ရသဆောင်းပါးစုံ အခန်းဆက်များ

ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၄)

လောအယ်စိုး
မေ ၂၅၊ ၂၀၁၂
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့ ဦးဆောင်သော ရှစ်ဆယ့်ရှစ်မျိုးဆက်တို့က မိမိတို့၏ဘ၀နှင့် လွတ်လပ်မှုကိုစတေးပြီး ငြိမ်းချမ်းစွာဖြင့် ပြည်သူ့ဘက်ရပ်ကာ လောင်စာဆီများ ဈေးနှုန်းကျဆင်းစေဖို့ တောင်းဆိုမှုပြုလုပ်သည်။

အစိုးရမှ ၎င်းတို့အားလုံးကို ထိမ်းသိမ်းလိုက်သည်။ တစ်ခါ မစုစုနွေးနှင့် လူငယ်များ၏ သမိုင်းဝင်အရေးဆိုမှု၊ ရာနှင့်ချီသော အာဂစွမ်းအား ရှင်များကို နေ့စားပေး၍ အစိုးရမှနှိပ်ကွပ်နေသည့်ကြားထဲ သတ္တိပြောင်မြောက်စွာဖြင့် နော်အုံးလှတို့ အမျိုးသမီးအစုက အင်းစိန်လမ်းမကြီးပေါ် တွင် စီတန်းလမ်းလျှောက်ပြပြီး အစိုးရကို ရဲရဲရင့်ရင့် အန်တုပစ်လိုက်သည်။

စွမ်းအားရှင်ဟု အမည်တပ်ထားသော ပဉ္စမံတပ်သားတို့ကလည်း “ရိုက်ကွာ၊ ထုကွာ၊ ဖမ်းကြဟေ့” ဆိုသော ကြွေးကြော်သံများဖြင့် လူအုပ် စုကြီးဖြင့် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်နေကြသူများတို့ကို ဖမ်းဆီး၊ ရိုက်နှက်၊ တိရိစ္ဆာန်များပမာ တရွတ်တိုက်ဆွဲပီး ကားပေါ်သို့တင်ကာ ဘယ်ကိုခေါ်သွားကြသည်မသိ။ ၎င်းတို့၏ လုပ်ဆောင်မှုများအတွက် စွမ်းအားရှင်တို့၏ တပ်ချုပ်ကြီးတို့က ညစဉ် အောင်သေ၊ အောင်သား စားသော ညစာစားပွဲများကို ကျင်းပပေးလေ့ရှိသည်ကိုလည်း ကျွန်တော်ကြားနေသည်။

လမ်းပေါ်ကိုထွက်လာလျှင် ဖမ်းသည်။ ထပ်ထွက်လာရဲရင်ထွက်လာ ထပ်ဖမ်းအုံးမည်ဟု အစိုးရနှင့် မဟာသူရဲကောင်းစွမ်းအားရှင်တို့က ကြိမ်းဝါးနေသည်။ မည်သူတွေ ပြည်သူတွေဘက်ရပ်ပြီး တိုက်ပွဲဝင်ပေးကြအုံးမည်နည်း။ ရက်စက်မှုအပေါင်း သူရဖူဆောင်းထားသော စစ် အစိုးရနှင့် ၎င်းတို့၏လက်ပါးစေတို့အား မည်သူထိပ်တိုက် ရင်ဆိုင်၍ အံတုနိုင်ပါသနည်း။

ရှင်းလင်းပြတ်သားပြီး ပဲ့တင်ထပ်နေသော သမိုင်း၏စိန်ခေါ်ချက်ကို ဗုဒ္ဓ၏သားများဖြစ်သော မြန်မာ့ရဟန်းတို့က တည်ငြိမ်စွာဖြင့်လက်ခံကာ ရင်ဆိုင်လိုက်သည်။ မြန်မာ့သာသနာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွင် မားမားမတ်မတ် မှတ်ကျောက်ထူနိုင်ခဲ့သော မြန်မာပြည်ရဟန်းတို့၏ ရွှေဝါ ရောင် တော်လှန်ရေးကြီး။ ပြည်သူတို့၏သောကမီးများ ရဟန်းတို့ရင်တွင်းသို့ ကူးစက်လောင်ကျွမ်းစေခဲ့သည်ကို ရွှေဝါရောင်တော်လှန်ရေးက မြန်မာနှင့် ကမ္ဘာ့သမိုင်းစာမျက်နှာများတွင် သက်သေပေတည်း။

ရဟန်းတို့သည် သည်းနေအောင်ရွာနေသောမိုးသားနှင့် အာဏာစက်ကိုအံတု၍ ပြည်သူများအတွက် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြနေသည်ကို မြင်သော ပြည်သူအပေါင်းတို့သည် ကြည်နူးဝမ်းသာ ကရုဏာစိတ်များ နှလုံးသားမှလျှံကာ မျက်ရည်အဖြစ် စီးဆင်းကြသည်။ ပြည်သူတို့ရင်မှ ကြည်နူး၍ကျသော မျက်ရည်၊ ကရုဏာပွား၍ကျသော မျက်ရည်၊ ကျေးဇူးတင်လွန်း၍ကျသော မျက်ရည်များပင်။

သြဂုတ်လအတွင်း မစုစုနွေးကို စွမ်းအားရှင်များဖမ်းစဉ် ထိုအဖြစ်အပျက်ကို ကျွန်တော် သတင်းမှတ်တမ်းတင်နိုင်ခဲ့သည်။ ဆန္ဒပြလူငယ်တစ်ဦး အား တိရိစ္ဆာန်တစ်ကောင်ပမာ ရိုက်နှက်က်ထိုးကြိတ်ပြီး ကားပေါ်သို့ဆွဲ၍တင်သောဓာတ်ပုံ ကမ္ဘာ့မီဒီယာတွင် ပြန့်နှံ့သွားသောအခါ အစိုးရ သည် ၎င်း၏အရှိုက်ကို ထိုးနှက်ခြင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ထိုနေ့မှစ၍ လုံခြုံရေးအခြေအနေကြောင့် ကျွန်တော် အိမ်ပြန်၍အိပ်ရန် မဖြစ်နိုင်တော့။ မိတ်ဆွေတစ်ဦး၏အကူအညီဖြင့် ဟိုအိမ်သည်အိမ် ပြောင်း၍ ရှောင်ပုန်းကာအိပ်ရသည်။ သည်ကြားထဲ “လူကြီး၏တယ်လီဖုန်းအား ဌာနမှ ယာယီပိတ်ထားပါသည်ရှင်” ဆိုသော မိမိတယ်လီ ဖုန်းမှပြောပြချက်ထွက်လာသောကြောင့် ဖုန်းကိုလည်း ဆက်သွယ်၍မရတော့။ ဘာတွေဆက်ဖြစ်လာလိမ့်အုံးမလဲဆိုတာကိုသာ စောင့်နေမိ သည်။

အစိုးရက ရန်ကုန်မြို့အတွင်း လုံခြုံရေးများကို တိုးမြှင့်၍ချထားသည်။ ညဦးယံမှစတင်ပြီး RFA, BBC, VOA, DVB တို့ အသံလွှင့်ချက်များ၊ ရန်ကုန်မြို့ရှိအိမ်များထံမှ ကောင်းကင်ယံသို့ အသံလှိုင်းများ လျှံ၍ထွက်နေသည်။ ပြည်သူများကလည်း တို့တိုင်းပြည် ဘာတွေများ ဆက်ဖြစ် လေလိမ့်အုံးမလဲဆိုသော အတွေးကိုယ်စီဖြင့်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်း တစ်နာရီခန့်အချိန် အာဏာစက်ကိုအံတု၍ တည်ငြိမ်ငြိမ်းချမ်းစွာဖြင့် ရဟန်းပျိုများ သိမ်ဖြူ လမ်းအတိုင်း ကြွချီလာလေပြီ။ နာရီဝက်ခန့်အလို ကျွန်တော်သတင်းကြို၍ ရသည်။ ကင်မရာနှစ်လုံးကိုလွယ်ရင်း စီနင်းလာသောကားပေါ်မှ ကျွန်တော်ခုန်းဆင်းလိုက်ပြီး ထိုသမိုင်းဝင်အဖြစ်အပျက်ကြီးကို ကျွန်တော်မှတ်တမ်းတင် ဓာတ်ပုံရိုက်ပါတော့သည်။

ဓာတ်ပုံရိုက်နေရင်း ပတ်ဝန်းကျင်ကိုသတိထားမိပြီး ကြည့်လိုက်တော့ စားသောက်ဆိုင်ကြီးတစ်ခုမှပြေးထွက်လာပြီး တန်ဖိုးကြီးလှသော ကင်မရာတစ်လုံးကို ဓာတ်ပုံရိုက်နေသူတစ်ဦးကို ကျွန်တော်တွေ့လိုက်မိသည်။ “ဟာ” ကနဲဖြစ်အောင် ကျွန်တော်အံ့သြသွားမိသည်။ “ဆရာ” ပါလား။ ဆရာသည် ကျွန်တော့်ကိုလည်း ဂရုစိုက်မိဟန်မတူ။ သိရှိမည်ဟုလည်း ကျွန်တော် မထင်ပါ။ သို့သော် ကျွန်တော်သည် ဆရာ့ကို အမြဲတမ်း အမှတ်ရနေဆဲ။ သတိရနေဆဲပါ။

ကျွန်တော်ဓာတ်ပုံ ဆက်၍မရိုက်ဖြစ်ဘဲ ခေတ္တ ဆရာ၏လှုပ်ရှားဟန်ကို ကြည့်၍နေမိသည်။ ဆရာသည်သံဃာတော်များ စီတန်း၍ ကြွချီလာ သည်ကို အမိအရ မှတ်တမ်းတင်နေပါသည်။ သိပ်ကြာမည် မထင်ပါ။ စားသောက်ဆိုင်ထဲသို့ ပြန်၍၀င်သွားလေသည်။

တိုက်တိုက်ဆိုင်ဆိုင် ဒီလိုနေ့မျိုး၊ ဒီလိုအချိန်မှ လာပြီးဆုံတတ်ပလေဟု ကျွန်တော် တွေးမိသည်။ ဆရာနှင့်မဆုံတွေ့ခဲ့လေသာ ဆယ်စုနှစ် ကျော်ကျော်ကာလတလျှောက်လုံး ကျွန်တော် နိုင်ငံတကာသတင်းထောက်လောကကြီးထဲတွင် ဆရာ၏ဓာတ်ပုံများကို လိုက်လံရှာဖွေကြည့် မိသည်။

နိုင်ငံတကာ သတင်းဓာတ်ပုံလောကတွင် မိမိအလွန်အောင်မြင်နေသည်ဟု ဆရာပြောဆိုသံကို ကျွန်တော်ကြားခဲ့လေသည် မဟုတ်လား။ ထူးထူးခြားခြား ဆရာ့လက်ရာများကို ကျွန်တော်မတွေ့မိခဲ့ပါ။ ကျွန်တော့်ကို မေတ္တာနှင့် ကြေငြာဓာတ်ပုံရိုက်ကူးခြင်းနည်းနာကို သင်ကြား ပေးခဲ့သူ ဆရာဓာတ်ပုံဌေးဝင်း (ဘဏ်) က “ကောင်လေး မင်းလိုင်းနဲ့ ငါ့လိုင်းက မတူဘူးနော်” ဟု ကျွန်တော့်ကို မှတ်ချက်ပေးခဲ့ဖူးသည်။ ထိုစဉ်က ဆရာဦးဌေးဝင်း (ဘဏ်) သည် မြန်မာ့ကြေငြာလောကတွင် မည်သူမျှယှဉ်၍ မရသော ထိပ်တန်းဓာတ်ပုံဆရာကြီးတစ်ဦး။ ယခု ဆရာတစ်ယောက် မိမိ၏ဇာတိရပ်မြေတွင် စိုက်ပျိုးရေးလုပ်ငန်းကို ငြိမ်းချမ်းစွာနေထိုင်ရင်း လုပ်ကိုင်နေသည်ဟု ကျွန်တော်ကြားမိသည်။

ဆရာဦးဌေးဝင်းသည် ကျွန်တော် ရှေ့ဆက်လျှောက်လှမ်းသင့်သော ရွေးချယ်ရမည့်လမ်းကြောင်းမှန်ကို ရိုးသားစွာ ကျွန်တော့်အား ပြညွှန်ခဲ့ သည်။ ကျေးဇူးတင်ဆဲပါ။ ဆရာဦးဌေးဝင်း။

အတွေးစများ ပြတ်သွားပြီး ကျွန်တော်ချက်ချင်း မိမိလုပ်ဆောင်ရမည့်ကိစ္စရပ်များကို ဆက်၍လုပ်သည်။ ထောက်လှမ်းရေး ဓာတ်ပုံဆရားများ တို့နှင့်ယှဉ်၍ ရဟန်းတော်တို့၏လှုပ်ရှားမှုများကို ဆက်၍၊ ဆက်၍ ရိုက်လိုက်သည်။ ဒူးထောက်၍သော်လည်းကောင်း၊ ၀မ်းလျားမှောက်၍ တစ်မျိုး ကင်မရာနှစ်လုံးကိုလွယ်၍ ပုံစံအမျိုးမျိုးဖြင့် စိတ်ကြိုက် ကင်မရာရှုထောင့်ကိုယူ၍ရိုက်နေသော ကျွန်တော်၏လှုပ်ရှားမှုကိုကြည့်ပြီး အစိုးရထောက်လှမ်းရေးတို့က ဒေါသူပုန်ထနေကြသည်။ နှောက်ယှက်ရန် ကြိုးစားကြသည်။ သူတို့တစ်တွေကိုလည်း ဂရုစိုက်ဖို့လည်း ဒီ အချိန်တွင် မဖြစ်တော့လို့တော့ လိုအပ်မည်မထင်။ ၎င်းတို့ မှတ်တမ်းတင်ထားသော ဓာတ်ပုံများတို့သည် သက်ဆိုင်ရာထောက်လှမ်းရေး အရာရှိ၊ ထိုမှတစ်ဆင့် ထိပ်သီးအာဏာရှင် ဗိုလ်ချုပ်ကြီးများထံရောက်မည်။ ထိုဓာတ်ပုံများတို့ကိုကြည့်၍ အစိုးရမင်းတို့က မည်သည့်ရဟန်းရှင် တို့ကို ဖမ်းဆီးထောင်ချ၊ ညှဉ်းပန်းရမည်ကို ဆုံးဖြတ်မည်။

ကျွန်တော်၏ ဓာတ်ပုံများက မြန်မာ့သူရဲကောင်း ရဟန်းတော်တို့၏ ပြည်သူတို့ဘက်မားမားရပ်ကာ မြင့်မြတ်သောစိတ်ထား၊ စွန့်လွှတ်ပေး ဆပ်မှုတို့၏ ပုံရိပ်။ ထိုဓာတ်ပုံနှစ်မျိုးတို့၏ အဓိပ္ပါယ်များ အဖြူနှင့်အမည်း၊ ရေနှင့်ဆီ၊ နွံနှင့်ကြာကဲ့သို့ ခြားနားမည်ဖြစ်ကြောင်း သမိုင်းက သက် သေထူသွားလိမ့်မည်။ ယခုလို အရေးကြီးသောအချိန်မျိုးတွင် ကျွန်တော်ပြတ်ပြတ်သားသား သတ္တိရှိရှိ လုပ်ဆောင်နေဖို့ အဓိကမဟုတ်လား။

ကင်မရာခလုတ်များကို ကျွန်တော်အဆက်မပြတ် နှိပ်ပစ်လိုက်သည်။ သို့သော် ထိုအချိန်က ကင်မရာခလုတ်ကို ကျွန်တော် လက်ဖြင့် မနှိပ်ခဲ့ ပါ။ ကျွန်တော့် နှလုံးသားမှကင်မရာခလုတ်များကို နှိပ်နေခြင်းသာ။ သူရဲကောင်းတို့၏ အသက်သွေးဖြင့်ရင်းသော အရေးတော်ပုံ သမိုင်းပုံ ရိပ်များတို့ကို ကျွန်တော့်နှလုံးသားဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။

ထိုမော်ကွန်းဝင် မှတ်တမ်းပုံရိပ်များ ကမ္ဘာ့သတင်းစာကြီးများတို့၏ မျက်နှာဖုံးတွင်လည်းကောင်း၊ TV ရုပ်သံလွှင့်သော BBC, CNN သတင်း ကြေငြာသူတို့၏ နောက်ခံသတင်းပုံများအဖြစ်သို့ ရောက်ရှိသွားသည်။ ကျေနပ်သည်။ ကြည်နူးသည်။ ထိုအဖိုးဖြတ်၍မရသော ပီတိသည် ကျွန်တော့်အတွက် တစ်သက်စာပင်။

သို့သော် အခြေအနေတစ်ခုကို ကျွန်တော်သုံးသပ်မိလိုက်သည်။ ရန်ကုန်မြို့တွင် ဆက်လက်နေထိုင်ရန် မသင့်တော့တော့။ တစ်ခုခုကို ကျွန် တော်ဆုံးဖြတ်ရတော့မည်။ ငါ ဘာဆက်လုပ်ရမည်နည်း။ ငါ ဘယ်လိုခရီးပြုရမည်နည်းဟူသော မိမိကိုယ်ကိုမိမိ ပြန်၍မေးသော မေးခွန်းများ ကို ကျွန်တော်ရင်ဆိုင်ရပါ သည်။ ကျွန်တော် ရန်ကုန်မြို့မှ ထွက်ခွာခဲ့သည်။ ဇာတိမြေ ကရင်ပြည်နယ်ကိုဖြတ်ပြီး လုံခြုံမည်ဟုခံစားမိသော အရပ်ဒေသသို့ ကျွန်တော်ခရီးပြုခဲ့ပါသည်။ ကင်မရာကိုင်၍ သံဃာတော်များကို ဓာတ်ပုံရိုက်နေသည့် ဆရာ၏ပုံရိပ်များ ကျွန်တော်၏ အ တွေးထဲ တရေးရေးပေါ်လာသည်။

ဆရာနှင့် ပြန်၍မဆုံဖြစ်သော ဆယ်နှစ်တာကျော်ကျော်ကာလတွင် အတွေ့အကြုံ၊ ခံစားမှု၊ အောင်မြင်ခြင်း၊ ရှုံးနိမ့်မှုများတို့ကို ကျွန်တော် ရင်ဆိုင်ခဲ့ရသည်။ ရုန်းကန်ခဲ့ရသည်။ တန်ဖိုးကြီးလှသော သမိုင်းမှတ်တိုင်တစ်ခုကို ကျွန်တော်မှတ်တမ်းတင်နိုင်ခဲ့သည်။ ယခု မိမိတိုင်းပြည်မှ အခြေအနေတစ်ခုကြောင့် ရေသစ်၊ မြေသစ်၊ ပတ်ဝန်းကျင်သစ်နှင့်အတူ စိန်ခေါ်ချက်အသစ်များတို့ကို ရင်ဆိုင်တွေ့ကြုံရသည်။ အရာရာ အားလုံးအတွက် ကျွန်တော်ကျေနပ်သည်။

ဘ၀ဆိုသည်မှာ မြစ်တစ်စင်းကဲ့သို့ အစဉ်စီးဆင်းနေသောအရာ ဖြစ်သည်။ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးဆင်းနေလို ကျောက်ဆောင် ကျောက်တန်းများကိုလည်း ကျွန်တော်တို့ ဖြတ်၍စီးဆင်းရမည်။ ကြည်လင်နေသော မြစ်ရေပြင်သည် တစ်စုံတစ်ခုသော အချိန်ကာလ၌ ၀ဲသြဃအဖြစ် အသွင်ပြောင်းတတ်သလို ကျွန်တော်တို့ဘ၀များ မထင်မှတ်မမျှော်လင့်သည်များကို ကြုံတွေ့ရတတ်သည်။

သို့သော် မြစ်တို့သည် စီးဆင်းနေဆဲ။ ဘ၀တို့သည်လည်း ဖြတ်သန်းနေဆဲ၊ ရှင်သန်နေဆဲ၊ စိန်ခေါ်ချက်အသစ် များတို့ကို တွေ့ကြုံနေမြဲပင်။ မြစ်တို့သည် ဆက်၍စီးဆင်းနေသကဲ့သို့ ကျွန်တော်တို့ဘ၀၏ စိန်ခေါ်ချက်များအား မှန်ကန်ပြီး တရားမျှတသော၊ ခံယူချက်နှလုံးသားဖြင့် အန်တုရင်ဆိုင်ရဲဖို့သာ လိုအပ်သည်။

ကျွန်တော့်အား ဆရာညို၍ ရင်တွင်းကျွမ်းလောင်စေခဲ့သောမီးသည် ဘ၀အတွက် ရဲရဲတောက်သွားသော စွမ်းအင်တစ်ခု ဖြစ်သွားခဲ့သည်။ ထိုစွမ်းအင်သည် ကျွန်တော်ချစ်သောအမိမြေအတွက် တန်ဖိုးရှိသော သမိုင်းတာဝန်တစ်ခုကို ကျွန်တော် ထမ်းဆောင်နိုင်ခဲ့သည်။ တပည့် တစ်ဦးဟု ကျွန်တော့်အား အသိအမှတ်မပြုခဲ့သောဆရာ့အား ကျွန်တော့်ရင်တွင်းမှ ကျေးဇူးတင်နေမည်သာ။ ဆရာနှင့် ဆရာ့မိသားစုအပေါ် ဘုရားရှင်၏ ကုံလုံကြွယ်ဝသော ကောင်းမြတ်ခြင်း အစဉ်ကျရောက်နိုင်ပါစေ။

ကျေးဇူးတင်လျှက် ….

ပြီးပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၄)
  1. I know it is very hard to take fast movement photos. You could take historic videos and photos under eyes of army government perfectly. Great job! Congratulation! I could learn forgiveness and honesty from your true story. You are skillful reporter. I also learn how to take important videos and photos under pressure from you. I strongly believe you and thank you very much for that *ကင်မရာခလုတ်များကို ကျွန်တော်အဆက်မပြတ် နှိပ်ပစ်လိုက်သည်။ သို့သော် ထိုအချိန်က ကင်မရာခလုတ်ကို ကျွန်တော် လက်ဖြင့် မနှိပ်ခဲ့ ပါ။ ကျွန်တော့် နှလုံးသားမှကင်မရာခလုတ်များကို နှိပ်နေခြင်းသာ။ သူရဲကောင်းတို့၏ အသက်သွေးဖြင့်ရင်းသော အရေးတော်ပုံ သမိုင်းပုံ ရိပ်များတို့ကို ကျွန်တော့်နှလုံးသားဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။* I wish you may return our mother land soon. If you have free time would you please write more articles.

      1. I am very happy and thank you very much for your reply comment. I will read your articles as much as I could because I admire you. Whenever I watch *click in fear* I cried a lot. Because I am very sad for our people and monks. When you are crying I also cry. I could see your kind heart and how much you feel sorrow and worry for your friends and monks. You should write a book about your life story, professional experiences for new generation. You should collect and add your articles, photos, interviews which you have already done and other new remarkable knowledge and experiences in this book. I strongly believe that the book will be a successful book because You are role model of young people and other people. Keep going brother!

        1. Dear sister Ni Lar,

          Thanks you so much for your suggestion. I will keep writing and share all the best to our new generation.

          with appreciation,
          les

    1. အပိုင်း(၂) ရှာမ‌တွေ့ ဘူး၊ ဖတ်ချင်လို့ ပါ။

Comments are closed.