သတင်းပဒေသာ

SFBC Book Drive က မြန်မာပြည်က ကိုယ်ထူကိုယ်ထစာဖတ်ခန်းများအတွက် စာအုပ်လှူဒါန်း

မိုးမခအထောက်တော် ၀၀၂၊ မေ ၂၂၊ ၂၀၁၂

ဆန်ဖရန်ဘေးဧရိယာအခြေစိုက် မြန်မာမိသားစုများ၏ အားပေးကူညီမှုဖြင့် ဆောင်ရွက်နေသည့် San Francisco Burmese Community Book Drive က ၂၀၁၂ နှစ်ဦးပိုင်း စာအုပ်အလှူများအဖြစ် ရန်ကုန်မြို့ရှိ လူ့ဘောင်သစ်စာကြည့်ခန်း နှင့် ကချင်ပြည်နယ်ရှိ ပရဟိတစာသင်ကျောင်းတို့သို့ ကလေးစာအုပ်များ ပေးပို့လှူဒါန်းခဲ့သည်။

တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသည့် လူ့ဘောင်သစ်စာကြည့်တိုက်တွင် လိုအပ်နေသည့် ကလေးစာအုပ်များကို ၂၀၁၂ ဧပြီလတွင်၎င်း၊ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ပရဟိတစာသင်ကျောင်းက ကလေးများအတွက် ၂၀၁၂ မေလတွင်၎င်း စာအုပ် တသေတ္တာဆီ ပေးအပ်ခဲ့သည်ဟု ဆိုသည်။ 

ကချင်ပြည်နယ်က တိုင်းရင်းသားအမျိုးသမီးခေါင်းဆောင် တဦးဖြစ်သော ဒေါ်ဘောက်ဂျာက အဆိုပါကလေးစာအုပ်များကို လက်ခံရယူခဲ့သည်ကို တွေ့ရသည်။

လက်ရှိ ရောက်ရှိနေသည့် စာအုပ်သေတ္တာများထဲမှ နာရေးကူညီမှုအသင်း၏ သုခအလင်းစာအုပ်တိုက်သို့လည်း ထပ်မံပြီး လှူဒါန်းဦးမည်ဟု ဆိုသည်။ SFBC Book Drive ၏ လုပ်အားပေးတာဝန်ခံများအနက် ကိုကျော်သူရနှင့် ကိုဂျေစင်တို့က ဧပြီလက ဆန်ဖရန်စစ္စကိုတွင် နာရေးကူညီမှုအသင်းမှ ဦးကျော်သူ၊ ရွှေဇီးကွက်တို့နှင့် တွေ့ဆုံစဉ်က စာအုပ်လှူဒါန်းမှုအကြောင်း ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

SFBC Book Drive ကို လွန်ခဲ့သည့်နှစ် ဇူလိုင်လက စတင်ခဲ့ပြီး မြန်မာမိသားစုများနှင့် အမေရိကန်စာကြည့်တိုက်များထံက အသုံးမလိုတော့သည့် ကလေးစာအုပ်များကို အလှူခံစုဆောင်းပြီး မြန်မာပြည်သို့ တပေခွဲပတ်လည် စာအုပ်ပုံးများဖြင့် ပို့ဆောင်ခဲ့သည်။ အုပ်ရေ ၅၀ မှ ၇၀ ခန့်ရှိ စာအုပ်ပုံးများကို ပရဟိတစာဖတ်ခန်းများ၊ စာကြည့်တိုက်ငယ်များသို့ လိုက်လံပေးပို့ လှူဒါန်းခြင်းဖြစ်သည်။  နာရေးကူညီမှုအသင်းရန်ကုန်၏ သုခအလင်းစာကြည့်တိုက်၊ ရန်ကုန်မြို့ရှိ အလင်းသစ်ဦးတည်ရာ စာကြည့်ခန်း၊ တောင်ကြီး သိမ်တောင်ကျောင်းတိုက်ရှိ စာကြည့်တိုက်၊ မန္တလေး ပေပင်ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတို့ထံ ကလေးစာအုပ်များနှင့် အလှူခံရရှိသော အလှူငွေများ ၂၀၁၁ နှစ်အတွင်းမှာ ပေးပို့ နိုင်ခဲ့ပြီး ဖြစ်သည်။

http://sfbcbookdrive.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts