အခန်းဆက်များ အရှင်ပညာနန္ဒ

Ashin Pyinnyar Nanda – အညတရအကျဉ်းသားရဟန်းတော်များ(၁၉) – ဦးဝိစာရိန္ဒ

အရှင်ပညာနန္ဒ။ မေ၊၂၈၊၂၀၁၂             

 

အခု အိုးဘိုထောင်ထဲမှာ မလွတ်မြောက်သေးတဲ့ သံဃာ (၂၃) ပါး ကျန်နေပါသေးတယ်။

(၁)

ဘွဲ့တော် – ဦးဝိစာရိန္ဒ

သက်တော် – ၄၀ခန့်

နေရပ် – မင်းကုန်း၊ မဟာပရိတ္တိစာသင်တိုက်၊ ကျောက်ဆည်။

အဖမ်းခံရသည့်နေ့ – ၂၅၊ ၁၁၊ ၂၀၀၃ (၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၅)

စွပ်စွဲခံရသည့်ပုဒ်မ –  ၁၄၉/၄၃၆/၂၉၅/၃၀၂/ အရေးပေါ် ၅/ည

ချမှတ်ခံရသည်ထောင်ဒဏ် – နှစ်(၂၀)

လက်ရှိနေရပ် – အိုးဘိုထောင် (ထောင်ကျခံနေရဆဲ)

အောက်တိုဘာ ၁၉ရက် ၂၀၀၃ခု က ကျောက်ဆည်မြို့မှာဖြစ်ပွားခဲ့တဲ့ ကုလား-ဗမာ လူမျိုးရေး အဓိကရုဏ်းမှာ ပြစ်မှုတစုံတရာ ကျူးလွန်မှု မရှိဘဲနဲ့ လူသတ်မှု ၊လူသေမှု စတဲ့ ပုဒ်မတွေ တပ်ပြီး သံဃာတော်တွေ အဖမ်းခံခဲ့ရပါတယ်။

အဲဒီအဖမ်းခံရတဲ့သံဃာတော်တွေထဲမှာ မင်းကုန်း  မဟာပရိယတ္တိ စာသင်တိုက်က ကျောင်းထိုင်ဆရာတော်ကြီးလည်းဖြစ်၊  မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ကြီးလည်းဖြစ်တဲ့ ဆရာတော် ဦးဇနိတာဘိဝံသနဲ့ တပည့်ငါးပါး အဖမ်းခံရပါတယ်။ အရေးအခင်း ဖြစ်စဉ်ကာလမှာ မန္တလေးတိုင်း တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်က အဓိကရုဏ်း ပြေငြိမ်းရေးအတွက် အတွက် ဆွေးနွေးရန် ပင့်လျောက်တဲ့အတွက် ဆရာတော်ကြီးနဲ့အတူ သံဃာငါးပါး ကြွသွားခဲ့ရာ အစစ်အဆေး အမေးအမြန်းမရှိဘဲ စစ်အာဏာရှင်တွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

ဆရာတော်ငါးပါး အဖမ်းခံရတာနဲ့ ပက်သက်ပြီး ကျောင်းမှာ ကျန်ရှိနေတဲ့ တပည့်ကြီးဦးဝိစာရိန္ဒက ဆရာတော်ကြီးနဲ့တကွ သံဃာငါးပါး ပြန်လည်လွတ်မြောက်ရန်အတွက် အဓိကရုဏ်းဖြစ်စဉ်ကို ရေးသားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်၊ ထောက်လှမ်းရေး အမှတ် (၁၀) (၁၆) တို့ထံ မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ပါတယ်။ မေတ္တာရပ်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးရန် တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်က ပင့်ဆောင်တဲ့အတွက် ဆရာတော်ဦးဝိစာရိန္ဒ ကြွရောက်သွားခဲ့ရာ ပြည့်တန်ဆာလောက်မှ သစ္စာမရှိ ကတိမတည်တဲ့ အာဏာရှင်တွေရဲ့ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် နှစ် (၂၀) ချမှတ်တာ ခံလိုက်ရပါတယ်။

ယခုအချိန်အထိ အိုးဘိုထောင်ထဲမှာ ဖမ်းဆီး ထိမ်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ ဆရာတော် ဦးဝိစာရိန္ဒရဲ့ဖြစ်စဉ် အကြောင်းစုံကို ထောင်တွင်းကနေ ဆရာတော်ရေးသားပေးပို့လာတဲ့အတိုင်း အနည်းငယ်ပြင်ဆင်ပြီး တင်ပြလိုက်ပါတယ်။

(၂)

အမှုဖြစ်စဉ်အကျဉ်းနှင့် လုပ်ဆောင်ချက်အတွေ့အကြုံ ဆက်ဆံခံရသည့်အခြေအနေ။

          ၁၉ အောက်တိုဘာ ၂၀၀၃ နေ့တွင် ကျောက်ဆည်အဓိကရုဏ်းဖြစ်ပွားရာတွင် ကျောက်ဆည် ခ.ရ.က အတွင်းရေးမှူး ဗိုလ်မှူးမြင့်စိုး မ.ယ.က ဥက္ကဋ္ဌ၊ ယာယီစခန်းမှူး ဦးသိန်းဇော်တို့မှ မင်းကုန်းမဟာစာသင်တိုက် ဆရာတော်အား အဓိကရုဏ်းထိန်းသိမ်းပေးပါရန် လာရောက် လျှောက်ထား ပင့်ဆောင်သည့်အတွက် ဆရာတော်မှ သွားရောက် ထိန်းသိမ်းပေးခဲ့ပါတယ်။

            ၂၂ အောက်တိုဘာ ၂၀၀၃ နေ့မှာ မင်းကုန်းမဟာစာသင်တိုက် ဆရာတော်နှင့် သံဃာငါးပါးအား မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်က အစည်းအဝေးပြုလုပ်ရန် ပင့်ဆောင်ပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ဆရာတော်ကြီးနဲ့ သံဃာငါးပါး ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း ကြားသိရတဲ့အတွက် ကျောင်းမှာကျန်ရှိနေသည့် တပည့်ကြီးလည်းဖြစ်တဲ့ ဦးဇင်းက မင်းကုန်း မဟာစာသင်တိုက်ဆရာတော်နှင့် သံဃာငါးပါးအား လွတ်မြောက်ရန်အတွက် အဓိကရုဏ်းဖြစ်စဉ် အကြောင်းစုံ သိရှိနိုင်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့် ထောက်လှမ်းရေး-၁၀/၁၆၊ တို့ အသီးသီးထံသို့ မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ပါတယ်။

ဦးဇင်းပေးပို့သော မေတ္တာရပ်ခံစာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးရန်နဲ့ မင်းကုန်း မဟာစာသင်တိုက်ဆရာတော် နှင့် တွေ့ပေးရန် တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်မှ အကြောင်းပြပြီး ဦးဇင်းကိုပင့်ဆောင်လို့ကြွသွားခဲ့ရာ  ၂၅ နိုဝင်ဘာ ၂၀၀၃ နေ့မှာ ဘာတခုမှ မေးမြန်းခြင်းမရှိဘဲ အမရပူရရုံး ပေါင်းစုံတွင် အာဏာပိုင်ဆိုသူများက ဦးဇင်းကိုလူဝတ်လဲကာ အိုးဘိုအကျဉ်း ထောင်ကိုပို့လိုက်ပါတယ်။

            ထောက်လှမ်းရေး ၁၆ မှ တပ်ကြပ်ကြီး ဆန်းညွှန့် (ခ) ဆန်းညွှန်းဦးမှ တာဝန်ယူပြီး ၂၅.၂၆.၂၇ သုံးရက်ဆက်တိုက် ထောက်လှမ်းရေး ၁၀- နှင့် ၁၆- တို့မှ တာဝန်ရှိသူများကပါ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်။နောက်ဆုံး ထောက်လှမ်းရေးတွေရဲ့ ညှဉ်းပန်းနှိပ်စက်ဒဏ်ကို မခံနိုင်တော့တဲ့အတွက် သူတို့ပြောသမျှရေးပြီး လက်မှတ်ထိုးပေးလိုက်ရပါတယ်။

            ၂၅ နိုဝင်ဘာ ၂၀၀၃ ဖမ်းဆီးသည့်နေ့ကစပြီး ၁၈ ဇန်န၀ါရီ ၂၀၀၅-ခုနှုစ် အမိန့်ချသည့်နေ့ထိ ဖမ်းဆီးဝရမ်းမရှိ- ရီမန်မရှိပဲ ၁၄၉၊ ၄၃၆၊ ၂၉၅၊ ၃၀၂ – အရေးပေါ် ၅/ည ပုဒ်မမျိုးစုံတတ်ပြီး တစ်ပေါင်းတည်း ထောင်ဒဏ်နှစ် (၂၀) ချမှတ်တာကိုခံရပါတယ်။ တရားသူကြီး ဦးဇော်ဝင်းဆွေနှင့် စခန်းမှူး ဦးကျော်ညွှန့်လှိုင်တို့ကို

“ဖမ်းဆီးဝရမ်းမရှိ ရီမန်တစ်ခါမှ မယူဘဲ ယခုလို ဦးဇင်းအပေါ် တရားစွဲဆိုခြင်းသည် ဥပဒေကြောင်းအရ သက်ရောက်မှုရှိပါသလား …”

 ဟုမေးမြန်းရာ တရားသူကြီး ဦးဇော်ဝင်းဆွေက

“တပည့်တော်လည်း အထက်အမိန့်အရ စာအိပ်ထဲမှာ ပါတဲ့အတိုင်း ဖတ်ပြရတာပါဘုရား-”

ဟုပြောပါတယ်။

  ဒါဆို ယခုဦးဇင်းပြောတဲ့စကားတွေကို အမှုတွဲဖိုင်ထဲ မှတ်တမ်းတင်ပေးပါဟု တောင်းဆိုတဲ့အခါ အမှုတွဲဖိုင်က ပိတ်လိုက်ပြီဖြစ်တဲ့အတွက် မှတ်တမ်းတင်ပေးလို့ မရတော့ပါဘူးတဲ့။

ဘာပြစ်မှုမှ ကျူးလွန်မှုမရှိဘဲနဲ့ ပုဒ်မမျိုးစုံတပ်ပြီး စစ်အာဏာရှင်တွေရဲ့ အဓမ္မ တရားစီရင်ခြင်းကို ဦးဇင်း ခံလိုက်ရပါတယ်။

ထောင်ထဲမှာသင်္ကန်းဝတ်ခွင့် ကတုံးရိတ်ခွင့်မရှိဘဲ ထောင်အာဏာပိုင်တွေရဲ့စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖိနှပ်မှုတွေကို ခံခဲ့ရပါတယ်။

၂၀၀၅ မေလ တတိယပတ်ထဲမှာ တိုက်တာဝန်ခံ ထောင်မှူးဦးရဲမြင့်ဦးကို သွားရောက်တွေ့ဆုံပြီး-

“ ဦးဇင်းတို့က ဘုန်းကြီးတွေဖြစ်တယ်။ ကတုံးရိတ်ခွင့်ပြုပါ …”

လို့ တောင်းဆိုရာ ထောင်ဥပဒေအရ ကတုံးရိတ်ခွင့် မရှိတဲ့အကြောင်းပြောပါတယ်။

 “ဟဒါဆို ထောင်မှူးရုံးခန်းထဲမှာ ကပ်ထားတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ (၃၀/၆၃၇)အရ နံပါတ်စဉ် (၇)မှာ ပုံစံ ဆံပင်ညှပ်၍ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများ ရိတ်ထားရမည်ဆိုတဲ့ ဥပဒေကိုတော့ ဦးဇင်းနားလည်ပါတယ်။ အဲဒီဥပဒေအရဆိုရင် အခြားအခြားသော ပုဂ္ဂိုလ်တွေကိုတော့ ပုံစံ ဆံပင်မညှပ်၊ နှုတ်ခမ်းမွေး မရိတ် မုတ်ဆိတ်မွေး မရိတ်ဘဲ ထားတာတွေကိုတော့ ဘာကြောင့်ခွင့်ပြုထားပါသလဲ … ”

ဟုမေးရာ “ကိုလိုနီခေတ်က ဥပဒေအရ ခွင့်ပြုထားတာပါ …”

 ဟု ပြန်ပြောပါတယ်။

“ဒါဆို ထောင်မှူးတို့ အစိုးရကိုယ်တိုင်က ကိုလိုနီခေတ်ပပျောက်ရေး … ဟု ကြွေးကြော်နေပေမယ့် အစိုးရကိုယ်တိုင်က ကိုလိုနီခေတ် ဥပဒေကို ကျင့်သုံးနေတာပေါ့ …”

ဟု ပြောရာ ထောင်မှူး ဦးရဲမြင့်ဦးလည်း ဘာမှဆက်မပြောတော့ဘဲ

“ ဂိုက်(ဆံပင်ညှပ်တဲ့ဟာ)နဲ့ ပြောင်အောင်တော့ ထိုးပါ။ ပလိတ်ဓားနဲ့တော့ ပြောင်နေအောင် မရိတ်ပါနဲ့ …”

လို့ ပြောပြပါတယ်။

            အဲဒီကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်သေး၍ ကြံ့ခိုင်ရေးအသင်း ထောင်ထဲကို ဝင်လာတဲ့အခါ ထောင်မှူး ဦးရဲမြင့်ဦးပြောတဲ့အတိုင်း ဆက်ပြောပြရာ ကြံ့ခိုင်ရေးအသင်းမှ ဦးဇင်းပြောသောစကားများကို အသံဖမ်းယူသွားပြီး အထက်လူကြီးတွေတင်ပြတဲ့ အခါ ၂၀၀၇-နှစ်လည်နောက်ပိုင်းမှစပြီး ယနေ့အထိ ပလိတ်ဓားနဲ့ ပြောင်အောင် ကတုံးရိတ်ခွင့် ရပါတယ်။

(၃)

ယခုလက်ရှိထောင်ထဲမှာနေစဉ်ကာလဦးဇင်းလုပ်ဆောင်နေတာတွေကတော့ …

ထောင်ဝင်စာမလာနိုင်တဲ့သူတွေကို ဆား, ဆီ, ဟင်းချိုမှုန့်, စသည်တို့ကို ထောင်ဈေးကားမှ ဝယ်ပေးခြင်း။

 ငြုတ်သီးကြော်,ငါးပိကြော် နှင့် အခြားစားသောက်စရာများကို အခါအားလျှော်စွာ ဝေငှပေးခြင်း။

တစ်ချို့ပုဂ္ဂိုလ်များအား ပရိတ်တရားတော် ပဋ္ဌာန်းတရားတော် အစိန္တေယျဘုရားရှိခိုး စသည်တို့ကို သင်ပေးခြင်း။

 အဆောင်နေသူများကို စားသောက်စရာများမှအစ လိုအပ်တာရှိပါက အကူအညီတောင်းလျှင် ကူညီဆောင်ရွက်ပေးခြင်း။

 တိုက်ဝင်းအတွင်းသို့ ထမင်းများ ပျော့တူးမနပ်ဖြစ်ပြီး ရောက်လာတဲ့အခါ ကုလားပဲဟင်း ပဲစေ့မပါဘဲ ဟင်းအရည်ချည်း ရောက်လာတဲ့အခါ ချိုးရေ သောက်သုံးရေ မရ အခက်ခဲရှိတဲ့အခါ ထောင်အာဏာပိုင်များနဲ့တွေ့ဆုံပြီးဖြေရှင်းပေးခြင်း။

ကျန်းမာရေး မကောင်းလို့ အကူအညီတောင်းတဲ့အခါ လိုအပ်သော ဆေးများဝယ်ပေးခြင်း။

 အချို့သော အကျဉ်းသားများက မိမိရပိုင်ခွင့် မရရှိလို့ အကူအညီတောင်းတဲ့အခါမျိုးတွေမှာ တာဝန်ခံအရာရှိထံသွားပြီး ဆွေးနွေးတင်ပြတောင်းဆိုကာ အကျဉ်းသားဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့ပါတယ်။

အကျဉ်းသားများအားရိုက်နှက်ညှဉ်းပန်းနှိပ်စက်ကြောင်းကြားသိရပါက ထောင်အာဏာပိုင်များနှင့်သွားရောက် တွေ့ဆုံပြီး ပြည်ထဲရေးဝန်ကြီးကတောင် အကျဉ်းသားများအား မိသားစုသဖွယ် ပြောဆို ဆက်ဆံဖို့ တရားဝင်စာ ထုတ်ပြန်ထားကြောင်း၊ ထိုက်တန်တဲ့ပြစ်ဒဏ် ပေးပြီးကြောင်း မညှဉ်းပန်း မနှိပ်စက်ဖို့ လူသားချင်းစာနာဖို့ တားမြစ်ပေးခြင်း။

ထောင်မှူးထောင်ဝန်ထမ်း တန်းစီး စ.က.တ-တို့က အကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းစရာ မလိုတဲ့အကြောင်း တွေ့ဆုံဆွေး နွေး ပြီး အကျဉ်းသားတွေဘက်မှ ကာကွယ်ပေးခဲ့ပါတယ်။

            ဦးဇင်းလည်း လူဝတ်လဲထားပေမယ့် ရဟန်းကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်း၊  ထောင်စည်းကမ်းအတိုင်း နေထိုင်ခြင်း၊ အကျဉ်းသားများ ဓမ္မစကြာရွတ်ဆို ပြိုင်ပွဲများတွင် အမှတ်ပေးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးခြင်းတို့ကြောင့် တာဝန်ရှိသူများနဲ့ ဆက်ဆံရာမှာ ခေတ်ပြောင်းစနစ်ပြောင်းလိုသူများနဲ့ ဆက်ဆံပြောဆိုမှု အဆင်ပြေသော်လည်း ခေတ်ဟောင်းခေတ်နောက်ပြန်လိုသူတွေနဲ့ ဆက်ဆံရာမှာ များစွာ ခက်ခဲမှုများရှိကြောင်း ကြုံတွေ့ရပါတယ်။  

တကယ်တော့ထောင်ဆိုတာ အပြစ်ရှိသူတွေ ပြစ်မှုကျူးလွန်သူတွေသာ နေရတယ်လို့ထင်ခဲ့ပေမယ့် အာဏာရှင်တွေရဲ့လက်အောက်မှာတော့ အပြစ်မရှိသူတွေကိုလည်း မတရားပုဒ်မတွေတပ်ပြီး ထောင်ဒဏ်တွေချမှတ်ခံနေရတာမို့ တရားဥပဒေစိုးမိုးမှုမရှိဘူး ဆိုတာ ထင်ရှားနေပါတယ်။

ထောင်ထဲမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကတော့ အစားဆင်းရဲ အနေဆင်းရဲနဲ့ လူ့ဂုဏ်သိက္ခာ အချိုးခံရတာ၊ လူ့တန်ဘိုးကို အသိအမှတ်အပြု မခံရတာ၊ အဖိနှိပ်ခံရတာ … စတဲ့ ဖြစ်ရပ်မျိုးတွေကတော့ အကျဉ်းသားတိုင်း မလွဲမသွေကြုံတွေ့ရတာပါ။

 ထောင်ဆိုတာ လောကငရဲတခုပါ။

ဦးဇင်း ဘယ်နေ့ ဘယ်ရက် လွတ်မြောက်မယ်ဆိုတာတော့ မသိပါဘူး။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတဲ့အထဲမှာလည်း ဦးဇင်းမပါခဲ့ဘူး။

ဦးဇင်းရဲ့ဆရာတော်ကြီးကတော့ ထောင်ကလွတ်သွားပြီဖြစ်လို့ ၀မ်းသာပါတယ်။

အခု အိုးဘိုထောင်ထဲမှာ မလွတ်မြောက်သေးတဲ့ သံဃာ (၂၃) ပါး ကျန်နေပါသေးတယ်။ အခြားထောင်တွေထဲမှာလည်း ရှိနေသေးကြောင်း ကြားသိရပါတယ်။ ဒီသံဃာတွေဟာ ပြစ်မှုမကျူးလွန်ဘဲ ထောင်ဒဏ်တွေ နှစ်ရှည်ချမှတ်ခံနေရတာပါ။ ထောင်ထဲမှာ သံဃာတွေရှိနေသေးတယ် ဆိုတာ အပြင်မှာရှိတဲ့ သံဃာ့အရေး ဆောင်ရွက်နေတဲ့ သံဃာ့အဖွဲ့အစည်းတွေကို သိစေချင်ပါတယ်။

လျစ်လျူရှု မထားကြပါနဲ့။

သံဃာအချင်းချင်း ၀ိုင်းဝန်းကူညီကြပါ။

အားလုံးလွတ်မြောက်ဖို့အတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

(photo – http://amitabhabuddha.wordpress.com/tag/the-sutra-on-knowing-the-better-way-to-live-alone/ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts