောင် (မုံရွာ)

(Photo: AP –Prime Ministers, from left, Thein Sein of Myanmar, Nguyen Tan Dung of Vietnam, Hun Sen of Cambodia, and Bouasone Bouphavanh of Laos, )

၁၉၉၆ခုနှစ် ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးမှာ ဗီယက်နမ်း၊ စင်ကာပူ စက်မှုဇုံ ရင်းနှီးမြုတ်နှံမှုစတင်ခဲ့ပါတယ်။ ဗီယက်နမ်အစိုးရပိုင် Becamex IDC Corporation နဲ့ စင်ကာပူ အစိုးရပိုင် Sembcorp Development Ltd (SDL). တို့ ပူးပေါင်းလုပ်ဆောင်ပါတယ်။ စင်ကာပူက နိုင်ငံတကာကုမဏီများကို ခေါ်ပြီး၊ ဗီယက်နမ်မှာ စိတ်ချစွာလုပ်ကိုင်ဖို့ အာမခံပေးတယ်။ မြေ၊နေရာငှားရမ်းခကို စင်ကာပူနဲ့ဗီယက်နမ်တို့ ခွဲဝေယူကြတဲ့ လုပ်ငန်းဖြစ်ပါတယ်။

၂၀၀၆ နောက်ပိုင်းမှာ၊ အခြေအနေပိုကောင်းလာတဲ့အတွက် စက်မှုဇုံ အမှတ်(၂)ကို စတင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး၊ အင်ဂျင်နီယာ၂ဦးလည်း ဗီယက်နမ်အစိုးရပိုင် VINAMILK ဆိုတဲ့ သြစတြေးလျှားနဲ့ပူးပေါင်းပြီး နွားမွေးမြူ၊ နွားနို့ပစ္စည်များလုပ်ငန်းဆီ အလုပ်လာလုပ်ခွင့်ရပါတယ်။ ဒိန်းမတ်ပညာရှင်များရဲ့ နို့မှုန့်စက်ရုံတည်ဆောက်ရေးဖြစ်ပြီး စင်ကာပူ GEA Process Engineering မှ ဒီဇိုင်းလုပ်တဲ့ စက်များကို တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။ 

ဆိုင်ဂုံမြို့၊ ယခု ဟိုချီမင်းမြို့လို့ ခေါ်တဲ့ မြို့လည်နဲ့ ကီလိုမီတာ၃၀လောက်ဝေးတဲ့ နေရာမှာ စက်မှုဇုံအမှတ်(၂)ရှိပါတယ်။ မနက် ၆နာရီကျော်ရင်၊ လမ်းမပေါ်မှာ အလုပ်သမား၊ ကုန်ကားများစွာ သွားလာနေပါပြီ။ အလုပ်သမားအများစုဟာ ကိုယ်ပိုင် မော်တော်ဆိုင်ကယ် (သို့မဟုတ်) စက်ဘီးနဲ့ အလုပ်ဆင်းကြပါတယ်။ ကိုးရီးယား၊ ဂျပန်၊ ဥရောပ ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ အီတလီ .. စတဲ့ ကုမဏီကြီးများက စက်ရုံများစွာ ဖွင့်လစ်ထားတဲ့အတွက်၊ အလုပ်သမားများစွာ အလုပ်ရပါတယ်။ လစာကတော့ နည်းပါတယ်။ ဆောက်လုပ်ရေး လုပ်နေဆဲနေရာတွေမှာတော့ အသက်ရွယ်ကြီးသူများ လုပ်ကိုင်ကြပါတယ်။ ကုန်ထုတ်လုပ်ငန်း စက်ရုံများမှာတော့ လူငယ်များစွာ အလုပ်လုပ်ကြပါတယ်။ ဗီယက်နမ်ရဲ့ Median Age က ၂၈နှစ် ဆိုတော့ ၊ မနက်သွားလာနေသူ အများစုဟာ အသက် ၂၈နှစ်ပတ်ဝန်းကျင် အရွယ်၊ လူငယ်များပဲ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ရဲ့ Vietnam Singapore Industrial Park  VSIP 2  စက်မှုဇုံမှာ The Canery Appartment မှာပဲ နိုင်ငံတကာလာရောက်သူများ ငှားပြီးနေထိုင်ကြပါတယ်။ စင်ကာပူက ကွန်ဒိုလိုနေရာလေးပါ။ VSIP http://www.vsip.com.vn/  ဗီယက်နမ်မြောက်ပိုင်း၊ တောင်ပိုင်း တွေမှာ စက်မှုဇုံတွေရှိပါတယ်။ 

အလုပ်သမား အနိုမ့်ဆုံးလစာကို အစိုးရက ကြပ်မတ်ပေးထားပါတယ်။ ကုန်ဈေးနှုန်းတွေက တက်နေပြီး၊ လစာတိုးနှုန်းက နည်းပါတယ်။

၂၀၁၂ မှာ ဗီယက်နမ်းဒေါင်းငွေတန်ဖိုးက US$1.00=VND 20,800 ဈေးပေါက်ပါတယ်။ ဗီယက်နမ်အစိုးရက အနိုမ့်ဆုံးလစာကို နှစ်စဉ်သတ်မှတ်ပေးပါတယ်။ စက်ရုံအများဆုံး ဟိုချီမင်းမြို့မှာ အနိုမ့်ဆုံးလစာငွေ VND 850,000  ကနေ 1500,000 (US$40 to 70) ရှိကြပါတယ်။ အစိုးရက နှစ်စဉ် အနိုမ့်ဆုံးလစာကို ပတ်ဝန်းကျင်နိုင်ငံများနဲ့ အညီ တိုးမြှင့်ပေးပါတယ်။

လင်မယား၂ယောက်အလုပ်လုပ်တဲ့ မိသားစုရဲ့ ပျမ်းမျှဝင်ငွေဟာ တလကို US$190 လောက်ဖြစ်တဲ့အတွက် စားဖို့အတွက်တော့ လောက်ရုံရှိပါတယ်။ အစားအသောက်ဈေးနှုန်းက ကြက်၊ ၀က်၊ ငါး 1kg – US$3.00 လောက်ပဲရှိပြီး၊ အသီးအနှံများလည်း ပေါများတော့ ဈေးချိုပါတယ်။ ဒါပေမဲ့ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းများက ဈေးကြီးတယ်ပြောရပါမယ်။ အခြေလူတန်းစားကတော့ ဘိုင်စကယ်၊ ဆိုင်ကယ်များပဲ စီးနင်းရပါတယ်။ ဆိုင်ကယ်စက်ရုံများစွာနဲ့၊ ဆိုင်ကယ်ထုတ်လုပ်ရေးများစွား ဗီယက်နမ်မှာပဲ ရှိနေတော့ ဈေးချိုပါတယ်။ အစိုးရ၀န်ထမ်းများကတော့ အနည်းဆုံးလစာက US$ 40 လောက်ပဲဖြစ်ပေမယ့် ပင်စင်၊ အလုပ်တည်ငြိမ်မှုများ ရရှိပါတယ်။ 

ဗီယက်နမ်အလုပ်သမားများဟာ နှစ်သစ်ကူးပွဲ ပိတ်ရက်ရှည် ပြန်သွားပြီး၊ ပေါ်မလာကြတာများတော့ ကုမဏီများဟာ အလုပ်သမားရှားပါးမှုကို ကြုံနေရပါတယ်။ ပြည်ပပို့စက်မှုဇုံ Export Processing Zone EPZ နဲ့ စက်မှုဇုံ Industrial Park များမှာ အလုပ်လုပ်သူများဟာ၊ မိမိအိမ်နဲ့နီးတဲ့နေရာမှာပဲ အလုပ်ရွေးကြပါတယ်။ ခရီးစရိတ်ကြီးမြင့်မှုကြောင့်ပဲ ဖြစ်ပါတယ်။

ကားစီးလူတန်းစား နည်းပါးတဲ့အတွက် ကား များများ စားစား၊ မတွေ့ရပါဘူး။ နိုင်ငံခြားသားများ ၃လ အထက် ဗီဇာမရှိရင် ကားမောင်းခွင့် မပေးပါ။ ကြာကြာနေမယ့် နိုင်ငံခြားသားကို Driving License Convert လုပ်ပြီးမှ မောင်းခွင့်ပေးပါတယ်။ ဘွဲ့ရ၊ ပညာတတ်လူတန်းစားကတော့ လစာကောင်းကြပါတယ်။ တက္ကသိုလ်ဘွဲ့ရတဦးဟာ အလုပ်သမားထက် ၂ဆခွဲလောက် စတင်ရရှိပါတယ်။ ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ လစာအနည်းဆုံး နိုင်ငံဖြစ်ပါတယ်။ အတွေ့ကြုံရှိသူ ပရိုဂျက်မန်နေဂျာတယောက် တနှစ်ဝင်ငွေ US$8000 လောက်ပဲရကြပါတယ်။ အလုပ်သမားအများစုဟာ တနှစ်လုံးလစာဝင်ငွေ US$700 လောက်ပဲရပါတယ်။

အိမ်ခန်းငှားခ ဟိုချီမင်းမြို့မှာ စင်ကာပူ အိပ်ခန်း၃ခန်း၊ Apartment ကို တလ US$ 800 ပတ်ဝန်းကျင်ပေးရပါတယ်။ မြို့နဲ့အနီးအဝေး ဈေးနှုန်းကွာခြားပါတယ်။ မြို့လည်ခေါင်းဆိုရင် US$ 2000 ကျော်ပေးရပါတယ်။ မြို့ပြင်ဘက်ဆိုရင် ထုံးစံအတိုင်း ဈေးချိုပါတယ်။ နိုင်ငံခြားသားများစွာ လာရောက်အလုပ်လုပ်ကိုင်တဲ့အတွက် မြို့ပြင်ဘက်မှာလည်း နိုင်ငံခြားသားများကို မြင်ရပါတယ်။

နိုင်ငံခြားရောက် ဗီယက်နမ်လူမျိုးများ

အထူးသဖြင့် အမေရိကန်နိုင်ငံသားခံယူထားသူ ၁သန်းကျော်၊ နိုင်ငံတကာရောက်နေသူ ဗီယက်နမ်လူမျိုးများကို ဗီယက်နမ်အစိုးရက အထူးအခွင့်အရေးပေးထားပါတယ်။ သူတို့ကို ၅နှစ် Multi-entry visa, fee $20 နဲ့ ၆လ နေထိုင်ခွင့်ပေးပါတယ်။ လိုအပ်ရင် ဗီယက်နမ်နိုင်ငံသား ပြန်လည်ခံယူခွင့်လည်း ပေးသော်လည်း၊ မည်သူမျှ အမေရိကန်နီုင်ငံသားကို စွန့်မှာမဟုတ်ပါ။

ဗီယက်နမ်ဗီဇာ

တောင်အမေရိက Ecuador  နိုင်ငံနဲ့  အာရှအလယ်ပိုင်းက Cyrgyzstan ၂နိုင်ငံကို ဗီဇာဖရီး ၀င်ခွင့်ပေးပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ ၈ နိုင်ငံ အချင်းချင်း အပြန်အလှန် ဗီဇာဖရီး ၀င်ခွင့်ရသော်လည်း မြန်မာနိုင်ငံသားများအတွက်တော့ ဗီဇာ လိုအပ်နေဆဲပါ။ အခြားနိုင်ငံကြီးများ အမေရိကား၊ ဂျပန်၊ ဥရောပနိုင်ငံများလည်း ဗီဇာလိုအပ်ပါတယ်။ သို့သော် ဖင်လန်၊ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံသားများကို ဗီဇာဖရီး ပေးထားပြန်ပါတယ်။ ဗီယက်နမ်ကို ရင်းနှီးမြုတ်နှံနိုင်ငံများကို ဦးစားပေးခြင်း ဖြစ်ပုံရပါတယ်။  ၂၀၀၂ မေလ အခြေအနေဖြစ်ပါတယ်။ http://www.vietnamonline.com/visa/5-year-visa.html

အလုပ်ဗီဇာ သီးသန့်မထားပါဘူး။ စင်ကာပူ၊မလေးရှားလို S.Pass, EP, Work Permit system မရှိပါဘူး။ တော်တန်ရုံနိုင်ငံခြားသားများလည်း ဗီယက်နမ်လူမျိုးတွေနဲ့ ယှဉ်ပြီး လခနည်းနည်းနဲ့ မလုပ်နိုင်ပါ။ Skilled Workers များသာ လာရောက်တဲ့အတွက် Business Visa eg. B3 လျှောက်ထားရပါတယ်။ ကုမဏီစပွန်စာနဲ့ လျှောက်ရင် ၃လတခါ၊ သက်တမ်းတိုးပေးပါတယ်။ သက်တမ်းတိုးမရရင် စတေးရှောင်ပေးရပါတယ်။ တချို့လည်း ဗီယက်နမ်မှာ အကြာကြီးနေရင် တိုးရစ်ဗီဇာ အစား၊ ကုမဏီတခု စပွန်စာနဲ့ အလုပ်ဗီဇာလျှောက်ကြပါတယ်။ ငွေပိုကုန်ပါတယ်။ 

 ဗီယက်နမ်တွေရဲ့ နည်းလှတဲ့ လစာငွေနဲ့ ယှဉ်အလုပ်လုပ်နိုင်သူများကတော့ တရုပ်နိုင်ငံသားများပဲ ဖြစ်ပါတယ်။ တရုပ်လူမျိုးများစွာ ဗီယက်နမ်မှာ သူတို့ကုမဏီ ပရိုဂျက်များမှာ အလုပ်လာလုပ်တဲ့အတွက် အလုပ်သမားပြသနာ ဖြေရှင်းနေဆဲပါပဲ။ တရုပ်ကုမဏီများက Low Level Workers ကို ဗီယက်နမ်များအား မခန့်ပဲ၊ သူတို့ တရုပ်ကုမဏီအလုပ်သမားများပဲ ခန့်တဲ့အတွက်ဖြစ်ပါတယ်။ ဗီယက်နမ်လူမျိုးများဟာ ခဏလာလုပ်ပြီး၊ အလုပ်ထွက်သွားကြတာ များတာကြောင့် တရုပ်ကုမဏီများက သူတို့ တရုပ်နိုင်ငံသားများပဲ သုံးချင်တာဖြစ်ပါတယ်။

ဗီယက်နမ်ရဲ့ ငွေကြေးဖောင်းပွမှု တော်တော်များပါတယ်။ ဒါကြောင့် အစိုးရက အနိုမ့်ဆုံးလစာကို နှစ်စဉ် ပြင်ဆင်တိုးမြှင့်ပေးနေရပါတယ်။ မနှစ်ကတော့ ၁၈ ရာနှုန်းအထိ ဖောင်းပွပါတယ်။ မြန်မာပြည်လည်း ပြုပြင်ပြောင်းလဲမှု ၂နှစ်ကျော်လာရင် ငွေဖောင်းပွမှု ရှိလာမှာပါ။ တရုပ်အစိုးရရဲ့ နည်းသုံးမလား .. စောင့်ကြည့်ရန်ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွခြင်းကြောင့် ဘဏ်တိုးနှုန်းတွေလည်း ၂၀၁၂ မှာ ၉  ရာနှုန်း ရှိပါတယ်။ မြန်မာနိုင်ငံ ဘဏ်များကတော့ လောလောဆယ် အတိုးနှုန်း ၈ ရာနှုန်းဖြစ်ပါတယ်။

US$ 1 exchange rate to VND
2007    16119
2008    16548   2.6%
2009    17799   7.3%
2010    19130   7.4%
2011    20585   7.6% 

နှစ်စဉ် ဗီယက်နမ်ဒေါင်းငွေ တန်ဖိုးဟာ ၇% လောက် ကျဆင်းနေပါတယ်။ ဗီယက်နမ်ငွေကို အာစီယံမြို့ကြီး လေဆိပ်တွေက Money Changer တွေမှာ BND ဒေါင်းငွေ လဲလှယ်လို့ရပါတယ်။ မြန်မာကျပ်ငွေလည်း  အာစီယံအသိအမှတ်ပြုအဆင့်ကို မကြာခင်ရောက်မှာပါ။

အစိုးရရဲ့ ဘတ်ဂျက်ဟာ ၂၀၁၁မှာ လိုငွေ -7% အများဆုံးပြနေပါတယ်။

 http://www.tradingeconomics.com/vietnam/government-budget

ဗီယက်နမ်အစိုးရရဲ့ ၀င်ငွေဟာ ရေနံနဲ့ ဓါတ်ငွေ အများဆုံးရနေပါတယ်။ မြန်မာနိုင်ငံလိုပါပဲ။ မြန်မာလိုပဲ ရေအားလျပ်စစ်ထုတ်ပြီး တရုတ်ကို ရောင်းစားနေရပါတယ်။

အခြားအချက်အလက်များကိုအင်တာနက်  http://www.gov.vn/portal/page/portal/English  က နေ လေ့လာနိုင်ပါတယ်။ နိုင်ငံအကြီးအကဲက ခြစားမှု၊ ဖြုန်းတီးမှုများအတွက် ဥပဒေစိုးမိုးရေးကို ၂၀၂၀ အထိ ပရိုဂျက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ခြစား၊ ဖြုန်းတီး၊ အာဏာအလွဲသုံးမှု တော်တော်ရှိတဲ့ သဘောပါပဲ။

Vietnam has been focusing on formulating and improving legal system for corruption and wastefulness prevention and fight, which include a national strategy through 2020.

သုံးသပ်ချက်

ဗီယက်နမ်ကိုလေ့လာခြင်းဖြင့် သူတို့နိုင်ငံရဲ့ အားသာချက်ဟာ ငွေကြေး၊ စတော့ရှယ်ယာဈေးကွက်၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု အားပေးသည့် ဥပဒေများ အကောင်ထည်ဖေါ်နိုင်ပါတယ်။ အားနည်းချက်များကတော့
၁။ နိုင်ငံတော်အာဏာကို ဒီမိုကရေစီဖက်သားများအား တပြားမှမပေးလိုတဲ့ တစ်ပါတီ၊ ကြိုးနီ စနစ်ကြီး ရှိနေဆဲ့ဖြစ်တယ်။


၂။ ပြည်ပရောက်ဗီယက်နမ်များအား ဖိတ်ခေါ်နေသော်လည်း၊ ပညာတတ်၊ လုပ်ကိုင်တတ်သူ မလာပါ။ နေရာမပေး၍ ဖြစ်တယ်။


၃။ ရေနံ၊ ဓါတ်ငွေ၊ လျှပ်စစ် ရောင်းစားတဲ့ ဘ၀မှာပဲ ရှိနေဆဲဖြစ်တယ်။


၎။ အစိုးရက အခြေခံလူတန်းစားများဘ၀မျြှင့်တင်ရေးကို အထူးလုပ်ဆောင်ပေးပေမဲ့၊ လာဘ်စားခြင်း၊ အာဏာအလွဲသုံးခြင်း၊ ဖြုန်တီးမှုများကြောင့် ပြည်သူလူထုဘ၀ဟာ ထင်သလောက် မမြှင့်လာသေးပါ။


၅။ ကုမ္မဏီကြီးများ၊ သူဌေးကြီးများက အခွန်ရှောင်နိုင်ပြီး၊ သာမန်လူများစုက အခွန်ပေးနေရခြင်းဟာ သဘာဝ မကျပါ။ ခြစားအစိုးရကြောင့် အခွန်စနစ်ဟာ တရားဥပဒေစိုးမိုးမှု မရှိဖြစ်နေရပါတယ်။


၆။ နောက်ဆုံးမှာ အဓိကကျတဲ့ တရားဥပဒေစိုးမိုးမှုမှာ လူမှန်၊ နေရာမှန် မရှိတဲ့အတွက် အိမ်နီးချင်းနိုင်ငံ အထူးသဖြင့်၊ ထိုင်းနိုင်ငံကို မှီဖို့ မလွယ်လှသေးကြောင်း၊ Human Resource ကို ကောင်းမွန်စွာ အသုံးမချနိုင်ခြင်း၊ တလွဲမျိုးချစ် ကွန်မြူနစ်ပါတီ CVP ကသာ အာဏာဖြင့် အုပ်ချုပ်နေခြင်းများသည် … 

မြန်မာပြည်အတွက် သင်ခန်းစာများဖြစ်ပါတယ်။


မြန်မာ-ဗီယက်နမ် ဆက်ဆံရေးစတင်

မြန်မာသမ္မတ ဦးသိန်းစိန် ဗီယက်နမ်၊ ကမ္ဘောဒီယားကို သွားရောက်လေ့လာပြီး၊ ဗီယက်နမ်များ မြန်မာပြည်လာရောက်မယ် သိရပါတယ်။ အမှန်တော့ ဗီယက်နမ်က မြန်မာကုန်ကြမ်းများကို ဈေးချိုချိုနဲ့ ၀ယ်လိုတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကုန်ချောစက်ရုံ အမြန်ဆုံးလုပ်ရမဲ့အချိန်မှာ ကုန်ကြမ်းရောင်ချရေးအတွက် နှစ်ရှည်စာချုပ်တွေ လက်မလွန်ကြဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်နိုင်ငံတွင်းမှာပဲ ကုန်ချောစက်ရုံလုပ်ဖို့  ဗီယက်နမ်က ဘာမှ ကူနိုင်မှာမဟုတ်ပါဘူး။ ဗီယက်နမ်ကိုယ်တိုင်က စားသောက်ကုန်ချောများကို ထိုင်းနိုင်ငံကပဲ မှာယူတင်သွင်းနေရပါတယ်။ 

ကျွန်တော် ဗီယက်နမ်၊ ဟိုချီမင်းမြို့ကို စင်ကာပူက ထွက်ခွာချိန်၊ ဘတ်ဂျက်လေကြောင်းလိုင်းများကို အင်တာနက်က လက်မှတ်ဝယ်ဖို့ ကြည့်တယ်။ တနေ့ကို စင်ကာပူ – ဟိုချီမင်း လေယာဉ်အစီးပေါင်း ၁၅ စီး လောက်သွားတယ်။ လူ ၁၀၀ ကျော်ဆန့်တဲ့ ဘိုးအင်း ၃၀၀ လေယာဉ်လေးတွေပါ။ လက်မှတ်ခ အသွား S$50, အပြန် S$50 လောက်ပဲရှိပါတယ်။ ဈေးတော်တော်ချိုပြီး လူသွား တော်တော်များပါတယ်။ လူ၃၀၀ကျော်ဆန့်တဲ့ အဲယားဘတ်စ် လေယာဉ်ကြီးတွေလည်း အများကြီးရှိပါတယ်။ ဗီယက်နမ်ဗီဇာလျှောက်တာလည်း လွယ်ကူပါတယ်။ အေးဂျင့်နဲ့လျှောက်ရင် ၅ရက် ဆို ရပါတယ်။

လေယာဉ် ဟိုချီမင်းလေဆိပ်ဆိုက်တော့၊ လေဆိပ်ကအကြီးကြီးပါ။ ဒါပေမဲ့ လေဆိပ်အပြင်ဖက် ထွက်လိုက်တာနဲ့ ရန်ကုန်လေဆိပ်လို သေးသိမ်သွားတယ်။ အပြင်မှာ ရန်ကုန်လေဆိပ်လိုပဲ တက်ကစီ၊ ကားတွေ ရှုပ်ရှက်ခပ်နေပါတယ်။ ကားသမားတွေကလည်း အများအားဖြင့် ဗီယက်နမ်စကားပဲ ပြောတတ်ကြတယ်။ လေဆိပ်က အထွက်မှာပဲ မော်တော်ဆိုင်ကယ်များစွာ တ၀ီဝီ မောင်းနှင်သွားလာနေတာတွေ့ရတော့၊ ရန်ကုန်မြို့နဲ့တော့ မတူပါဘူး။ မန္တလေးမြို့နဲ့ သွားတူနေတာ တွေ့ရပါတယ်။ 

              ဒါနဲ့ လေဆိပ်အင်မီဂရေးရှင်းကို ဖြက်ကျော်ချိန်မှာ ၀ှိုက်ကဒ် ဖြည့်စရာမလိုပါ။ ပတ်စပို့ကို နံပတ်နှိပ်လိုက်တော့ ကျွန်တော့်ရဲ့ ဓါတ်ပုံနဲ့ ဒေတာအချက်အလက်တွေ ကွန်ပြူတာမှာ ပေါ်လာပါတယ်။ ပတ်စပို့နဲ့ ကွန်ပြူတာပါအချက်များကို စစ်ဆေးပြီး၊ ဘယ်လောက်နေမလဲ မေးတော့ ၃လ လို့ ဖြေလိုက်ပါတယ်။ တုံးထုပြီး ၃လ နေထိုင်ခွင့် ရေးပေးလိုက်ပါတယ်။ အလုပ်လုပ်ဖို့ လာတဲ့ဗီဇာဖြစ်တာကြောင့် ၃လ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ တိုးရစ်အဖြစ်လာရင်တော့ အာစီယံနိုင်ငံများ ဗီဇာမလိုပါဘူး။ သို့သော် မြန်မာကိုတော့ ဗီဇာဖရီး မပေးသေးသော်လည်း မကြာခင် မြန်မာတိုးရစ်များ ဗီဇာမလိုပဲ လာလို့ရချိန် နီးပါပြီ။

နောက်ပိုင်းတော့ ဗီယက်နမ်အကြောင်း ပိုလေ့လာစရာ ရှိပါတယ်။ ဘာပဲဖြစ်စေ .. ဆိုင်ဂုံ (ခေါ်) ဟိုချီမင်းမြို့ ပတ်ဝန်းကျင်မှာတော့ ဘဏ်တွေ၊ အေတီအမ်တွေ၊ ရှော့ပင်စင်တာတွေ .. အားလုံး စိုစိုပြေပြေနဲ့ မြန်မာနိုင်ငံထက်တော့ အလွန်သာလွန်နေတာ မျက်ဝါးထင်ထင်တွေ့ရပါတယ်။ သြော် .. ဒါနဲ့၊ ဗီယက်နမ်အင်တာနက်က အလွန်မြန်ပါတယ်။ Unlimitted $25/month ဈေးလည်း ချိုပါတယ်။ မြန်မာပြည်က ဈေးကြီးလွန်းတဲ့၊ အင်တာနှေးနဲ့ ယှဉ်လို့မရပါ။

၂၁-မေ-၂၀၁၂

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “Zaw Aung (Mon Ywa) – မြန်မာရှေ့ပြေးယာဉ် ဗီယက်နမ် သို့ အလုပ်သွားလုပ်ခြင်း
  1. မြန်မာ အင်တာနက်တပ်ဆင်ခ၊လစဉ်ကြေး၊ဒေါင်းလုပ်ခ၊နှစ်စဉ်ကြေး၊ အစရှိတဲ့အဖိုးအခတွေက လူတစုကောင်းစားရေးအတွက်ပါ။ခေတ်ရှေးပြေးဖိုအတွက်လူနည်းစုကောင်စားရေးတွေဆက်လက်လုပ်ကိုင်
    နေရင် ခေတ်နောက်ပြန် ပြန်ေ၇ာက်မှာ မလွဲပါဘူး။ တခြား နိုင်ငံ နှင့်ယှဉ်ကြည် အစစအရာရာဈေးကြီးတယ်။သတ်မှတ်နှုန်းတွေလဲ တန်းတူ မရှိဘူး။ဒါတွေအားလုံး ကယခုကျင့်သုံးနေ တဲမြန်မာဒီမိုကရေစီစနစ်ပါ။တိုးတက်ဖို ပါးစပ်ပြောနေ တာလက်တွေ မှ ဘာမှ မလုပ်သေးဘူး။ ပြောင်းလဲဖို့ ဟန်ပြတာပဲရှိတယ်။ထိုင်ခုံရလူတန်းစားနဲရင်းနှီးနိုင်တဲလူတန်းစား ကောင်းစား အောင်လုပ်နေ တဲ ဒီမိုကရေစီစနစ်ပါ။

Comments are closed.