ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

Kan Tun Thit – သမိုင်းထဲက ဒဏ္ဍာရီ၊ ဒဏ္ဍာရီထဲက သမိုင်း

ကံထွန်းသစ်၊ မေ ၂၄၊ ၂၀၁၂

“ဒါ အမေရိကန်တွေရဲ့ သံဝေဇနိယ လေးဌာနပေါ့”

ဒေါက်တာသြသဓ၏ မှတ်ချက်ရွှန်းကို ကိုယ်တို့တတွေ ရယ်မော လိုက်ကြသည်၊ ရောက်ဆဲဌာနဖြစ်သည့် “သောမတ်ဂျက်ဖာဆင်” ၏ ရုပ်ထုကြီးကိုလည်း မော်ကြည့်လိုက်မိ၏။ ခန့်ငြားသော ဥပဓိနှင့် ပြောင်မြောက် သော ပန်းပုလက်ရာသည် သူ၏ သမိုင်း ကြီးမြင့်ခဲ့ပုံကို ညွှန်းနေသယောင်ပင်။

အမေရိကန်၏ အခြေခံ ဥပဒေ ရေးဆွဲသူတွေထဲက တယောက်၊ တက္ကသိုလ်ကြီးတည်ထောင်ခဲ့သော ပညာရှင်.. စသည် ဖတ်ဖူးသမျှ သူ၏ ထုပ္ပတ်ကို စဉ်းစားရင်း… ဟုတ်တာပေါ့ .. သူဟာ ခုလို ဂုဏ်ပြုအပ်တဲ့ … ဂုဏ်ယူ အောက်မေ့အပ်တဲ့ ….။

“ကဲ အမှတ်တရ ရိုက်ကြဦးစို့” အင်္ဂလန်မှ ဒေါက်တာနာဂသေနက ကင်မရာပြင်လိုက်မှ အတွေးရပ်ကာ ရုပ်ထုကြီး ရှေ့မှာ နေရာယူလိုက်မိသည်၊ တဖျပ်ဖျပ် အမှတ်တရရိုက်နေကြသူတွေကြားထဲမှာ ကိုယ်တို့နှင့် တွဲ ရိုက်ပါရစေ ဆိုလှာသည့် လူမည်း မောင်မယ် တသိုက်ကိုလည်း ရင်းနှီးစွာ ရိုက်ခွင့်ပြုရသေး၊ တဖက်မက တိုင်လုံးကြီး တခုကို မှီကာ ရှေ့ဆီ ကိုယ်ငေး နေစဉ် ….

“Spring ရာသီ စလောက်ကဆို ဒီနေရာက သိပ်လှတာ၊ ဒီချယ်ရီတွေက တတောလုံး ဝေနေတာ၊”

အရွယ်ညီ ချယ်ရီပင်လေးတွေကို ညွှန်ပြရင်း အရှင်သြသဓက ရှင်းပြသည်၊ ဂျပန်ကလက်ဆောင်အဖြစ် စိုက်ပေးသော ချယ်ရီပင်လေးများက အစီအရီ တမျှော် တခေါ်၊ ကိုယ်တို့ ဗုဒ္ဓမြတ်စွာရဲ့ သံဝေဇနိယဋ္ဌာနဆီမှာ ရော အင်ကြင်းပန်းတွေ ဝေမှ ဝေသေးရဲ့လား… အင်း…။

ထိုမှ ဖဲခဲ့ကြ၍ နောက်ထပ်ချဉ်းကပ်ကြရာကား ..  သမ္မတကြီး အေဘရာဟင် လင်ကွန်းဆီ၊ ခန့်ငြားမြင့်မောက် သည့် ဗိမာန်နှင့် လိုက်ဖက်စွာ ထိုင်နေဟန် ရုပ်ထုကြီးကား သက်ဝင်လွန်းစွ၊ လာရောက်သူတွေက ဒီနေရာမှာ ပိုမိုများပြားတာကို သတိပြုမိသည်၊ ဒါကိုက “လင်ကွန်း၏ ထင်ရှားသော သမိုင်းကို သက်သေခံနေသည်၊ လင်ကွန်းနှင့် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြ၊ နားနေကြ၊ ဘော်လန်တီယာ စစ်ပြန်အိုကြီး တဦးက သမ္မတကြီး ၏ထုပ္ပတ်ကို ရှင်းပြနေသည်ကို နားထောင်နေကြသူတွေကလည်း မနည်း။

ကျောဘက်နံရံက လင်ကွန်း၏မိန့်ခွန်းကို ဖတ်နေရင်း ကိုယ်သတိပြုလိုက်မိပြန်တာက သည်အဆောက်အဦကို Temple ဟု သုံးနှုန်းထားခြင်းပင်၊ အော် ..သူတို့တကယ် အလေးအမြတ်ထားကြပါလား….။

“မစ္စတာ လင်ကွန်း ခင်ဗျားဟာ တချိန်က ကျုပ်တို့အိမ်ခြံစည်းရိုးကို ကာပေးရတဲ့သူလေ” ဆီနိတ်တာဘ၀၊ ပြိုင် ဘက်တဦး၏ နှိမ်ချသည့် “ငယ်နာ”ဖေါ်မှုကိုပင် “ဟုတ်တယ်လေ .. အဲဒါ  ခုထိ ခိုင်တယ် မဟုတ်လား” ဟု ဂုဏ် ယူရဲသည့်သူ၊ ဖျပ်ကနဲ ပေါ်လာသော သည်အကြောင်းလေးက စပြီး၊ စာမတတ်သူဘ၀၊ ဈေးဆိုင်အကူ၊ စာပို့သမား စသည်မှ ရှေ့နေ၊ ဆီနိတ်တာ၊ သမ္မတ၊ တစ တစ မြင့်မားသွားသော သူ့အကြောင်းများ၊ ပြည်တွင်း စစ်ကို အေးစေခဲ့သူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပြစ်သူ …. ထိုကြီးမြတ်မှုတွေက ခုလို … ဒေါက်တာသြသဓပြော သလို သံဝေဇနိယ ဋ္ဌာနအဖြစ် အမေရိကန်တွေ တကူးတက လာရောက်ဂါရ၀ပြု … အို အမေရိကန်တွေမှ မဟုတ်ပါဘူးလေ….။

“ကဲ သုံးပါးလုံးပါအောင် ရိုက်မယ်၊ ရန်အောင်လင်း မင်းရိုက်ပေး” ရှင်သြသဓက ခရီးစဉ်အဆင်ပြေဖို့ ဂိုက်၊ ဒရိုင်ဘာ အဖြစ် ကူညီရန် ခေါ်လာသော သူ့ဒကာလေးကို ကင်မရာမင်း ခန့်လိုက်ပြန်သည်။

ပြီးတော့ အေးအေးလူလူ ကိုယ်တို့နားကြသည်၊ ကိုယ်တို့တူရူ မျက်နှာမူရာဆီမှာတော့ လွတ်လပ်ရေး ကျောက်တိုင်ကြီးနှင့် ကပ်ပီတယ် အဆောက်အဦးကြီးက တဖြောင့်တည်း တန်းလျက်၊ ၀န်းကျင်တ၀ိုက် ဘယ်နေရာက ကြည့်စေ၊ ကျောက်တိုင်ကြီး မြင်နေရအောင် အကွက်ချထားသည့် စိတ်ကူးကလည်း အံ့ဖွယ်ပင်။

လွှတ်တော်ကြီးကလည်း ခန့်ငြား ခန်းနားပါပေစွ၊ သည်လွှတ်တော်ကြီးသည် တိုင်းပြည်၏ ဒီမိုကရေစီ ယန္တရားကြီးကို မောင်းနှင်ရာပင်။ သည်ခရီး၏ အဦးဆုံး ထိုနေရာသို့ ရောက်ခဲ့ပြီ၊ အနားသို့သာ ရောက်ခဲ့သည်၊ အတွင်းသို့ ၀င်ခွင့်မရတော့၊ ယခင်ကဆိုလျှင် အတွင်းသို့ ဘယ်သူမဆို ၀င်ရောက်လေ့လာနိုင်သည်တဲ့၊ ဆီနိတ်တာတွေ ထိုင်သည့် နေရာတွေမှာ ထိုင်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်နိုင်သတဲ့၊ ယခုတော့မူ ….။

9/11 ဖြစ်ပြီးကတည်းက ထိုအခွင့်အရေး ဆုံးရှုံးသွားတော့သည်၊ အများဆိုင်အခွင့်အရေးကောင်းသည်  အလွဲသုံးစား လုပ်သူတွေကြောင့် ဆုံးရှုံးရပါကလား….။

“ကိုင်း … အိမ်ဖြူတော်ဘက် ဆက်ကြဦးစို့” လှုံ့ဆော်သံနှင့်လှုပ်ရှားမှုတပြိုင်နက်ပြုလိုက်သူ အရှင်သြသဓ ကြောင့် ကိုယ်တို့တတွေ ထလိုက်ကြသည်။

လူနေသော အိမ်တဆောင်ကိုပင် ခုလို တကူးတက သွားရောက်ကြည့်ကြသည်ဆိုတော့… ဋ္ဌာနဆိုတာ ဋ္ဌာနီပေါ်မှီပြီး ဂုဏ်တက်မြဲမဟုတ်လား၊ အိမ်ဆိုတဲ့ဋ္ဌာနပေါ်မှာ နေထိုင်သူက သိက္ခာမရှိ၊ ဂုဏ်မဲ့ဆိုလျင်….။

ခု အိမ်ဖြူတော်ကမူ “ရုပ်ထု ထုလုပ်ခံ ဒီသမ္မတကြီးတွေလို ပြည်သူက တင်မြှောက်တဲ့၊ ပြည်သူက ယုံကြည် တဲ့၊ ပြည်သူကို လေးမြတ်တဲ့၊ လူကြီးလူကောင်းတွေ စံရာဆိုတော့ …။

ဗုဒ္ဓဘာသာဝင်တွေ အတွက် ဖွား၊ ပွင့်၊ ဟော၊ စံ ရာလေးဋ္ဌာနကို  ဥာဏ်နှင့်ယှဉ်သော သတိ ဆိုသည့် “သံဝေဂ”ဖြစ်ရာ ဖူးရောက်သင့်သော ဋ္ဌာနများအဖြစ် မဟာပရိနိဗ္ဗာနသုတ်မှာ ဟောတော်မူခဲ့သလို၊

အမေရိကန်တွေအတွက်လည်း… သည်နေရာတွေဟာ အားကျ အတုယူ၊ ဂုဏ်ပြုဖွယ်တွေပေါ့၊ ကိုယ်တို့မြန်မာ ပြည်ဖွားတွေအတွက်ကော … ဟူး …. နံရံပေါ်… ငွေစက္ကူတွေပေါ်မှပင် ပယ်ရှားခံရခဲ့၊ လေးပင်သော အတွေး နှင့်ပင် ရုံးပိတ်ရက် ဖြစ်၍ ဆိတ်ငြိမ်နေသော ခန့်ငြားသည့် ရုံးအဆောက်အဦးကြီးများ စုဝေးရာ လမ်းထဲကို ၀င်ခဲ့ ကြသည်။

“ဒါ အိမ်ဖြူတော်ရဲ့ မြောက်ဘက်မျက်နှာလေ”

ရန်အောင်လင်းက လမ်းကို ချိုးကွေ့ရင်း ဆိုလိုက်သည်၊ သူ့နောက်ကို အကွေ့မှာတော့ လူစု လူဝေးကို လှမ်းတွေ့ရပြီ၊ နေနည်းသွားပြီမို့ ပြန်သူတို့သာ ဖွဲဖွဲ၊ လာသူတို့က ကျဲပြီ၊

အနားရောက်တော့ သံပန်း သံဝင်းမြင့်မြင့်ကာထားသော အိမ်ဖြူတော်ကို လှမ်းတွေ့ရသည်၊ ရိုးရိုးနှင့်ခန့်၍ သန့်သန့်နှင့် ထင်းသော ပိသုကာလက်ရာပင်၊ တ၀ိုက်တွင်တော့ ပရိသတ်က ဥရောပ၊ အာရှ၊ အာဖရိက လူမျိုးစုံပင်၊ အိမ်ဖြူတော် နောက်ခံနှင့် ဓာတ်ပုံရိုက်ကြသည်မှာ တဖျပ်ဖျပ်၊ ကိုယ်တို့တတွေ ဓာတ်ပုံရိုက်ကြတော့လည်း ဥရောပသူ သုံးယောက်က အတူရိုက်ဖို့ ဆိုလာ၍ ခွင့်ပြ ရသည်၊  အဲဒီက စပြီး တဖွဲ့ပြီး တဖွဲ့၊ ကိုယ်တို့နှင့် အမှတ်တရ ရိုက်ဖြစ်ကြသည်။

“အရှေ့ကို မသွားတော့ဘူး၊ ဘယ်ဘက်ကကြည့်ကြည့် အတူတူဘဲ”

အရှင်သြသဓ ပြောပြီး တဆက်တည်း

“ဘုန်းကြီးကံ ဟိုမှာ ”

သူညွှန်ပြရာကြည့်လိုက်တော့ တဘက်ပလက်ဖောင်းမှာ ဆိုင်းဘုတ်တွေ ဆွဲထားသည့် ဖျင်တဲအိုလေး တခု၊ တဲဝတွင် ဆိုင်ဘုတ်တခု ဆွဲကာ ရပ်နေသည့် အဖွားအို တယောက်၊ 

“သူ ဆန္ဒပြနေတာလေ၊ ပတ်သက်နေသည့် စစ်ပွဲတွေရပ်ဖို့၊ မတရားမှုတွေ ပျောက်အောင် ဆောင်ရွက်ဖို့၊ သမ္မတကို တောင်းဆိုနေတာ” ကိုယ်အံ့သြသွားသည်၊ သမ္မတအိမ်နားမှာ ဆန္ဒပြနေသည်၊ တနေ့လည်းမဟုတ်၊ တလလည်းမဟုတ်၊ နှစ်ရှည်လများ ဆန္ဒပြနေသူ၊

တိုင်းပြည်ကို ဦးဆောင်သော၊ ကမ္ဘာကို စကားဆိုနိုင်သော သူ့သမ္မတကို သူတောင်းဆိုခွင့်ရှိသည်၊ ကန့်ကွက်ခွင့် ရှိသည်၊ ဆန္ဒပြခွင့်ရှိသည်၊ ဘာအန္တရာယ်မှမရှိ၊ ကိုယ်တို့မြေမှာတော့… ကိုယ့်ရင်သည် ကျင်ကနဲဖြစ်သွားသည်။

ထိုအဖွားရှိရာသို့ လှမ်းလိုက်သည်၊ “ဟလို” ဟုနှတ်ဆက်လိုက်ရင်း အဖွားကမ်းပေးသော လက်ကို ဆုပ်ကိုင် လိုက်မိသည်၊ ပြီး အရှင်သြသဓကို အမှတ်တရလေး ဓာတ်ပုံ ရိုက်ပေးရန် ပြောလိုက်သည်။

တချိန်ချိန်ကျလျှင် ဒီဓာတ်ပုံလေးကို ပြကာ ကိုယ်တို့မြေက တူသား နောင်မယ်လေးတွေကို ဒဏ္ဍာရီအဖြစ် ပြောပြရဦးမည်။

တကယ့် … သမိုင်းကိုတော့မူ ၁၉၉၀ ခု တ၀ိုက်က ဒေါ်အောင်ဆန်းစုကြည်ကို အမှူးထားကာ ကထိန်သင်္ကန်း အတွက် အလှူငွေ ငါးကျပ် လှူဒါန်းမိ၍ ထောင် တနှစ်ကျခံရရှာသော အဖွားနှင့် ထိုကောင်းမှုကို  နိဗ္ဗာန်ဆော်မိ၍ ထောင်ဒဏ် တနှစ်ခွဲ အကျခံရရှာသည့် အဖိုးအိုတို့က ပြောပြကြပေလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts